One

49K 4K 742
                                    

နေ​ရောင်ခြည်၊ အဝါ​ရောင်၊ အ​နွေးဓါတ်၊ နံနက်ခင်း...သဘာဝက ပုံမှန်အတိုင်း သူ့စက်ဝန်းနဲ့သူ နိုးထလာတာဖြစ်​ပေမယ့် ကျွန်​တော့် မျက်​တောင်တစ်ချက်အခတ်၊ အသက်တစ်ချက်ရှိုက်ခြင်းက ပန်းဝတ်ရည်​​တွေလျှံ​နေတဲ့ ပျားရည်အိုင်ထဲကနိုးထလာရသလို ကြည်နူးပီတိ​​ဝ​​နေတဲ့ နှလုံးသားနဲ့ဖြစ်၏။ ဝတ်မှုန်စားသုံးထားတဲ့လိပ်ပြာ​တွေလို ကျွန်​တော့်စိတ်​ရောကိုယ်ပါ ချိုမြိန်ခြင်းများနှင့် လန်းဆန်း​နေတာမျိုး။

ကျွန်​တော့်ခါးမှာ​ရောက်​နေတာ မ​နေ့ည​က ကျွန်​တော်ကိုင်ထားခဲ့တဲ့ မန်ကျည်း​စေ့​ရောင်ကွက်စိပ်ပုဆိုး။ ကပိုကရိုနဲ့ ဝတ်​ပေးထားခံရတဲ့ ရှပ်အင်္ကျီ​ဟပြဲအောက်မှာ ချစ်သူခြယ်တဲ့​ဆေးစက်​တွေက ကျွန်​တော့်ရင်ဘတ်အနှံ့အပြား အ​ရောင်ရင့်ရင့်နဲ့ရဲ​စွေး​နေကြ၏။ ​ကျွန်​တော့်မျက်နှာပူတက်သွားတာ အိပ်ခန်းထဲ နယ်ချဲ့လာတဲ့​နေအပူရှိန်​ကြောင့်မဟုတ်။ သေချာတယ် ​ဆေးနက်နက်နဲ့ထိုးထွင်းပုံ​ဖော်ထားတဲ့ ကျွန်​တော့်ဂုတ်သား​ပေါ်က စာလုံး​တွေလည်း အနီ​ရောင်​တွေ စွန်း​နေ​လိမ့်မည်။

နှလုံးသားထဲက တွန်းကန်ထွက်လာတဲ့ချိုမြန်ခြင်းက ကျွန်​တော့်နှုတ်ခမ်း​တွေရဲ့တည်တင်းမှုကို တိုက်စားပစ်သည်။ ကျွန်​တော် ရယ်မိ၏။ ​နေ​ရောင်ခြည်​ကြောင့် ပွင့်လန်းသွားတဲ့ ​နေကြာ​တွေရဲ့ ပြုံးခြင်းမျိုးနဲ့။ ချိုမြိန်မှု​တွေ ပြည့်လျှံကျ​နေတဲ့နှလုံးသားနဲ့။ ပျော်ရွှင်​နေ​တဲ့နှလုံးသား​က လေးလံ​နေတဲ့ ခန္ဓာကိုယ်အတွက် ​ဖြေ​ဆေးလို။

အိပ်ခန်းတံခါးလှပ်သွားတာကို မျက်လုံး​ထောင့်ကဖမ်းမိပေမယ့် ကျွန်​တော့်တစ်ကိုယ်လုံးကို ​စောင်​အောက်ဖုံးကွယ်ချိန်မရလိုက်။

"အစ်ကို..."

ရင်ဘတ်တစ်ဝက်ထိတင်ထားမိတဲ့​စောင်က ကျွန်​တော်လက်ထဲကျစ်ကျစ်ပါသည်။ ​ပျော်တာကတခြား မျက်နှာပူတာက သီးသန့်နဲ့ အခန်းထဲဝင်လာသူရဲ့မျက်နှာကို​ ​ရှောင်လွှဲမိ၏။

"ကျွန်​တော် အခုပဲလာနှိုး​တော့မလို့။ ​နေလို့​ကောင်းရဲ့လား။ ဘယ်လို​နေလဲ။ ကျွန်​တော့်ကို ကြည့်ပါဦး အစ်ကိုရဲ့"

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now