အပိုင်း ၁၂
|Unicode Version|
-သုညကမ္ဘာ၏ပထမအခြမ်း-
လိမ္မော်ရောင်သန်းနေသည့် ကောင်းကင်ပြင်မှာ တိမ်တိုက်များက အလျှံအပယ်နေရာယူထားသည်။
ဂျီမင်းသည် အိမ်ကလေးရဲ့ရှေ့တွင် ခွေးကလေးချာချာကို အဖော်ပြုကာ ထိုင်နေရင်းမှ မြေလမ်းကလေးဆီကို မကြာခဏဆိုသလို ဝေ့ကြည့်နေမိသည်။
လေယာဉ်ကွင်းဆီသို့ အလာတုန်းကတော့ တီမိုသီနှင့်အတူဆိုပေမဲ့ အပြန်တွင်တော့ အက်ဒရစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ အပြန်ခရီးတွင် တီမိုသီ့အား နှုတ်မဆက်ခဲ့ရသည်မို့ ထိုအခြင်းအရာနှင့်ပတ်သတ်၍ သူ တမင်တတကာလုပ်တာမဟုတ်ကြောင်း အကျိုးအကြောင်းပြောပြဖို့ ရောက်ကတည်းက ထိုင်စောင့်နေခဲ့သည်။
သို့သော် နေကွယ်တော့မည်တိုင် တီမိုသီရဲ့ဂျစ်ကားကလေးကို မမြင်ရသေးပါ။ နဂိုကတည်းက မပြေလည်ခဲ့သည့် ဆက်ဆံရေးတစ်ခုကို သူ့ကြောင့်နဲ့ပိုဆိုးဝါးသွားစေမှာမျိုး ဂျီမင်းစိုးရိမ်ပါသည်။
"သူ ပြန်မလာတော့ဘူးလား?"
ချာချာသည် ဂျီမင်းရဲ့ဘေးမှာ ငုတ်တုတ်ကလေးထိုင်လျက် ၎င်းသည်လည်း သခင်ရှိရာကို မျှော်ငေးနေပုံပေါ်ပါသည်။ ဂျီမင်းက တစ်ချက်ပြုံးလိုက်ရင်း ချာချာရဲ့ဦးခေါင်းမှ အမွေးပွပွလေးများကို ပွတ်သပ်ပေးလိုက်သည်။
အချိန်တွေကား တရွေ့ရွေ့ဖြင့် ကုန်ဆုံးသွားခဲ့သည်။ ဝန်းကျင်တစ်ခုလုံး မှောင်လာသည့်တိုင် မျှော်နေသည့် ဂျစ်ကားစိမ်းလေးကတော့ သူ့ဆန္ဒတွေပြည့်သွားအောင် ပြန်ရောက်မလာခဲ့။
"ကဲ ချာချာ အထဲဝင်ကြစို့"
အဆုံးတွင်တော့ လက်လျှော့လိုက်ကာ အိမ်တံခါးလေးကို ပိတ်ပြီး ချာချာနှင့်အတူ အိမ်အတွင်းဝင်ဖို့ပြင်လိုက်တော့သည်။ နောက်ဆုံးအနေနှင့် မျှော်ကြည့်မိလိုက်တဲ့ မြေလမ်းကလေးကတော့ ဓာတ်မီးတိုင်ပျပျအောက်မှာ တိတ်ဆိတ်နေဆဲပင်။