အင်အားမရှိတဲ့မြက်ခင်းနုနုတို့က ညကိုသိမ်းဖို့ကြိုးစားနေတဲ့အရှင်နှစ်ပါးကြောင့် အင်းလျားကန်စောင်းမှာ လူးလိမ့်နေရရှာသည်။ ဆီးနှင်းဝနေတဲ့ လေပြည်က ဆောင်းရဲ့လက်ပါးစေအဖြစ် ကျွန်တော်တို့နားဝေ့သီတိုက်ခိုက်နေသည်။
ရင်ထဲမှာ အခမ်းနားဆုံး မင်းမူနေသူရဲ့အနွေးဓါတ်နဲ့ ကျွန်တော်က ဆောင်းကိုပြက်ရယ်ပြုလိုက်သည်။ ဒီကမ္ဘာမှာ ကျွန်တော့်ကိုစိုးမိုးနိုင်တဲ့ တစ်ယောက်သောသူရဲ့အပြုံးက ကျွန်တော့်ဝဲဘက်ရင်အုံထဲ လွင့် လွင့်ကျလာ၏။ ပြုစားနေတာမဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင်လက်နက်ချထားတဲ့နယ်မြေမှာ သူ့အကြင်နာတွေ ကျွန်တော့်မျက်နှာအနှံ့ ပွင့်ဝေစေသူ။
"ဒီနှစ် EDM ပွဲမကြည့်ရတော့ အဆင်ပြေရဲ့လား"
ရင်ခွင်ထဲကနေ မော့ကြည့်လာတော့ နဖူးပေါ်ကျနေတဲ့ဆံပင်တွေကိုသပ်တင်ပေးမိ၏။ ဘေးတွေနောက်တွေကိုပါးထားပြီး တိုကပ်ကပ်ညှပ်ထားတဲ့သူ့ဆံပင်က သီးသန့်ပုံသွင်းစရာလည်းမလို။
"အဆင်ပြေတယ်။ EDM က နှစ်တိုင်းသွားဖူးတာပဲ။ ဒီနှစ်တော့ မင်းနဲ့ နှစ်ယောက်တည်းနေချင်တာ။ ချစ်တယ် ကိုယ့်ကောင်လေးရဲ့"
သူ့ပုံစံ သူ့အပြောတွေနဲ့ ကျွန်တော့်စကားဆုံးတော့ သူ့ရင်ခွင်ထဲကိုဆွဲချခံရတော့သည်။ လမင်းကရှက်ရှက်နဲ့ တိမ်တွေကြားထဲပြေးပုန်း၏။ ဆောင်းကအားငယ်စွာနဲ့ ကျွန်တော်တို့ကိုချန်ထားရစ်ခဲ့သည်။
"Happy one year anniversary အစ်ကို"
သူ့ပါးတွေကနေ ဆွဲယူပြီး လင်းလက်စွာတောက်ပနေတဲ့အပြုံးရှိရာနှုတ်ခမ်းတွေကို ကျွန်တော်စားသုံးပစ်လိုက်သည်။ ညက မာယာကြွယ်စွာနဲ့ ကျွန်တော့်ချစ်သူကိုချောင်းကြည့်တာကြောင့် ကျွန်တော်ကာကွယ်ပစ်လိုက်ခြင်းပင်။
သူ့ရှေ့မှာပဲ ဖွင့်ပြမိတဲ့ဘူးထဲက Dior တံဆိပ်နဲ့အညိုရောင်သားရေခေါက်ပိုက်ဆံအိတ်ကိုမြင်တော့ ကျွန်တော့်လက်တွေကိုထွေးဆုပ်လာသည်။
Epi_33
Start from the beginning