"ဘယ်လိုလဲ သား။ Steve တို့နဲ့ အဆင်ပြေရဲ့လား"
ရေခဲရေအေးကို မော့သောက်ရင်း မာမီ့ကိုလက်ထောင်ပြရသည်။ မာမီနဲ့ ညီမလေးက တစ်နေကုန် ချွေးသက်တွေကြားနစ်လာတဲ့ ကျွန်တော့်ကိုကြည့်ပြီး ပြုံးကြ၏။
"အဆင်ပြေလွန်းလို့ မာမီ။ ပုဂံ ညောင်ဦး အင်းလေးသွားဖို့ကို ကျွန်တော့်ကို မရမကခေါ်နေတာ။ သဘက်ခါကျောင်းဖွင့်တော့မှာမလို့ လိုက်မရတာကို မနညိးပြောယူရတယ်"
"ကျောင်းစဖွင့်ဖွင့်ချင်းဆို အတန်းချိန်မများဘူးမလား။ သား အဆင်ပြေရင် လိုက်သွားပေးလိုက်ပါ။ သူတို့က သားကိုအတော်သဘောကျတာ။ by name တပ်ခေါ်တာပဲကြည့်"
"လွတ်လို့မရတဲ့အတန်းချိန်တွေက ရှေ့ဆုံးရောက်နေလို့ မာမီ။ ပိတ်ရက်ကို နောက်ဆေးခန်းတစ်ခုလိုက်ထိုင်ဖို့ ဆရာဝင်းထွန်းကလည်း ခေါ်ထားတယ်။ ဆရာကတော်ရုံလူခေါ်တာမဟုတ်တော့ လက်လွှတ်ခံလို့မဖြစ်ဘူး မဟုတ်ရင် သား လိုက်ပေးပါတယ်"
"သားက Dentist ဖြစ်ဖို့ပဲ စိတ်အားထက်သန်နေပြီပေါ့"
"Dental တက်မှတော့ Dentist ပဲလုပ်ရတော့မှာပေါ့ မာမီ။ ဒါ ဖြစ်သင့်တာပဲမဟုတ်ဘူးလား"
"မာမီ့ကုမ္ပဏီကိုများ လွှဲပြောင်းယူချင်စိတ်ရှိမလားလို့ပါ။ ကျောင်းပိတ်ရက်တိုင်း guide လုပ်ပြီးသွားလာနေရတာကို သားပိုပျော်သလားလို့လေ"
မုန့်ဖိုးရတော့ ဘယ်မပျော်ဘဲရှိပါ့မလဲ။ ဆယ်တန်းဖြေပြီးတည်းက သင်တန်းတွေတက်ရင်း မာမီ့ကုမ္ပဏီမှာ အချိန်ပိုင်း tour guide ဝင်လုပ်၊ အင်္ဂလိပ် skill တိုးတက်တာရော၊ ကိုယ့်နိုင်ငံသားမဟုတ်တဲ့ လူမျိုးခြားတွေဆီကတွေ့မြင်ရတဲ့ မတူညီတဲ့ယဥ်ကျေးမှု လေယူလေသိမ်းတွေကြားမှာ ဆယ်ကျော်သက်အရွယ်ရဲ့ စူးစမ်းမှုအပြည့်မျိုးနဲ့ ပျော်ရွှင်ရခြင်း။ မာမီကလည်း မုန့်ဖိုးကို ဒေါ်လာနဲ့ပေးတော့ ညီမလေးလိုချင်တာရှိ၊ စားချင်တာရှိ ချက်ချင်းဝယ်ပေးနိုင်တဲ့အနေအထားမျိုးကို ခုံမင်ခဲ့ရသည်။ ဆေးခန်းထိုင်မလိုက်ရသေးတဲ့ တတိယနှစ်အထိ ရပ်ဝန်းနေသော်အတွက် ပိတ်ရက်ဆိုတာ မာမီ့ကုမ္ပဏီဖြစ်ခဲ့ရသည်။ ဒါက ငွေရှာနိုင်တဲ့အခြေအနေတစ်ခုကို သဘောကျတာ၊ ပျော်မွေ့တာမျိုးနဲ့ ဒီ career ကို တစ်သက်တာလျှောက်လှမ်းချင်သလားမေးရင်တော့ Stethoscope ကို ကိုယ်နဲ့မဆိုင်တဲ့ပစ္စည်းတစ်ခုလို အဝေးကပဲလှမ်းကြည့်ဖို့တော့ စိတ်တောင်မကူးဖူး။ ဒါပေမယ့် မာမီ့စကားက မာမီ့သဘောထားတစ်စိတ်တစ်ပိုင်းမို့ ကျွန်တော် ချက်ချင်းငြင်းချက်မထုတ်ဖြစ်။ ကျွန်တော်တို့မောင်နှမနှစ်ယောက်စားဝတ်နေရေး၊ မိသားစုသုံးယောက်ဘဝကို လိုလေသေးမရှိ ဦးဆောင်နေရတဲ့ မာမီ့မျက်နှာပေါ်က မျှော်လင့်ရိပ်...လူမသိသူမသိ သက်ပြင်းဖွဖွချတတ်နေမိတာကိုတောင် ကျွန်တော့်ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေက အလေ့အကျင့်ရနေတတ်လောက်ပြီ။
Epi_20
Start from the beginning