"ကိုကို! အလုပ်ကပြန်လာတာလား"
သူ့အိမ်ရှေ့ မေ့မောရပ်နေမိတဲ့ကျွန်တော့်ကို အိမ်ထဲက ထွက်လာသူတစ်ဦးက သွက်လက်စွာနှုတ်ဆက်၏။
"အင်း...အပြင်သွားမလို့လား ညီလေးက"
"ဟုတ်တယ်။ ပုံဆွဲဖို့ စာရေးကိရိယာတွေ လိုနေတာနဲ့ ပလာဇာဘက်သွားလိုက်ဦးမယ်။ ကိုကို ဘာမှာဦးမလဲ"
"မှာစရာ မရှိပါဘူး"
"ဒါဆို ကျွန်တော်သွားလိုက်ဦးမယ်"
တိုက်ထောင့်မှာသော့ခတ်ထားတဲ့ စက်ဘီးကိုဆွဲထုတ်ထွက်သွားတဲ့ ဂါမဏိက ဇာမဏိနဲ့အတော်တူတယ် ပြောရမည်။ လွန်ခဲ့တဲ့ခြောက်နှစ် ညီမလေးတို့ကိစ္စနဲ့ ကျွန်တော် မကွေးလိုက်သွားတုန်းက ဂါမဏိ ရှစ်တန်း။ အခုတော့ နည်းပညာတက္ကသိုလ်က Civil major စတုတ္ထနှစ်ကျောင်းသားကြီးဖြစ်လို့ပင်။ ကျွန်တော်နဲ့တစ်ခါသာဆုံဖူးပေမယ့် ကျွန်တော် ဂျပန်ကရောက်ရောက်ခြင်း ပြန်တွေ့တော့လည်း 'ကိုကို' ခေါ်ပြီး စိမ်းသက်မနေ။ ပုခုံးကျယ်ကျယ်အရပ်ရှည်ရှည်နဲ့ ဂါမဏိက ဇာမဏိနဲ့မတူတာတော့ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းတာပင်။ အခုတော့ ဒီအခန်းလေးမှာ ရန်ကုန်မှာ တာဝန်ကျတဲ့ မြတ်ကျော်နဲ့ ဂါမဏိတို့နှစ်ယောက်သာ ကျန်ရစ်တော့သည်။ အဆောင်းတောင်မှ နယ်မှာပဲပြန်ပြီး တာဝန်ထမ်းဆောင်နေ၏။
"အန်ကယ်လ်သော် ပြန်လာပြီ မေမေရေ၊ ဖေဖေရေ၊ ဖွားဖွားရေ...အန်ကယ်လ်သော် ပြန်လာပြီ"
ရင်ခွင်ထဲပြေးဝင်လာတဲ့ လင်းလွန်းကို ပွေ့ဖက်မြှောက်တင်လိုက်တော့ ခြေထောက်နားရပ်နေတာက ၃နှစ်သားလေး သုခလျှံသော် ဖြစ်သည်။ ဆိုဖာပေါ်ထိုင်လိုက်ပြီး ပေါင်တစ်ဖက်တစ်ချက်စီမှာ အကြီးတစ်ယောက်၊ အငယ်တစ်ယောက်တင်ရ၏။ ကျွန်တော်ပြန်လာတယ်ဆိုတော့ မာမီကထွက်လာပေမယ့် ညီမလေးတို့ကို မမြင်ရသေး။ ကြည့်ရတာ အခန်းထဲမှာ ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်ခန်းလုပ်နေပုံရသည်။
"ထမင်းစားပြီးသွားပြီလား သားသား"
"စားပြီးပြီ။ သားက အန်ကယ်လ်သော်ကိုတောင် စောင့်နေသေးတာ။ ညီလေးဗိုက်ဆာနေမှာဆိုးလို့ စားလိုက်ရတာ။ သားက စားချင်သေးတာမဟုတ်ဘူး"
Epi_36
Start from the beginning