အခန်း - ၁၄၆ (ဒါ ဘာကိစ္စလဲ)

8.4K 1.6K 577
                                    

[ မင်း ဘယ်တော့လက်ထပ်မှာလဲဆိုပြီး အဲ့ကို်ယ်တော်က မေးနေတယ်ဟုတ်စ]

သွမ့်ပိုင်ယွဲ့ အံ့ဩသွားသည်။

"ပန်ဝမ်အတွက် ကြင်ယာတော်ချီးမြှင့်မလို့တဲ့လား၊ ဒီကိစ္စကို ပန်ဝမ် တစ်ခါမှ မကြားဖူးဘူးပဲ"

"အရှင်မင်းမြတ် မရရအောင် ဝင်တားထားတဲ့ကိစ္စဆိုတော့လည်း ဝမ်ရယ် ဘယ်သိနိုင်တော့မှာလဲဘုရား။ အဲ့အချိန်တုန်းက ညီလာခံသဘင်မှာ လျိုမျိုးရိုးက အာဏာ အရမ်းကြီးစိုးနေတယ်၊ အရင်ဧကရာဇ်ရဲ့ ရောဂါဝေဒနာဟောင်းကလည်း ပြန်ပေါ်လာတယ်။ ဒါကြောင့် အရှင်မင်းမြတ်ကို သူတစ်ပါးရဲ့လက်အောက်မှာ လောင်းရိပ်မိသွားမှာစိုးလို့ ။ ပြီးတော့ အဲ့အချိန် ရှီးနန်ကလည်း...အဟမ်း"

သွမ့်ပိုင်ယွဲ့ကပြုံးလိုက်ကာ ရှစ်ဇီ၏စကားကို ဖြည့်ပြောလာ၏။

"အဲ့တုန်းက ရှီးနန်သည်လည်း မငြိမ်းချမ်းသေးဘူး၊ ပိုပြီး တိတိကျကျပြောရရင် ဘယ်တုန်းကမှ ငြိမ်းချမ်းခဲ့ဖူးတာ မရှိဘူး။ ခမည်းတော်ရဲ့ ဘဝတစ်သက်တာလုံးမှာ စစ်ပွဲတွေနဲ့ပဲ ကုန်ဆုံးခဲ့ရတာ၊ တစ်နေ့တစ်နေ့ မျိုးနွယ်စုတွေဆီက နယ်မြေတွေပြန်သိမ်းတဲ့သတင်းပဲ ကြားရလိမ့်မယ်။ သူကိုယ်တိုင်ကတော့ ပြည်နယ်ဘုရင် မဖြစ်ချင်ဘူး၊ ငြိမ်းချမ်းတဲ့ဘဝမျိုးပဲနေချင်တယ်လို့ ဘယ်လောက်ပဲပြောပြော ၊ အရင်ဧကရာဇ်ကတော့ အဲ့လိုတွေးခဲ့မယ်မထင်ဘူး"

မိမိအလှည့်တွင်မူ အမှုကိစ္စတိုင်းလိုလိုတွင် ညီလာခံသဘင်နှင့် အတိုက်အခံဖြစ်နေခဲ့သည်။ သို့သော်လည်း အမှုကိစ္စများကို အဆင်ပြေပြေဆောင်ရွက်နိုင်ပြီး တိုင်းပြည်နိုင်ငံကို ငြိမ်သက်အေးချမ်းအောင် ဆောင်ရွက်ဖို့အရေး၌ ထိုလူသားကို ကူညီပေးနေရရုံမျှဖြင့် သူ့အဖို့ လုံလောက်ပေပြီ။ ဖြစ်ချင်တော့ တစ်တိုင်းပြည်လုံးရှိလူတွေက မိမိအား အလိုလောဘကြီးလှသည်ဟု ထင်မြင်စောင်းမြောင်းသွားပြန်သည်။

"ဟုတ်ပါ့ဗျာ။ ညီလာခံထဲမှာလည်း လျိုမျိုးရိုးရှိသေးတယ်၊ ရှီးနန်ကလည်း မငြိမ်သက်သေးဘူး၊ အရှင်မင်းမြတ်ကလည်း ဆယ့်ခြောက်နှစ်သားအရွယ်ပဲ ရှိတော်မူသေးတယ်။ အရင်ဧကရာဇ်ရဲ့ ရောဂါဝေဒနာကလည်း ဘယ်လောက်ဆိုးမှန်း ဝမ်ရယ် မမှန်းဆနိုင်လောက်ပါဘူး။ နန်းတွင်းသမားတော်မပြောနဲ့၊ တောရွာဇနပုဒ်က ဆေးဆရာတွေကိုပါ ပင့်ဖိတ်လာရတဲ့အထိပဲ။ ဒါပေမယ့်လည်း ဟိုအခြေအနေထိ ဖြစ်သွားလုနီးနီးပေါ့၊ ဝမ်ရယ်ရာ။ အဲ့အချိန်တွေက လူကို ရင်တုန်အောင် အရမ်းလုပ်နိုင်တယ်"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now