ချလပ်!
"စန္ဒာဇော်ဝင်း!"
ဂစ်တာကိုပိုက်ထားပြီး အလုပ်ရှုပ်နေသူဘက်ငေးနေရာက ကျွန်တော့်မြင်ကွင်းလင်းလက်သွားတာမို့ မော့ကြည့်လိုက်တော့ ဖုန်းကိုင်ပြီး ပြုံးစစလုပ်နေသည့် စန္ဒာဇော်ဝင်း။
"အဲ့ဒါ နင့်လူပါဟာ။ အဲ့လောက်ကြီး ငေးမနေနဲ့။ အိမ်ထောင်ကျသွားတာချင်းအတူတူကို သူ့ကျမှ အကဲပို"
ညနေ နေကျခါနီးဖြစ်လို့ သစ်ရွက်တွေကိုဖြတ်လာတဲ့အပူဓါတ်က အအေးဓါတ်အနည်းငယ်ရောသည်။ နွမ်းနေတဲ့နေမင်းရောင်က လိမ္မော်ရောင်ဖျော့ဖျော့။ သောက်စရာတွေသယ်ထုတ် စီချပေးပြီး အနားက ကျောက်တုံးပေါ်အမောပန်းဖြေနေတုန်း စန္ဒာဇော်ဝင်း လာနှောက်ခြင်းပင်။
"သူ သင်္ဘောမတက်ခင်လေး ငေးလို့ရသလောက်ပေါ့"
ကျွန်တော်အပြုံးနဲ့ပြောတာဖြစ်ပေမယ့် စန္ဒာဇော်ဝင်းက အားနာသွားပုံရသည်။
"အေး...ဆောရီးဟာ။ သူ့အရည်အချင်းနဲ့ဆို သင်္ဘောမလိုက်လည်း တခြားအလုပ်တွေအများကြီးကို။ နင် ဖျောင်းဖျကြည့်ပါလား"
"အလုပ်ကပေါတယ်။ ဝါသနာနဲ့ ထပ်တူကျဖို့ခက်တယ် စန္ဒာ။ အနေဝေးလည်း စိတ်ချင်းမဝေးဖို့က အဓိကပါ"
တစ်သက်လုံး စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားခဲ့တဲ့ သူ့ရဲ့ပင်လယ်ခရီးကို ကျွန်တော် မဖျက်ဆီးပစ်နိုင်။ လွမ်းနေရမှာ တစ်ကဏ္ဍဖြစ်ပေမယ့် သူ ရည်ရွယ်ရာခရီးပြည့်စုံအောင်မြင်အောင် ပါရမီဖြည့်ပေးချင်တာလည်း ကျွန်တော့်ဘဝရဲ့အရေးကြီးဆုံးအစိတ်အပိုင်းပင်။ ယောက်ျားလေးနှစ်ယောက်တည်ဆောက်ထားတဲ့ဘဝမို့ အချိန်ပြည့် မခွဲမခွာနေဖို့ မဖြစ်နိုင်မှန်း သူရော ကျွန်တော်ပါ သိနားလည်ထားပြီးသား။
စန္ဒာဇော်ဝင်းပုံစံက ထပ်ပြောချင်တာတွေကို မြိုချလိုက်ရပုံပေါက်သွားပေမယ့် ဘာပြောချင်မှန်း ကျွန်တော်သိနေသည်။
ဆယ်စုနှစ်ရဲ့ကာလတစ်ဝက်ကျော် ဖြတ်သန်းခဲ့ရသည့်ရည်စားသက်တမ်း။ သူ ကျွန်တော့်အပေါ် ဘယ်လောက်ထိ ထိန်းချုပ်စည်းစောင့်နိုင်သလဲ။ ကျွန်တော့် မိသားစုတွေရှေ့မှာပါ ကျွန်တော် မရှက်မရွံ့ပြောနိုင်တဲ့အထိ သူ့စိတ်ထားမြင့်မြတ်တည်ကြည်ခဲ့ပုံ။ သစ္စာတွေ၊ မေတ္တာတွေလို့ပြောရင် ဒီလောကမှာ မြင်တွေ့ရဖို့ခက်တဲ့ ရှားပါးမျိုးစိတ်ဗီဇတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကျွန်တော်ချစ်ရသူ။ ယုံလားလို့မေးစရာမလိုအောင် ကျွန်တော့်အတွေးထဲအထိ သံသယကင်းနေစေဖို့ သူ့အချစ်တွေအကုန်လုံး ကျွန်တော့်ထံပုံအပ်ထားပြီးသား။
Everlasting
Bắt đầu từ đầu