ကလောက ထင်သလောက်ပျော်ဖို့မကောင်းပါချေ။
နေ့ရှိသရွေ့မန္တလေးပြန်ဖို့ကိုပဲ စိတ်အားထက်သန်နေသည့်နွေဦး။ သူဒီမြို့မှာ လုံးလုံးမပျော်တော့။ သူနှင့်ဆယ်မင်းဆက်က နေ့တိုင်းဖုန်းဆက်ဖြစ်ကြသည်။ မနက်ထချိန်၊ ဆယ်လေးကျောင်းသွားခါနီးနှင့်နေ့လယ်စာစားချိန်၊ ညဘက်အိပ်ရာဝင်ချိန်တွေထိ သူတို့တစ်ရက်မှမပြတ်ဘဲဖုန်းးပြောကြသည်။ ညအိပ်ရာဝင်ခါနီးတိုင်း video call ခေါ်သည်။
screen ပေါ်မှာမြင်ရသည့်မျက်နှာလေးက အလွမ်းမပြေစေဘဲပိုတိုးပြီးသာ လွမ်းရသည်။
ဝေးနေရတဲ့နေ့တွေမြန်မြန်ကုန်လွန်ချင်ပြီ။
ဆယ်မင်းဆက်သည် အခုတလောအပျော်လွန်နေသည်။ မာမီနှင့်ကိုကြီးလင်းမာန်၊ မမနဒီရောပါ သူ့ပြောင်းလဲမှုကိုသတိထားမိသည်။ သူငယ်ချင်းတွေကတော့ သူ့ကိုပိုလွန်းတယ်ဟု စကြပေမဲ့ဆယ်မင်းဆက်ကတော့ အခုလိုမျိုးအဖဲ့ခံ အစခံရတာကိုပဲ ပျော်နေတော့တာ။
အချိန်တိုင်းတက်ကြွပျော်ရွှင်နေပြီး မျက်နှာကပါကြည်လင်ဝင်းပနေသည်ဟု တွေ့သမျှလူတိုင်းက မှတ်ချက်ပြုကြသည်။
သူအစတည်းက ဝန်ခံထားတာမို့ သူနှင့်ကိုကိုတို့ facebookပေါ်မှာ relationshipတင်လိုက်သည့်အခါ အစ်မတွေ၊ အစ်ကိုတွေကအရမ်းလန့်မသွားကြပေ။ မဟုတ်ရင် တသီတတန်းကြီးသူဖြေရှင်းနေရလိမ့်မည်။
ဒေါ်မေခင်ကတော့ သားဖြစ်သူကိုကြည့်ပြီး ပျော်ရွှင်နေသည်။ အခုမှသာ သူတို့၏ဘဝကနေရောင်ခြည်တွေဖြာကျသွားတာ။ ဆယ်လေး၏အပြုံးကို မြင်ရတာထက်ပိုပြီး သူမဘဝမှာလိုချင်တာလည်းမရှိတော့ဘူး။ အရင်က ကိုယ်စီအတ္တတွေများခဲ့လိမ့်မည်။ သားဖြစ်သူ၏စိတ်ဒဏ်ရာကိုပျောက်စေချင်ပြီး နောက်ထပ်ဒဏ်ရာမရအောင် ကာကွယ်ပေးခဲ့တာတွေ။ ဆယ်လေး၏ဖြစ်တည်မှုကို လက်ခံဖို့ခက်ခဲခဲ့တာကိုတော့ ဝန်ခံရမည်။
တကယ်တော့ ဒေါ်မေခင်သည်ကိုယ်တိုင်လည်း ကုစားနိုင်ဖို့လိုအပ်ခဲ့တာ။ သည်းခံခြင်းတွေ၊ နားလည်မှုတွေနှင့်လက်ခံခြင်းတွေနောက်မှာ အခုလိုမျိုး သာယာသည့်နေ့ရက်တွေပြန်ရောက်လာသည်။
ဆယ်မင်းဆက်က သူမဖြစ်စေချင်သော
ဆန္ဒတွေနှင့် သွေဖီမသွားပေ။ မကြာခင်သူမသားက ဆရာဝန်ဖြစ်တော့မည်။ စိတ်မချစရာလည်းမရှိတော့ပါ။ သားအကြီးနှင့်ချွေးမတို့ကလည်း မကြာခင်ကလေးယူဖို့ စီစဉ်နေသည်။ တကယ်တော့ သူမဘဝကပြည့်စုံတာထက်ပိုပါသည်။
