အခန်း - ၁၅၇ - အဆက် { အိမ်ထောင်အသစ်တော့ မပြုသေးဘူးမလား }

7.6K 1.7K 508
                                    

ပထမတစ်ခေါက်တွင် မရှုမလှရှုံးနိမ့်သွားသည်အထိ တိုက်ခိုက်ခံခဲ့ရသဖြင့် သူပုန်တပ်က ယခုတော့ ပို၍များပြားသောအင်အားဖြင့် ချီတက်လာခဲ့ကြသည်။ ထို့ကြောင့် နှစ်ဖက်တပ်မှာ ပို၍ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြရ၏။ ချူယွမ်က မျှော်စင်အထက်သို့ တက်ရောက်လာသည်၊  တစ်ဖက်တွင်ရှိနေသည့် လျိုကျင်တာကိုလည်း တစ်ခဏအတွင်း မြင်သွားကာ၊ ချူယွမ်၏ မျက်ခုံးတန်းတို့က မသိမသာတွန့်ချိုးသွား၏။

"အခန်းထဲ ပြန်သွားနေချေ"

ယဲ့ကျင် ပြောလာခြင်းဖြစ်သည်။ ချူယွမ်က သူ့ပခုံးကို ပုတ်လိုက်ကာ ဆိုလာ၏။

"ကိုယ်တော်မြတ်က စစ်လာတိုက်တာပါ၊ ထမင်းပန်းကန်ချည်းပဲပိုက်ပြီး တစ်ချိန်လုံးစားသောက်နေလို့မရဘူး။ သေချာချင့်ချိန်ပါဦး"

ယဲ့ကျင်က ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ အရင်တစ်ခေါက် သုံးလိုက်သော မျက်နှာဖုံးကို ​ြပန်မကောက်ထားလိုက်ရသည်မှာ တော်တော်ဆိုး၏၊ အနည်းဆုံးတော့ ချူယွမ်မျက်နှာကို ဖုံးထားပေးနိုင်လေမည်။

ဟုတ်ပါသည်။ လျိုကျင်တာဘက်ကနေကြည့်လျှင်လည်း ချူယွမ်ကို တွေ့ရမည်ဖြစ်သည်။

ချူရှိန့်က ဘေးနားတွင်ရပ်နေကာ လျိုကျင်တာအား ပြောလာ၏။

"သွမ့်ပိုင်ယွဲ့ကို ငါ ရှင်းထုတ်ပေးထားလိုက်ပြီ။ မင်းဘက်က လူကို အပိုင်ခေါ်လာလို့ ရမလားမရဘူးလားဆိုတာ မင်းအပေါ်မှာပဲ မူတည်သွားပြီ"

လျိုကျင်တာက လက်အနည်းငယ်မြှောက်ပြလိုက်သည်၊ ထိုအခါ အချက်ပေးတံပိုးခရာသံများက နားအူလောက်အောင် ကျယ်လောင်စွာထွက်ပေါ်မြည်ဟီးလာပြီး နောက်တစ်ခေါက် ပြင်းထန်သောထိုးစစ်ကို ဆင်နွှဲလာ၏။ မိုးကောင်းကင်နှင့်ပြည့်လုမတတ် များပြားလှသော မြားတံများမှာ မိုးစက်များပမာ တဝှီးဝှီးအသံများပြုပြီး အချင်းချင်း ခုတ်သတ်နေကြသောလူများ၏ အသက်ဇီဝိန်ကို ခြွေယူပစ်လိုက်ကြသည်။ အားလီက သူပုန်တပ်သားများကို ခြေထောက်ဖြင့် ဆောင့်ဆောင့်ကန်ကာ လမ်းရှင်းနေ၏။ ထို့နောက် ချူယွမ်ရှေ့မှောက်သို့ အရောက်လာကာ ကာကွယ်ပေးထားသည်။ ထို့အပြင် မိမိ၏ ဤနောင်တော်က အင်မတန်မှ ကံဆိုးလှပါတကားဟုလည်း တွေးမိလိုက်သည်။ စစ်တိုက်မထွက်နိုင်သေးလျှင် အပြင်ထွက်မလာလို့လည်းမရဘဲ တပ်သားများ၏ စိတ်ခွန်အားတိုးတက်ဖို့ရန်အတွက် ထွက်လာပြရသေးသည်။ ထို့ကြောင့်လည်း လူယုတ်မာများ၏ ချိန်ရွယ်ရာပစ်မှတ်ဖြစ်သွားပြန်၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now