"ကျောင်းထိုင်ဘုန်းဘုန်း နိုးနေပြီပြောတယ်။ ဆွမ်းကပ်ဖို့ လျှောက်ရအောင်"

စားပွဲတွေပြင်ပြီးသွားတဲ့ ဇာမဏိကပဲ ကျွန်တော့်အနားတိုးလာပြီးပြောသည်။ မာမီနဲ့ညီမလေးလည်း ရောက်ကာနီးပြီလို့ ဖုန်းဆက်ထားတာမို့ ဇာမဏိစကားကိုခေါင်းညိတ်လိုက်သည်။ အလှူလုပ်တိုင်း နေ့ဆွမ်းကပ်တာပဲများပြီး အချိန်တိုင်းမှာလည်း ကိုထွဋ်ရှိနေပေးခဲ့တာချည်းပဲဖြစ်သည်။ အခုတော့ ရုတ်တရတ် ကိုထွဋ်ကိစ္စပေါ်လာရတာနဲ့ ဖြိုးလေးနဲ့ရဲဘုန်းကိုလည်း မခေါ်ထားဖြစ်။ ကျောင်းထိုင်ဆရာတော်ဆီသွားရာတစ်လျှောက် ကျွန်တော်မခေါ်ပါဘဲ ဇာမဏိက လိုက်လာပေးသည်။ ကျောင်းထိုင်ဆရာတော်က minor operation လုပ်ထားတာမို့ အရုဏ်ဆွမ်းကို နေထိုင်ရာ ကျောင်းဆောင်အပေါ်ထပ်မှာသာ ကပ်တော့လည်း ဘုန်းကြီးကျောင်းဝေယျာဝစ္စနဲ့ မရင်းနှီးတဲ့ ကျွန်တော့်ထက် ဇာမဏိကသာ ပိုပြေးလွှားပေးသည်။ အင်္ကျီလက်တွေကိုတောင် ဘယ်အချိန်ခေါက်လိုက်မှန်းမသိဘဲ ကျောင်းဆောင်ထဲ ဘုန်းကြီးအပါး ၅၀ ထိ ဆွမ်းကပ်ပြီးစီးချိန်မှာတော့ ဇာမဏိနဖူးပေါ်က ချွေးစက်တို့ကို ကျွန်တော်လှမ်းမြင်လိုက်ရသည်။

အရုဏ်ဆွမ်းရော၊ နေ့ဆွမ်းပါကပ်တာမို့ ခြေထောက်တွေကအနားမရနိုင်ပါ။ နံနက်ပိုင်း ဖြိုးလေးနဲ့ရဲဘုန်းလာကူပေးတာတောင် မာမီ့ခရီးသွားမိတ်တွေ ကျလာချိန်မှာ တကယ်ကိုလက်မလည်အောင်ဖြစ်ရ၏။ ဒါတောင် ဧည့်သည်တွေကို မနက်ခင်းနဲ့ နေ့လယ်ပိုင်းအတွက် ခွဲဖိတ်ထားပေလို့။ ကြက်ဆီထမင်းကိုအော်ဒါမှာတာပေမယ့် ဧည့်ခံရတာနဲ့ လိုအပ်တာတွေလည်း လိုက်ဖြည့်ပြီးရော ကျောင်းဆောင်ရဲ့တိုင်လုံးတစ်လုံးနောက်မှာ ကျွန်တော် ခြေပစ်လက်ပစ်ထိုင်ချမိတော့သည်။ ကျွန်တော့်အနားတစ်ဖက်တစ်ချက်ဝင်ထိုင်တာက ဖြိုးလေးနဲ့ရဲဘုန်း။

"ဆောရီးကွာ။ ပင်ပန်းနေကြပြီလား"

"မင်းကမှ ပိုပင်ပန်းမှာပေါ့။ မနက်က အစောကြီးထလာရတာမလား"

ရဲဘုန်းက ရေသန့်ဘူးကို အသံမြည်အောင်သောက်ပြီး ကျွန်တော့်ဘက်ထိုးပေးရင်း ပြောသည်။

"ကိုထွဋ်သွားတာ မနေ့ညတည်းက သိရရင် ငါတို့လည်း စောစောလာပေးပါတယ်။ ဒါနဲ့ အဲ့တစ်ယောက် ဘယ်ကလဲ"

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now