ဆယ်မင်းဆက်သည် ကိုကို့တိုက်ခန်းဆီကို အထုတ်များစွာသယ်ကာ ရောက်လာသည်။ ကိုကိုကမနက်ဖြန်ပြန်ရောက်မည်။ စိတ်မကောင်းစွာပဲ မနက်ဖြန်ကကျောင်းဖွင့်ပြန်သည်။ ရည်းစားထားတာနှင့် ကိုယ်ပိုင်ဘဝကို မျှခြေညီအောင်ထိန်းချုပ်နေရတာမျိုးကို သူမကြိုက်ပေ။ သူ့အတွက်တော့ ရည်းစားကဘဝကြီးပဲဖြစ်ချင်သည်။
သို့ပေမဲ့ အရွယ်ရောက်လာကာ ရင့်ကျက်ရဦးမည်။
တိုက်ခန်းတံခါးကိုခပ်မြန်မြန်ဆွဲဖွင့်လိုက်သည်။ ညတာရှည်တာကြောင့် အပြင်ဘက်မှာ အလင်းရောင်လုံးဝမရှိတော့။ မကြာခင် နွေဦးရောက်လာတော့မည်။ ဆယ်မင်းဆက်အကြိုက်ဆုံး ရာသီဥတုကိုရောက်လာတော့မည်။
သူ့အတွက်ကတော့ ကိုကိုရှိနေသမျှကာလတိုင်းက နွေဦးရာသီပဲ။
ဆယ်မင်းဆက်သည် အထုတ်တွေကိုမီးဖိုခန်းထဲတန်းပြီး နေရာချလိုက်သည်။
ထိုစဉ်မှာပဲ အိပ်ခန်းတံခါးဖွင့်သံကိုကြားလိုက်ရသည်။ ဆယ်မင်းဆက်၏ လှုပ်ရှားမှုတွေ ရပ်တန့်ကုန်သည်။ သူ့မျက်နှာပေါ်မှာ အပြုံးကြီးတစ်ခုပေါ်လာသည်။ သူမီးဖိုခန်းထဲကပြေးထွက်လာတော့ ခေါင်းကိုရေသုတ်နေသည့်ကိုကို့ကို တွေ့လိုက်ရသည်။
ကိုကိုက သူ့ကိုပြုံးပြလာသည်။
ထို့နောက် လက်နှစ်ဖက်ကိုဆန့်တန်းလာသည်။
ဆယ်မင်းဆက်သည် ပြေးသွားကာ ကိုကို့ကိုဆွဲဖက်လိုက်သည်။
နွေဦးသည် ဆယ်မင်းဆက်ပခုံးပေါ်မေးတင်ရင်း နောက်ကျောပြင်ကိုဖက်တွယ်ရင်း ပျော်ရွှင်နေတော့သည်။
သူအိမ်ပြန်ရောက်ခဲ့ပြီလေ။
"ဘာလို့မနက်ဖြန်မှပြန်ရောက်မယ်လို့ ညာရတာလဲ"
ဆယ်မင်းဆက်က နွေဦးပါးပြင်ကိုနမ်းရင်း မေးသည်။ သူ့ထက်ခေါင်းတစ်လုံးစာမြင့်သည့် ဆယ်မင်းဆက်ကိုမော့ကြည့်လိုက်သည်။ ခါးပေါ်ကလက်ကိုတော့ဖယ်မပေးမိ။
"မညာပါဘူး...အလုပ်ကစောပြီးသွားတာနဲ့ တခြားသူတွေကိုမစောင့်တော့ဘဲတန်းပြန်လာတာ"
ကိုကိုသာပြန်ရောက်လာလျှင် မလွှတ်တမ်းဖက်ထားပစ်မည်၊ အသားကုန်နမ်းပစ်မည် စသဖြင့် အတွေးပေါင်းမြောက်မြားစွာရှိနေပေမဲ့ တကယ်တမ်းကိုကို့မျက်နှာကိုကြည့်နေရင်းဖြင့်သာ အချိန်ကုန်မိသွားသည်။
ဆယ်မင်းဆက်သည် ကိုကို့ကိုပွေ့ချီကာနမ်းလိုက်သည်။
သူတို့ရဲ့ဝိညာဉ်တွေ တသားတည်းဖြစ်သွားတဲ့အထိ နီးကပ်သွားရင်ကောင်းမယ်...
