အချပ်ပို

Start from the beginning
                                    

နောက်ဆုံးတော့ ဂျီမင်းကပဲ အနိုင်ရသွားခဲ့ပြီး တီမိုသီဟာလည်း မချုပ်ထိန်းနိုင်စွာပင် မျက်လုံးချင်းဆုံနေရင်းက ပြုံးလိုက်မိတော့သည်။ မိမိအပေါ်မှာ ဆိုးချင်တိုင်းဆိုးနေသည့် နှစ်ဆယ့်တစ်ရာစုက မင်းသားချောလေးကို ကြမ်းပြင်ပေါ် ပြန်ချပေးလိုက်တော့ မှန်ရှိရာကို ပြန်ပြေးသွားကာ သူ့ကိုယ်သူ အထပ်ထပ် စစ်ဆေးနေပြန်သည်။

"ရင်ဘတ်က အရမ်းပေါ်လွန်း‌မနေဘူးလား"

မှန်ထဲကပဲ တီမိုသီကို ကြည့်လိုက်ရင်းက မျက်ခုံးပင့်ပြလိုက်သည်။ အင်္ကျီကြယ်သီးလေး တစ်လုံးလောက် ဖြုတ်ထားလိုက်တာက ဘာများပိုစရာရှိလို့လဲ။ ဒီအတိုင်းလေးက ကြည့်‌ကောင်းနေတာပဲကို။ ရင်ဘတ်ကိုမြင်ရတာကလည်း အရမ်းကြီးမဟုတ်ဘဲနဲ့။

"ပိုလိုက်တာလို့ တွေးနေပြန်ပြီလား"

မိမိစိတ်ထဲက ပြောနေသမျှအကုန်လုံးကို ကြိုသိနေသလို အမှန်အကန်ကြီး ထုတ်ပြောလာသည့်အခါ ဂျီမင်းရဲ့မျက်တောင်လေးတွေက မူမမှန်စွာပင် ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။

"မဟုတ်ပါဘူး"

"မလိမ်တတ်ဘဲနဲ့ လိမ်နေပြန်ပြီ"

တီမိုသီက အနောက်ကနေ သူ့လည်ဂုတ်လေးကို မနာအောင် တစ်ချက်ဖျစ်ညှစ်လိုက်ရင်းက လူလိမ်လေးဟု ခပ်ဖွဖွဆိုလာသည်။

"အနွေးထည်‌တော့ဝတ်"

"အေးလို့လား"

"ကားစီးရဦးမှာလေ"

ပြောပြောဆိုဆိုပင် တီမိုသီက အခန်းထဲမှ ၎င်းထုတ်ယူလာခဲ့သည့် ဂျီမင်းအတွက် အနွေးထည်တစ်ထည်ကို ခုံပေါ်တင်ထားရာကနေ လှမ်းယူလိုက်သည်။ ထို့နောက် ကိုယ်တိုင်ဝတ်ပေးဖို့ ပြင်နေတာကြောင့် ဂျီမင်းက နှာခေါင်းရှုံ့လိုက်မိသည်။ လူကို ကလေးတစ်ယောက်လို ဆက်ဆံနေတာပဲ။

"သွားစို့"

"အင်း"

ခေါင်းငြိမ့်ပြလိုက်ပြီး ကမ်းပေးလာသည့် တီမိုသီရဲ့လက်ကို တွဲလိုက်သည်။ သေချာကြည့်မှ တီမိုသီရဲ့လက်မောင်းကြီးတွေက ကြွက်သားတွေနဲ့ တောင့်တင်းလို့နေကာ အရင်ကထက် ပိုပြီးတောင် ကြီးလာသလိုပဲ။

#000080Where stories live. Discover now