Unicode
" တကယ်ပဲ ဘာဖြစ်ရပြန်တာလဲ ? "
ခုံတန်းရှည်ပေါ်မှာ ခပ်ရှောရှောအနေအထားဖြင့် ထိုင်နေရင်း လန်းဆန်းခြင်းတစက်တောင်မရှိဘဲ သုန်မှုန်နေသည့် မျက်နှာထားဖြင့် သူသည် ရေရွတ်လိုက်သည်။
သူတကယ်ပဲ ဘယ်နှကြိမ်တောင်၊ ဘယ်အချိန်ထိ ဥပေက္ခာပြုခံနေရဦးမှာလဲဆိုတာကို တွေးမိပြီး မျက်လုံးတို့ကို ခေတ္တမှိတ်ထား၏။ လွန်ခဲ့သည့်တစ်ပတ်ကအထိ သူတို့၏ဆက်ဆံရေးသည် ကောင်းမွန်နေတုန်း။ လွန်ခဲ့သည့် တစ်လက Jungkook၏တရားဝင် ကောင်လေးအဖြစ် သူလက်ခံခဲ့သည်။
ပြီးနောက် ကျောင်းက လူတိုင်းမဟုတ်ပေမယ့် အနည်းအကျဉ်းလောက်၊ အထူးသဖြင့် သူတို့နှစ်ယောက်ကို အမြဲတစေ ကြည့်နေကြသည့်သူတို့က သတိထားမိကြပေမယ့် ထွေထွေထူးထူး ဘာမှတော့မပြောကြ။ သူတို့လက်ခံပေးတာ၊ မပေးတာက သူတို့(Jungkook,Jimin)တို့နဲ့မှ မဆိုင်ပေဘဲ။ သူတို့ကို သူတို့(Jungkook,Jimin)ခေါင်းထဲ မထည့်ထားပါ။
မနက်တိုင်း အနမ်းပေးကြသည်။ ကျောင်းကအပြန် လမ်းခွဲတိုင်းလည်း နှုတ်ဆက်အနမ်းပေးကြသည်။ ကျောင်းပိတ်ရက်တိုင်းလည်း အပြင်မှာ လျှောက်လည်ကြသည်။ သူတို့ဆက်ဆံရေးက သည်လောက်ကောင်းမွန်နေကြတာလို့ သူတွေးထားတာ မမှားဘူးမလား။
" စာမေးပွဲကြီးကြောင့်များလား "
မျက်လုံးတို့ကို ပြန်ဖွင့်လိုက်ပြီး သူက တိုးတိတ်စွာ ရေရွတ်လိုက်ပြန်သည်။ Jungkookက တက္ကသိုလ်ကောင်းကောင်းတက်ရဖို့အတွက် စိတ်ဖိစီးနေတာများလား။ ဒါပေမဲ့လည်း Jungkookကို သူယုံပြီးသားပါ။ သေချာပေါက် သူတက်ချင်သည့်တက္ကသိုလ်မှာ တက်ခွင့်ရမှာပဲ မဟုတ်လား။
" စိတ်ရှုပ်လိုက်တာနော် ! "
နောက်ဆုံးအဖြေရှာမရတော့လည်း မတတ်နိုင်ဘူး။ တိုက်ရိုက်ရှင်းကြရုံပဲပေါ့။ သူဆိုသည့်သူကလည်း Jungkookဆီက လျစ်လျူ ရှုခံရတာဆို တစ်ချက်တောင် ခံချင်တာမဟုတ်ဘူး။ မေးကြည့်ပြီးတော့ အကျိုးအကြောင်းဆီလျော်လျှင် ချော့သင့်တာချော့ပြီး၊ အကျိုးအကြောင်း မဆီလျှော်လျှင်တော့ လက်ဝါးစာ ကျွေးပစ်လိုက်ဦးမည်ဟု စိတ်ထဲကနေ ကြိမ်းဝါးလိုက်သည်။