ဆိုဖာက အိခနဲနစ်ဝင်သွားသည်။ ကိုကို့ကို သူပေါင်ပေါ်တင်ပြီးနမ်းရတာက အရာအားလုံးကိုအပိုင်စားရသလို ခံစားရစေသည်။
"ကိုကို့ကို အရမ်းလွမ်းနေတာ..."
ဒီကြားထဲမှာ လွမ်းကြောင်းတစ်ခါမှမပြောသည့် ဆယ်မင်းဆက်ဆီက ဝန်ခံစကားကြောင့်နွေဦး ကျေနပ်သွားသည်။
ဆယ်လေးမျက်နှာကို အုပ်မိုးရင်းမျက်နှာအနှံ့နမ်းမိသလို သူ့လည်တိုင်ဆီကိုလည်း ဆယ်လေး၏အနမ်းတွေရောက်လာသည်။
တစ်ထပ်တည်းကျနေသည့်စိတ်ဆန္ဒတွေကို အနမ်းတို့နှင့် အသက်သွင်းမိကြသည်။
စိုထိုင်းနေသောနွေဦး၏ဆံစတွေကြားထဲ ဆယ်မင်းဆက်၏သန်မာသော
လက်ချောင်းတွေ နေရာယူလာသည်။
အချစ်ဖြင့်အတိပြီးသော သူတို့နှစ်ယောက်ကြားထဲမှာ တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်လိုစိတ်သာရှိတော့သည်။
"ကိုနွေဦး ခင်ဗျားကကျွန်တော့်ဘဝပဲ အဲတာကိုသိရဲ့လား"
အနမ်းတွေနှင့် ဝန်ခံစကားတွေ ဘယ်အရာကိုအရင်တုံ့ပြန်ရမလဲဆိုတာ နွေဦးမသိတော့ဘူး။
ဆယ်မင်းဆက်က သူ့ကိုဆိုဖာပေါ်တွန်းလှဲပြီး အုပ်မိုးလာသည်။ နွေဦး၏မျက်နှာက ရဲပတောင်းခတ်နေသည်။ နွေဦးက ဆယ်မင်းဆက်၏အင်္ကျီကြယ်သီးများဆီ လက်လှမ်းကာ ဖြုတ်ပစ်လိုက်သည်။ ဆယ်မင်းဆက်က ငြိမ်ငြိမ်လေးနေပြီးနွေဦးမျက်နှာကိုပဲ စိုက်ကြည့်နေသည်။ နွေဦး၏လက်ချောင်းများကို ဆွဲယူပြီးနမ်းပြန်သည်။
နွေဦးက ပြုံးပြလိုက်သည်။ သူ့ဘဝ နွေဦးလေးကို နောက်တစ်ကြိမ်ရှာတွေ့ခဲ့ပြီလေ။
"ဆယ်လေး မင်းကငါ့ရဲ့ပျော်ရွှင်မှုလေးပဲ"
ဆယ်လေးမျက်လုံးတွေက ကျေနပ်ခြင်းအပြည့်နှင့် တောက်ပလင်းလက်နေသည်။
လောကကြီးကဘယ်အချိန်မှာ သာယာပြည့်စုံသွားတာလဲ။
ချစ်ရသူရဲ့ပျော်ရွှင်မှုက ကိုယ့်ပျော်ရွှင်မှုဖြစ်လာပြီး ချစ်ရသူရဲ့ပျော်ရွှင်မှုကိုဖြည့်ဆည်းပေးနိုင်တဲ့သူက ကိုယ်ဖြစ်နေတဲ့အချိန်မှာပါပဲ...
