အပိုင်း - ၃၀ { ရူးသွပ်သောခံစားချက်များနှင့် သွေးစွန်းခဲ့သောညတစ်ည }

3.4K 756 65
                                    

အပိုင်း - ၃၀

{ ရူးသွပ်သော ခံစားချက်များနှင့်
သွေးစွန်းခဲ့သော ညတစ်ည }

🚫Trigger Warning: အနိဋ္ဌာရုံမြင်ကွင်း🚫

လမ်းသွယ်တစ်ခုထဲသို့ ချိုးကွေ့ဝင်ရောက်သွားသည်နှင့် မြင်းလှည်းမောင်းသူမှာ ထိုမြင်းလှည်းအား သိသိသာသာပင် အရှိန်လျှော့ပစ်လိုက်သည်။ ထိုစဥ် သူ့လည်ပင်းထက်တွင် အေးစက်သောအထိအတွေ့တစ်ခုကို ခံစားလိုက်ရသဖြင့် မြင်းလှည်းမောင်းသူမှာ အလွန်ထိတ်လန့်သွား၏။ အသွားထက်တွင် ရောင်ပြန်ဟပ်နေသော အေးစက်သည့်ဓားမြောင်တစ်ချောင်းက သူ့လည်တိုင်ထက်တွင် ရှိနေလျက်။ သူ့အနောက်ဘက်တွင်ရှိနေသောလူက တိုးညှင်းသောအသံဖြင့် အမိန့်ပေးလာ၏။

"မြင်းလှည်းကို ရပ်လိုက်"

မြင်းလှည်းမောင်းသူမှာ အကြောက်တရားများကြောင့် တုန်ယင်နေပြီဖြစ်ရာ ထိုစကားအား မလိုက်နာရဲဘဲ မနေခဲ့ပါချေ။ ထို့ကြောင့် မြင်းလှည်းကို သတိကြီးစွာထိန်းလိုက်ကာ လမ်းဘေးသို့ အမြန်ထိုးရပ်ပေးလိုက်၏။ အနောက်ဘက်ရှိလူက သူ့လည်ပင်းပေါ်တင်ထားသော ဓားမြှောင်ဖြင့်ပင် သူ့အရေပြားပေါ်တွင် စက်ဝိုင်းပုံအကွင်းလိုက်လေးဖြစ်အောင် ခပ်ပါးပါးလေး ရေးခြစ်နေခဲ့လို့၊ ထိုအခါမှာမှ စောနတုန်းက ယောက်ျားနှင့်မိန်းမကို သေချာမခွဲခြားနိုင်လောက်အောင် မူးရူးနေသော၊ ဝတ်ကောင်းစားလှဝတ်ဆင်ထားသည့်လုလင်ပျိုမှာ ယခုတော့ မူးယစ်နေသည့်အရိပ်အယောင် တစ်စက်မှမရှိတော့ကြောင်း တွေ့လိုက်ရပေသည်။ ထိုလုလင်ပျိုက ပြုံးရွှင်နေသောမျက်နှာထားနှင့်ပင် သူ့အား မြင်းလှည်းပေါ်မှ ကန်ချပစ်လို်က်သည်။ သို့သော် သူ ရုန်းကန်ထွက်ပြေးချိန်ပင် မရလိုက်သေးခင် အခြားလူရိပ်များစွာ ထွက်ပေါ်လာခဲ့ကာ သူ့ကို အတင်းဖမ်းချုပ်ထားကြပြီး ပါးစပ်ကို အဝတ်ဖြင့် ပိတ်ဆို့ထားလိုက်၏။

ကျင်ချီးက လက်ထဲရှိ ဓားမြှောင်အား ဆော့ကစားနေရင်း မြင်းလှည်းမောင်းသူအား အကဲခတ်သည့်အကြည့်မျိုးဖြင့် ကြည့်လာ၏။ ထို့နောက် ရဲမက်များဘက်လှည့်ကာ ပြောလိုက်သည်။

အရှင်ခုနစ် Where stories live. Discover now