"ဇာမဏိ"
မျက်လုံးတွေကိုပွတ်သပ်ငဲ့ကြည့်လာပေမယ့် ကျွန်တော့်ကိုမြင်ဟန်မတူ။ နံနက်ခင်းနေခြည်က အိမ်ရာဝင်းတစ်ခုလုံးကို မလွှမ်းခြုံသေး။ ပုတ်ခတ်နေတဲ့မျက်တောင်တွေက လေးလေးဖင့်ဖင့်။
"ရောက်ပြီ။ အိမ်ပြန်အိပ်တော့"
အလင်းပျပျနဲ့စူးခနဲစိုက်ကြည့်လာတဲ့ သူ့မျက်ဝန်းတွေကြောင့် ကျွန်တော့်အသိစိတ်အနေကျုံ့သွားရသည်။
"အနောက်ကလူကို..."
"ရတယ် ကိုယ်နှိုးလိုက်မယ်"
"နိုးပါ့မလား"
နောက်ထပ်ငြင်းပြီး မနှင်ချင်တော့။ ဝိုးတဝါးအရုဏ်ဦးအလင်းအောက်က အကြည့်တွေကို ကျွန်တော်ဘာသာမပြန်တတ်။ ကျွန်တော့်ကိုအကဲခတ်နေတာလား မသိနိုင်တဲ့ မျက်ဝန်းတွေအောက်က ထွက်ပြေးဖို့ဆိုတာ သံသယတွေကိုမြေသြဇာထည့်ပေးလိုက်တာနဲ့သာတူနေမည်။
"ကိုထွဋ်...။ ကိုထွဋ်...။ အိမ်ပြန်ရောက်ပြီ ကိုထွဋ်"
ကျစ်စုတ်သပ်ပြီး တစ်ချက်တွန့်သွားရုံမှအပ ကိုထွဋ်ကိုယ်ထဲ အသိစိတ်ပြေးမကပ်ပါ။ မနေ့ညက ပုံမှန်ထက်ပိုသောက်ခဲ့ပုံမျိုးနဲ့ ကိုထွဋ် နိုးလာဦးမည်မဟုတ်တော့။ ကိုယ်ထိလက်ရောက်နှိုးဖို့ကိုလည်း ကျွန်တော်က အကြည့်တစ်စုံအောက်မှာ ထိန်းချုပ်ခံနေရသူလို လက်တွေမရွေ့။
"တွဲခေါ်လိုက်မယ်"
ဇာမဏိတွဲခေါ်မှုနဲ့ ကိုထွဋ် ခြေလှမ်းတွေက ဒယိမ်းဒယိုင်မို့ ကျွန်တော်မှာ နောက်တစ်ဖက်ကနေ ဝင်တွဲရသည်။
"နေသော်..."
"ကျွန်တော်ရှိတယ် ကိုထွဋ်"
ကျွန်တော့်ပုခုံးပေါ်ရှိ ကိုထွဋ်လက်က တင်းတင်းကြပ်ကြပ်။ နီးကပ်မှုမှာ ကိုထွဋ်ဆီက ယမကာနံ့ရောသည့်ကိုယ်သင်းနံ့ဖျော့ဖျော့ကိုလည်းရသည်။ တစ်ဖက်မှာ ဇာမဏိတွဲထားပေမယ့် ကိုထွဋ်ကိုယ်တစ်ခြမ်းက ကျွန်တော့်ဘက်အလေးသာဖိကျနေ၏။ ကိုထွဋ်တို့အိမ် သုံးလွှာကိုရောက်တော့ ကျွန်တော့်ကျောပြင်တစ်လျှောက် ချွေးရွှဲချင်နေပြီ။ တံခါးဘဲလ်ကိုအဆက်မပြတ်နှိပ်မှ အိပ်ချင်မူးတူးမျက်လုံးတွေကိုပွတ်သပ်နေတဲ့ ကိုထွဋ်တို့အိမ်ကကောင်လေးထွက်လာသည်။
Epi_14
Start from the beginning