သူ့ပါးနှစ်ဖက်ကို ကျွန်တော်ငုံ့နမ်းတော့ ကျေနပ်ပြုံးနဲ့။ ကျွန်တော့်နှုတ်ခမ်းကိုဖိကပ်လာတဲ့ နှုတ်ခမ်းပါးတို့က လက်ဖက်ရည်ကြောင့်အချိုကဲသည်။
အိမ်နေရင်း ရှပ်လက်တိုနဲ့ ပုဆိုးသာဝတ်တတ်သူရင်ခွင်က ပကာသနတွေကင်းပြီး အေးချမ်းတာမျိုး။ ဒီလိုအချိန်တွေ သူ့ကြောင့်ဖြစ်ရတဲ့ ရင်ခုန်သံက ရိုးရှင်းစွာ ငြိမ့်ညောင်း၏။
"သင်္ဘောပေါ်မှာ လက်ဖက်ရည်သောက်ချိန်ရောရှိရဲ့လား"
"ရှိတာပေါ့ အစ်ကိုရဲ့။ ထမင်းစားချိန်အပြင် မနက် ၁၀နာရီနဲ့ နေ့လယ် ၂နာရီမှာ tea time နှစ်ချိန် သပ်သပ်ရှိတယ်။ အဆာပြေစာ ကွက်ကီးတို့ ပေါင်မုန့်တို့လည်းပါတာပေါ့"
ရယ်လိုက်တာနဲ့ လွတ်လပ်သွားတဲ့ သွားစွယ်တွေက လှပတဲ့အပြုံးနဲ့ သူ့မျက်နှာကြောင့် နုနုငယ်ငယ်။ သူတစ်ယောက်က မဥ္ဇူသကနတ်ပန်းမှ ကြွေကျလာတဲ့ဝိဥာဥ်ကွဲလေလား။ စာကြည့်စားပွဲမှာတင်ထောင်ထားတဲ့ လွန်ခဲ့တဲ့ သုံးနှစ်ဓါတ်ပုံထဲကအတိုင်း သိသိသာသာပြောင်းလဲသွားတာမျိုးမရှိတဲ့ သူ့မျက်နှာကောက်ကြောင်းများ။
အဲ့တုန်းက အိုဆာကာချယ်ရီမြေပေါ်မှာ ကျွန်တော်စည်းပေးထားတဲ့ မာဖလာ သျှားညိုရောင်လေးနဲ့ ကျွန်တော့်ဘေးကပ်ရပ်လို့ တည်နေတဲ့သူ့မျက်နှာ။ တွဲထားမိတဲ့လက်တွေက တင်းကြပ်လို့။ ဓါတ်ပုံရိုက်တိုင်း ရှုတည်နေတတ်တဲ့ သူ့ဘေးမှာ ကျွန်တော့်နှုတ်ခမ်းတွေက လေးကိုင်တစ်ခုလို ကွေးညွှတ်တတ်နေကြခြင်း။ ကျွန်တော့်ကိုယ် ကျွန်တော်တောင် အံ့သြရလောက်တဲ့ထိ သူ့အချစ်တွေကြောင့် ကျွန်တော်ပျော်နေရသည့် ပုံရိပ်တွေ။ အဲ့ဒါ ကျွန်တော် ဂျပန်ရောက်ပြီး ဒုတိယနှစ်...။
****************************
Osaka, Japan.
ဒုတိယနှစ်မဟာတန်းရောက်မှ ထပ်တိုးလာသည့်လက်တွေ့ချိန်တွေ။ test တွေဆိုတာလည်း နေ့ရော၊ ညရော။ New Year နေ့မတိုင်ခင်ထိ ပြည့်ကျပ်နေတဲ့ အချိန်ဇယားတွေကြောင့် သူ လာမယ့်အကြောင်းပြောတဲ့နေ့က ကျွန်တော့်မှာ ဝမ်းသာတစ်ဝက်၊ ဝမ်းနည်းတစ်ဝက်။
Again
Start from the beginning