"ဘာဖြစ်လို့လဲ ပြောလေ"

"ကျွန်တော်တို့ လှေကားကနေ တက်လို့မရဘူးလား"

"ဒါလည်း လှေကားပဲလေ"

"မဟုတ်ဘူး။ ကျွန်တော်ပြောတာ ရိုးရိုးလှေကား"

"ဒါကဘာဖြစ်နေလို့လဲ"

"ကျွန်တော် မစီးရဲဘူး"

ဗုဒ္ဓေါ။ ပုံမှန်ဆို ဘုရားတရားကိုမေ့လျော်နေတတ်တဲ့ ကျွန်တော့်မှာ သူ့ကြောင့် ကုသိုလ်ရသွားသည်။ စက်လှေကားကို မစီးရဲဘူးပြောနေတဲ့ကောင်က ဘိုးတော်ဘုရားလက်ထပ်က ကျောက်ဖြစ်ရုပ်အကြွင်းအကျန်လား။ ရယ်ပစ်ရအောင်လည်း စိတ်ညစ်နေတဲ့ သူ့မျက်နှာ၊ စိတ်တိုဒေါသဖြစ်ရအောင်ကျတော့လည်း ကြွက်မနိုင်လို့ ကျီကိုမီးနဲ့ရှို့တာနဲ့သာ တူနေမည်။
သက်ပြင်းတိုးဖွဖွ ကျွန်တော့်နှာဖျားက တိုးထွက်သွား၏။

"ကိုယ့်လက်မောင်းကို ကိုင်လိုက်"

ရက်ရက်ရောရော ကွေးပြီးတိုးပေးလိုက်တဲ့ လက်မောင်းကို အထူးအဆန်းကြည့်နေသည်။ နားရွက်ကားကားတွေက တစ်ချို့လူတွေလို ကြည့်မကောင်းအောင်ဝိုင်းပြီးကားနေတာမျိုးမဟုတ်ဘဲ အပေါ်ဖျားမှာထောင့်ချိုးချွန်သွားပုံက သူ့မျက်နှာကျနဲ့လိုက်ဖက်ပြန်၏။ ဒီကောင့်မှာ သေသေချာချာကြည့်မှ အချိုးအစားညီတဲ့အစိတ်အပိုင်းတွေအများကြီးရှိနေတာပင်။ စိတ်မရှည်ဘဲ သူ့လက်ကောက်ဝတ်ကနေ ဆွဲယူပြီး ကျွန်တော့်လက်မောင်းမှာချိတ်ပစ်လိုက်သည်။ လုပ်ပြီးမှ ဘေးပတ်ဝန်းကျင်ကိုလည်း ဝေ့ကြည့်ရသေး၏။ အဖြူစင်နဲ့အညိုစင် တွဲရပ်နေရင်ကို ဆန်းဆန်းပြားပြားဖြစ်နေတဲ့ အမျိုးသမီးထုရဲ့ စက်ကွင်းထဲ ကျွန်တော်မဝင်ချင်သေး။

"တစ်၊ နှစ်၊ သုံးလို့ရေလိုက်တာနဲ့ ညာဘက်ခြေလှမ်းကိုအရင်လှမ်းတက်မယ် ဟုတ်ပြီလား"

ညီမလေးငယ်ငယ်တုန်းက အသုံးပြုခဲ့တဲ့ နည်းလမ်းလေး။ သင်ပေးခံနေတဲ့ကောင်က ကျွန်တော့်ကိုတောင် စီးမိုးချင်သလိုဖြစ်နေတာကိုတော့ လျစ်လျူရှုထားရသည်။ စက်လှေကားထိပ်မှာ ကျွန်တော်နဲ့ သူ ခြေစုံရပ်ထားမိကြသည်။ ကျွန်တော့်နှုတ်ခမ်းကထွက်လာတဲ့ နံပါတ်စဉ်တွေကို သူလည်းလိုက်မှတ်သားဟန်ရှိ၏။ လှမ်းချမိတဲ့ ညာဘက်ခြေလှမ်း။ နောက် ကျွန်တော့်ညာဖက်လက်ဖဝါးကို ဆုပ်ကိုင်လာတဲ့အနွေးအထွေး။ လက်ဖဝါးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခံလိုက်ရခြင်းနဲ့ ကျွန်တော့်လက်မောင်းကွေးထားတာက ပြေကျသွားသည်။ ရုန်းထွက်ပြီး အော်ထုတ်ဖို့ ပြင်လိုက်ပေမယ့် ရွေ့လျားစက်လှေကားဆီက မခွာတော့တဲ့အကြည့်တွေကြောင့် ဒီတစ်ခါ စိတ်လျှော့ရသူကလည်း ကျွန်တော်။ ကျွန်တော့်ကို ကျွန်တော် ဘာကောင်လဲဆိုတာမျိုး သိရှိလက်ခံခဲ့ပြီးနောက်မှာ အထူးသဖြင့်ဆင်ခြင်နေထိုင်ခဲ့တဲ့ ကန့်သတ်ချက်တွေအကုန် ဒီအညာသားနဲ့မှ ကျိုး။ ကျွန်တော်တို့ကျောင်းမှာ စဆုံတည်းက ကျွန်တော် သူ့ကို ကျောပိုးခဲ့ရတာမလား။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now