"ကိုယ်က မင်းဘေး အမြဲရှိနေမှာပဲလေ။ ကိုယ့်ကိုကိုယ် အရမ်းဖိအား မပေးနဲ့"
"ဖိအားမဟုတ်ဘဲ အင်အားတွေဖြစ်နေတာ အစ်ကို့ကြောင့်။ တကယ်တမ်း ဝါသနာပါတဲ့အလုပ်ဆိုပေမယ့် အမှတ်မထင်ကြုံရတဲ့ အလုပ်ခွင်အခက်အခဲတွေ၊ လူမျိုးခြားကတောက်ကဆတွေအကုန် အစ်ကို့စိတ်နဲ့ သည်းခံနိုင်တာ။ ကိုယ့်လောက်မှ အရည်အချင်းမရှိတဲ့ကောင်တွေက ရာထူးအားကိုးနဲ့ထောင်လွှားနေတာတွေလေ ပင်လယ်ထဲပစ်ချချင်တဲ့စိတ်တွေဖြစ်လာတိုင်း အစ်ကိုချစ်တဲ့ကောင်လေးက လိမ္မာရမယ်ဆိုတဲ့စိတ်နဲ့ ကျော်လွှားနိုင်ခဲ့တာချည်းပဲ"
တော်ရုံ မငြီးတွားတတ်သူမို့ ဒီလိုရင်ဖွင့်လာတော့ ကျွန်တော်အကြင်နာပိုရသည်။ သူ မပြောပေမယ့် ပတ်ဝန်းကျင်ရဲ့ ကြားဖူးနားဝနဲ့ ကျွန်တော်သိထားတဲ့ သူတို့လောကအခက်အခဲတွေ။ မိသားစုနဲ့ဝေးကွာနေပြီး အနေအစားဆင်းရဲစွာနဲ့ ရှာဖွေလာသမျှ။ သုံးနှစ်စာ သင်္ဘောတက်ပြီးစုဆောင်းထားတာတွေ ကျွန်တော့်အကောင့်ထဲလွှဲပေးတဲ့နေ့က ကျွန်တော် အိပ်လို့ပင်မပျော်။ ဒီအိမ်ဝယ်ဖို့လည်း သူပဲ မာမီ့ကို ပုံပေးထားခဲ့တာ။ ကျွန်တော်စိုက်ရတယ်ဆိုတာ သူ့တစ်ဝက်စာတောင်မရှိ။
နောက်သင်္ဘောတက်ရင်ရမယ့်လစာတွေအထိ ကျွန်တော့်နာမည်နဲ့လွှဲပြောင်းပေးခဲ့တာတွေရော။ "နှစ်ဖက်မိသားစု လိုအပ်တာမှန်သမျှနဲ့ ကျွန်တော်တို့အိမ်ထောင်အတွက် အစ်ကိုထိန်းသိမ်းစီစဥ်ပေးပါ" ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ။ လစာအပ်နေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ ကြည်နူးပီတိနဲ့ သူ့မျက်နှာ။ ကျွန်တော်မငြင်းရက်။ သူ့ကိုပြုစုပျိုးထောင်ပြီး ကျွန်တော့်ဆီ လိုလိုလားလားပို့ပေးခဲ့တဲ့ သူ့မိသားစုအတွက် ဂါမဏိ ပညာသင်စရိတ်ကိုတော့ ကျွန်တော်တို့ပဲ တာဝန်ယူဖြစ်သည်။
အပြင်ထွက်ခါနီးတိုင်း ကျွန်တော့်ဆီပြန်ပြီး လက်ဖြန့်တောင်းရတာကို သူသဘောကျတတ်သေး၏။ အမေက အဖေ့အတွက် လက်ဖက်ရည်ဖိုးပေးသလိုမျိုးတဲ့။ မြန်မာဆန်တဲ့ ကျွန်တော့်ချစ်သူ။ အရာရာ ကျွန်တော့်ကို ရှေ့တန်းတင်ထားပြီး ချစ်ပေးနေတဲ့ သူ့အတွက် ကျွန်တော့် စိတ်ရော ခန္ဓာပါ မဖြည့်စည်းပေးနိုင်စရာ ဘာရှိပါတော့မလဲ။
Again
Start from the beginning