"ဆင်တူတက်တူးတွေထိုးခဲ့တော့ရော နားလည်မှုတွေရှိလာနိုင်တာမဟုတ်ပါဘူး။ ငါဖျက်ပစ်မှာသိလား"
"ဖျက်စရာမလိုပါဘူး။ ပိုလှတဲ့ပုံစံတစ်ခု အစားထိုးလိုက်ရင်ပြီးတာပဲ"
ဖြိုးလေးလက်က စန္ဒာဇော်ဝင်းလက်ကိုသွားဆုပ်ကိုင်သည်။ လေသံက ဖြိုးဘေးဆီက တစ်ကြိမ်မှမကြားဖူးခဲ့တဲ့ တည်ကြည်ခြင်းနဲ့။ ဒီကောင် ဘာတွေဖြစ်နေတာလဲ ကိုယ့်ကိုကိုယ်သိရဲ့လား။
"ငါ ဒီဇိုင်းဆွဲပြီး ငါ့ဦးလေးဆိုင်မှာ လိုက်လုပ်ပေးမယ် ငါကိုယ်တိုင်။ နင်မငိုနဲ့တော့"
အဲ့ဘက်အပိုင်းတွေကတော့ ဖြိုးလေးအကျွမ်းကျွင်ဆုံးပင်။ ဦးလေးတွေ၊ ဝမ်းကွဲအစ်ကိုတွေ အားလုံးက အသက်အရွယ်တစ်ခုရှိနေပေမယ့် လူငယ်တွေစိတ်ဝင်စားတဲ့နယ်ပယ်အစုံမှာ စီးပွားရေးချဲ့ထားနိုင်သူတွေ။ ဖြိုးလေးဆွဲပေးရင်တော့ ဒီဇိုင်းကအတော်လှလိမ့်မည်။ သူ့လက်မောင်းနဲ့ခြေထောက်တွေမှာထိုးထားတဲ့တက်တူးတွေဆို သူကိုယ်တိုင်ဆွဲတဲ့သူ့ဦးလေးလက်ရာတွေ။ အသက်ဝင်ကြွရွနေတဲ့ပုံတွေကြောင့် ကျွန်တော်တောင် တစ်ခါတစ်လေ သူတို့ studio ကိုသွားလည်ဖူးသည်။
"ဘာစားချင်လဲ။ ငါဝယ်ကျွေးမယ်"
ဖြိုးလေးမေးတော့ စန္ဒာဇော်ဝင်းကခေါင်းခါသည်။ ကျွန်တော် ward ထဲက ကလေးလူနာတွေနဲ့ နပန်းလုံးနေတည်းက စန္ဒာဇော်ဝင်းငိုနေခဲ့ပုံရသည်။ ဖြူတဲ့မျက်နှာမှာ မိတ်ကပ်လည်းမကျန်တော့။ နှာခေါင်းထိပ်ဖျားတွေရဲနေပြီး တကယ်ကိုသနားစဖွယ်။ ဖြိုးလေးတစ်ယောက် စန္ဒာဇော်ဝင်းကို အတော်ကရုဏာသက်နေပုံရသည်။ ရန်တွေဖြစ်ပြီး တိုးခဲ့ကြတဲ့သံယောဇဥ်တွေလား။
"နေသော်နဲ့ ရဲဘုန်းက ပြန်တော့မှာ။ သူတို့နဲ့လိုက်သွားပြီး တစ်ခုခုစားကြမယ်လေ။ မာလာရှမ်းကော ဘယ်လိုလဲ ။ နင်အရမ်းကြိုက်တာ"
တတွတ်တွတ်ချော့တဲ့ ဖြိုးလေးစကားတွေကြောင့် စန္ဒာဇော်ဝင်းမျက်ရည်တွေ ခြောက်သွေ့နေလေပြီ။ နောက်ဆုံး မာလာရှမ်းကောနဲ့သဘောတူညီညွတ်သွားကြ၏။
Epi_31
Start from the beginning