Epi_8

33K 4.2K 718
                                    

"ရှုံးသွားပေမယ့် ဒီနေ့ပွဲက တကယ်တန်တယ်။ လောင်းကြေးထပ်တောင်းချင်လည်း ရတယ်နော်။ မင်းလိုချင်တာဘာဖြစ်ဖြစ် ပေးချင်နေတာ"

ရှပ်အဖြူကော်လံစွန်းကို လာထိတဲ့ လက်ဖဝါးကို ကျွန်တော် ခပ်ပြင်းပြင်းရိုက်ချလိုက်မိသည်။ နီးကပ်ဖို့ တိုးလာချင်နေတဲ့ခြေလှမ်းတွေကို စူးစူးရဲရဲစိုက်ကြည့်မိ၏။

"ဘာမှ မလိုဘူး။ ကိုယ် ပြောထားတာသာမမေ့နဲ့"

လှည့်ထွက်လာတဲ့နောက်ပါးဆီမှာ ရယ်သံတစ်ချို့ ရစ်ဝဲကျန်သည်။ ထိကပါးရိကပါးရယ်သံထွက်နိုင်တဲ့ပါးစပ်တွေကို စိတ်ရှိတိုင်း ထိုးကြိတ်ပစ်လိုက်ချင်ပေမယ့် ကျွန်တော်တို့အဖွဲ့အင်အားနည်းသည်။ ရဲဘုန်းက အားကိုးရပေမယ့် ဖြိုးလေးကို ထည့်တွက်လို့မရ။ ပါလာတဲ့အညာသားဆိုတာလည်း ကလေးသာသာလေး။ ကျွန်တော် လှည့်ထွက်လာတာမြင်လို့ပြေးကပ်လာတဲ့ တစ်ကိုယ်လုံးမှာ အားမာန်ပြည့်တဲ့ မျက်ဝန်းတစ်စုံသာ ထင်ထင်ရှားရှားရှိသည်။ အပြင်မှာ မှောင်ရိပ်အတိဖုံးပြီး မီးတိုင်တွေ ထိန်လင်းနေ၏။

"ကျေးဇူး သားကြီး။ မင်းသာမရှိရင် ငါ တကယ်သေပြီကွာ"

လက်မောင်းတစ်ဖက်ကိုမှီတွယ်ထားတဲ့ ဖြိုးလေးလက်တစ်စုံကို အားနဲ့ဖယ်ထုတ်ပစ်ရသည်။ လေပူတွေကိုမှုတ်ထုတ်ပြီး ဆံပင်တွေကို အကြမ်းပတမ်းသပ်တင်မိ၏။ တစ်မနက်လုံး ပြေးလွှားခဲ့ရပြီး တစ်ဖက်ကတက်ကြွနေတဲ့ကောင်တွေကို အနိုင်ယူဖို့ စိတ်ရောလူရောနှစ်ခဲ့ရတာပင်။ ၈လကျော် ဝေးကွာနေတဲ့ ကျူတံကို ၄နာရီနီးပါး ကိုင်လိုက်ရတော့ လက်ချောင်းတွေပါ ကျဉ်ချင်နေသည်။

"အဲ့ကောင်တွေနဲ့ ထပ်မပတ်သက်နဲ့တော့ ဖြိုးလေးရာ။ မင်း ပေါက်ကရထပ်လုပ်ရင် ဒီတစ်ခါ ငါ တကယ်ဝင်မပါဘူး"

မြွေမြွေချင်း ခြေမြင်တယ်လို့ပဲ သုံးနှုန်းရမလား။ တစ်ဖက်က ကျောင်းသားခေါင်းဆောင်ရဲ့ ပိုင်စိုးပိုင်နင်းအကြည့်တွေကို ကျွန်တော် တကယ်မကြိုက်။ ဖြိုးလေးက ခေါင်းအခါခါညိတ်ပြပေမယ့် ယုံရတာတော့မဟုတ်။ မျက်နှာ ငယ်ချသွားတော့လည်း ကျွန်တော် မနေနိုင်။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now