"ဘယ်သွားမလဲ သား"
ဒေါ်ဒေါ်မေသက်က စိုးရိမ်တကြီးတားသည်။
"သား ညီမလေးနောက်လိုက်သွားရမယ် ဒေါ်ဒေါ်"
"သားရယ်...အချိန်မတော်တော့ဘူး။ မနက်မှဖြစ်ဖြစ် သားမာမီကိုဖျောင်းဖျပြီး သွားပါ။ အခုချိန် သားသမီးဇောနဲ့ပူထူနေတော့ သူ့စိတ်သူတင်းထားတာပါ။ စိတ်ပြေသွားမှပြောရင် ရမှာပါသားရဲ့"
"မာမီ့ကိုစောင့်နေရင် ညီမလေးဆီရောက်ဖို့နောက်ကျနေလိမ့်မယ် ဒေါ်ဒေါ်ရဲ့။ သူရင်ဆိုင်ရမှာ ဘယ်လိုလူတွေမှန်းမသိဘဲ သား ထိုင်မနေနိုင်ဘူး။ မာမီ့ကို ကြည့်ထားပေးပါဦး။ ညီမလေးကိုခေါ်ပြီး သားပြန်လာခဲ့မယ်"
ကျွန်တော့်ရင်ထဲကအပူတွေကို ဒေါ်ဒေါ်မေသက်က နားလည်သလိုနဲ့ နောက်ဆုံးတော့လက်လွှတ်ပေးလာသည်။ လှေကားထစ်တွေကို နင်းလာရတဲ့ခြေလှမ်းတို့ကမြန်ဆန်ပေမယ့် ဒဏ်ရာမရဘဲ နာကျင်နေရခြင်း။ လှေကားအခြေမှာ ကျောပေးထိုင်နေသူက ကျွန်တော့်ခြေသံတွေကိုကြားပုံရပြီး မတ်တပ်ရပ်လှည့်ကြည့်လာသည်။
"ဒီမှာ ဘာလုပ်နေတာလဲ"
"အစ်ကို ထွက်လာဦးမယ်ထင်လို့။ အစ်ကိုက... ဘယ်သွားမလို့လဲ"
"ကိုယ် ညီမလေးနောက်လိုက်ရမယ် ဇာမဏိ"
"အစ်ကိုတစ်ယောက်တည်းလား"
"ဟုတ်တယ်"
"ဘယ်ဖြစ်မှာလဲ။ ဘယ်ကိုသွားရမယ်ဆိုတာ အစ်ကိုသိလို့လား။ မကွေးကိုရောက်ဖူးလို့လား"
"ကိုယ်မင်းကို လာမေးမလို့ပဲ။ ပြည့်လျှံအောင်ရဲ့ လိပ်စာသိတယ်မလား။ ကိုယ့်ကိုပေး။ ပြီးတော့ ကိုယ်ဘာကားစီးရမလဲ"
ကျွန်တော့်အသံတွေက မူမမှန်ပဲတုန်ယင်နေလိမ့်မည်။ ကျွန်တော်တို့စကားပြောနေတုန်း တစ်ဖက်တိုက်က အဆောင်းနဲ့မြတ်သူက ပြေးလာ၏။
"အဆင်ပြေကြရဲ့လား။ ဘယ်လိုလုပ်ကြမလဲဟင်"
"အဆောင်း ကြီးကြီးကိုသေချာပြောပြလိုက်။ ငါ မကွေးပြန်တက်ဦးမယ်။ မြတ်သူ ငါ့အိမ်ပြန်ရင်လွယ်တဲ့ကျောပိုးအိတ် ထုတ်ခဲ့ပေးစမ်းပါ"
Epi_27
Start bij het begin