အပိုင်း (၁၃)
|Unicode Version|
-သုညကမ္ဘာ၏ပထမအခြမ်း-
တီမိုသီမရှိသည့် အိမ်ကလေးက ဂျီမင်းအတွက် အနည်းငယ်တော့ ပျင်းစရာကောင်းနေခဲ့သည်။ ပါစတာဆိုင်လေးကိုလည်း ဂရုမစိုက်နိုင်သလို လူတွေနှင့် ဝေးရာကိုပဲ ထွက်ပြေးနေမိခဲ့သည်။
တော်သေးတာက ချာချာရှိနေလို့ပေါ့။ တီမိုသီမွေးထားသည့် ခွေးကလေးချာချာက ဂျီမင်းအတွက်တော့ စိတ်ချယုံကြည်ရဆုံး သူငယ်ချင်းလိုပဲ။ ဝေလီဝေလင်း မနက်ဖက်တွေမှာ ချာချာကိုထိန်းလျက် လီလာ့အတွက် စာတစ်စောင်ချန်ကာ ထွက်လာခဲ့သည်။
လမ်းကလေးပေါ်မှာ လှုပ်ရှားသွားလာနေသူဆိုလို့ ဂျီမင်းရယ် ခွေးကလေးချာချာရယ်သာရှိသည်။ ကြောက်လားမေးရင်တော့ မကြောက်မိ။ ချာချာက တီမိုသီကိုယ်တိုင် အကောင်းဆုံးထိန်းကျောင်းလာခဲ့တဲ့ ခွေးကလေးဖြစ်တာမို့ တော်ရုံအန္တရာယ်လောက်ကတော့ ထည့်တွက်စရာမလိုမှန်း ဂျီမင်းယုံကြည်တာမို့ပင်။
"ဘရီယန်!"
ဂိတ်ပေါက်ကိုရောက်တော့ ထုံးစံအတိုင်း အစောင့်လူငယ်လေးက အပြေးအလွှားနှုတ်ဆက်လာသည်။ ဂျီမင်းသည် သူ၏မူပိုင်အပြုံးတို့ဖြင့် ၎င်းတပ်သားလေးကို ပြန်နှုတ်ဆက်လိုက်သည်။
"မနက်စာ စားနေတာလား?"
ဂိတ်တဲလေးထဲက စားစရာတွေကြောင့် မေးခွန်းထုတ်လိုက်မိသည်။ ဂိတ်စောင့်လေးက ထိုသို့ပြန်ဖြေသည်။
"ဟုတ်. . .ဟုတ်တယ်။ ဘရီယန်ရော စားပြီးပြီလား?"
"အင်း ပြီးခဲ့ပြီ"
ထုံးစံအတိုင်း ဂိတ်တဲလေးထဲဝင်ကာ ခဏတဖြုတ်လောက် ထိုင်ခုံတန်းလေးပေါ်မှာ ဝင်ထိုင်လိုက်သည်။ အလိုက်သိတတ်သည့် ချာချာက ဂျီမင်းရဲ့ ခြေထောက်ဘေးနားလေးမှာပဲ ဝပ်ကာ အညောင်းဆန့်လို့နေသည်။
ခြေထောက်ဆာနေသည့် အစောင့်လေးသည်လည်း ဂျီမင်းနည်းတူပင် တဖက်ခုံတန်းမှာ ဝင်ထိုင်သည်။