အပိုင်း - ၇ { အသက်ဝင်လှသော မြင်ကွင်း }

Start from the beginning
                                    

ထိုအတွေးစကြောင့် ချက်ချင်းသလို သူ၏နှလုံးအိမ်ထဲသို့ သွေးများ အရှိန်အဟန်ပြင်းစွာ ဒလဟောစီးဆင်းဝင်ရောက်လာသည်ဟု ဝူးရှီးခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်အား ပြင်းထန်ကြမ်းတမ်းစွာ ထွင်းဖောက်ချင်နေပြီဖြစ်၍ သူ့အား မထီမဲ့မြင်ပြုသောသူများထံ ခုန်အုပ်တိုက်ခိုက်ပစ်ချင်နေပေပြီ။

ဝူးရှီးက ခေါင်းကိုငဲ့စောင်းကြည့်လိုက်ကာ ထိုနေရာတွင်ရပ်ပြီး မထီမဲ့မြင်ပြုခံနေရသောအားရှင်လိုင်နှင့်အခြားသူများ၊ တစ်နည်းအားဖြင့် သူ၏ရဲရင့်လှသောစစ်သည်တော်များ၊ နောက်လိုက်နောက်ပါများ၏ မျက်နှာအသွင်အပြင်ကို မြင်လိုက်ရသည်။ သူတို့၏မျက်နှာများပေါ်တွင် ထုတ်ဖော်ပြသပိုင်ခွင့်မရှိသော ဒေါသများ၊  ဂုဏ်သိက္ခာထိပါးစော်ကားခံရမှုတို့ကြောင့် အမျက်ထွက်နေမှုများ ရှိနေ၏။ သားရဲတိရစ္ဆာန်ရိုင်းကြီးများ၊ အဆိပ်ပြင်းဧရာမမြွေကြီးများနှင့် ထိပ်တိုက်တွေ့ရလျှင်တောင် နောက်မဆုတ်တတ်ဘဲ ရင်ဆိုင်ရဲသော ထိုယောက်ျားသားကြီးများမှာ ယခုတွင်မူ မာနတံခွန်တလူလူထောင်လွှားနေသော တာ့ချင့်သားများကို မော့ကြည့်နေရသည်။

သေးငယ်သောပိုးဖလံအုပ်စုတစ်စု နင်း​ခြေခံလိုက်ရသလိုပင်။

ဝူးရှီးက ရှည်လျားသောဝင်သက်တစ်ခုကို ရှူသွင်းလိုက်ကာ ရင်းနှီးကျွမ်းဝင်မှုမရှိသော ထီးသုံးနန်းသုံးစကားဖြင့် ဖြည်းညှင်းစွာ ပြောဆိုလာ၏။

"အရှင်မင်းမြတ် မိန့်ကြားတော်မူလိုက်တဲ့ အရာတွေက​ အလယ်ပိုင်းလွင်ပြင်ဒေသရဲ့ မှော်အတတ်တွေပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်မျိုးတို့ နန်ကျန်းမှာတော့ အဲ့လိုပညာမျိုးမရှိကြောင်းပါဘုရား"

"အို၊ ဟုတ်လား။ ဒါဆို မင်းတို့က ဘာပညာတွေ ကျင့်ကြံအားထုတ်နေကြတာလဲ"

ဝူးရှီးက ဧကရာဇ်အား စူးစူးစိုက်စိုက် ကြည့်လာ၏။ အကြည့်ခံလိုက်ရသော ဟယ့်လျန်ဖေ့ပင် မဆိုထားနှင့်၊ ဘေးနားတွင် ရပ်နေသော ကျင်ချီးသည်ပင် ထိုကောင်လေး၏ မျက်လုံးများမှာ သာမန်မဟုတ်သော မိစ္ဆာစွမ်းအင်တစ်မျိုးဖြင့် အင်မတန်မှထူးဆန်းနေကြောင်း ခံစားလိုက်ရ၏။ ထိုမျက်ဝန်းများက အခြားသူများကို စိတ်မသက်မသာဖြစ်သွားစေလေရာ အခြားကလေးငယ်များကဲ့သို့ ချစ်ခင်မြတ်နိုးဖွယ်ရာ သိပ်မကောင်းလှချေ။

အရှင်ခုနစ် Where stories live. Discover now