အပိုင်း (၂၃)
နေဗီပြာကမ္ဘာကို နှုတ်ဆက်ခြင်း
နွေးနေခြည်နုနုဟာ အိမ်၀န်းကလေးထဲသို့ အတားအဆီးမဲ့စွာပင် လွတ်လွတ်လပ်လပ် ဖြာကျလျက်ရှိသည်။ ဒီနေ့ ဂျီမင်းတစ်ယောက် စောစောစီးစီးပင် အိပ်ရာနိုးနေကာ နိုးနိုးချင်း ရင်ခုန်စိတ်လှုပ်ရှားစွာပင် ပြုံးလိုက်မိသည်။
အိပ်ရာထက်မှာ ဂဏှာမငြိမ်ဘဲ လှုပ်စိလှုပ်စိဖြစ်နေတဲ့ ဂျီမင်းကြောင့် အိပ်ရေးဆတ်တဲ့ တီမိုသီတစ်ယောက် လူးလူးလွန့်လွန့်နဲ့ပဲ နိုးသွားရသည်။
"အစောကြီး နိုးနေတာလား"
"အင်း ရင်ခုန်နေလို့"
တီမိုသီသည် ကောင်းစွာ မျက်လုံးမပွင့်သေးသည့်တိုင် အမှန်တကယ် စိတ်လှုပ်ရှားနေသည့် ဂျီမင်းကြောင့် ရယ်လိုက်မိသည်။ ထို့နောက် မပြောမဆိုပင် ဂျီမင်းအား ရင်ခွင်ထဲ ဆွဲသွင်းကာ ခေါင်းလုံးလုံးလေးအား တစ်ချက်နမ်းလိုက်သည်။
"အိပ်ပါဦး"
"ငါ အိပ်မရတော့ဘူး။ ဘယ်လိုလုပ်မလဲ"
ရင်ခွင်ထဲကနေ လှုပ်စိလှုပ်စိဖြစ်နေသည့် လူသားလေးကို နဂိုထက် နှစ်ဆလောက်မြှင့်ကာ သိမ်းကျုံးပြီး အားရပါးရပင် ဖက်ပစ်လိုက်သည်။
"လွှတ်ဦး။ ငါ သေတော့မယ် တီမိုသီ"
အတင်းအကျပ်ဖက်လိုက်တော့ ရုန်းထွက်လာတာမို့ ခိုးပြုံးလိုက်ပြီး အင်နဲ့အားနဲ့ ထွေးဖက်ထားသည့် လက်တွေကို စိတ်ချမ်းသာသွားအောင် အသာဖြေလျော့ပေးလိုက်သည်။
တီမိုသီရဲ့လက်တွေထဲက လွတ်မြောက်သွားသည့် ဂျီမင်းက ခေါင်းထက်တွင် အနည်းငယ် ပွစတက်နေသည့် ဆံပင်နက်နက်လေးများနှင့်အတူ ကုန်းရုန်းထလိုက်ပြီး ငုတ်တုတ်ထထိုင်သည်။ ထို့နောက် လဲလျောင်းနေဆဲဖြစ်သည့် တီမိုသီ့ကိုယ်ပေါ်ကနေ ကျော်ခွကာ ကုတင်အောက်ကို ဆင်းသွားသည်။
"တီမိုသီ အပြင်မှာ မိုးလင်းနေပြီ"
ပြတင်းတံခါးဆီက လိုက်ကာတွေကို ခွာကြည့်ပြီးနောက် ပြန်အိပ်ဖို့ပြင်နေသည့် တီမိုသီအား လှည့်ပြောလာသည်။