အခုအခိုက်အတန့်လေးပါပဲ...
ကော်နှင့်ကပ်ထားသလိုမျိုး သူတို့နှစ်ယောက်၏ လက်တွေကအမြဲတွဲထားကြသည်။ အရင်တည်းက ဆယ်မင်းဆက်ကဒီတိုက်ခန်းမှာပဲ လာနေတာမို့သူတို့နှစ်ယောက်၏ သမီးရည်းစားဘဝက အရင်ကလိုမျိုးပဲ။ ပြောင်းလဲသွားတာဆိုလို့ အိပ်ခန်းထဲမှာ ခုတင်နှစ်လုံးမဟုတ်တော့ဘဲ တစ်လုံးတည်းဖြစ်သွားခြင်းနှင့် ဗီရိုထဲမှာ ဆယ်မင်းဆက်၏အဝတ်အစားတွေပိုများလာခြင်းသာ ဖြစ်လိမ့်မည်။
နွေဦးဟင်းချက်နေချိန်မှာ ဆယ်မင်းဆက်ကအနောက်ကနေ သိုင်းဖက်ကာ လည်ပင်းကိုနမ်းလိုက် ပါးပြင်ကိုနမ်းလိုက်လုပ်တတ်သည်။ နွေဦး၏အမှတ်နီလေးက အများဆုံးနမ်းခံရသည့်နေရာဖြစ်လာသည်။
နွေဦးက ပခုံးစွန်းများနှင့် လက်ချောင်းများအနမ်းခံရတာကို ပိုသဘောကျသည်။
နေ့ရက်တိုင်းမှာ မတူညီတဲ့ဝန်ခံစကားတွေကြားရတာကို သဘောကျတယ်။ စကားလုံးတွေမတူညီပေမဲ့ အဓိပ္ပာယ်တူညီနေတဲ့ ထိုစကားတွေကို အထပ်ထပ်အဖန်ဖန်ကြားရင်း နွေဦးဘဝက ကဗျာတစ်ပုဒ်ဖြစ်လာတယ်။
"ကျွန်တော်ကနေ့တိုင်းကြိုးစားနေမှာ"
"ကိုကို့ရဲ့ဘဝမှာ အကောင်းဆုံးသောအရာက ကျွန်တော်ဖြစ်ပြီး ကျွန်တော့်နေရာကိုမီတဲ့သူမရှိဘူးဆိုတာ ကိုကိုသိဖို့
နေ့တိုင်းကြိုးစားနေမှာ"
"အမှန်တော့ ကိုကို့မွေးနေ့မှာတည်းကဖွင့်ပြောဖို့စီစဉ်ထားတာ...ကံ့ကော်ပန်းရဲ့အဓိပ္ပာယ်က ထာဝရအချစ်တဲ့လေ... ကျွန်တော်ကိုကို့ကို ကံ့ကော်ပန်းပုံပန်းချီပေးတာ အဲတာကြောင့်"
ဒီလိုကလေးကို မချစ်ဘဲသူဘယ်လိုလုပ်နေနိုင်မှာလဲ။
မှုန်ဝါးသောညတွေမှာ သူကအိမ်မက်တစ်ခုနဲ့ပျော်မွေ့ခွင့်ရတယ်။ လေဟာနယ်ထဲရောက်နေတဲ့အခိုက်အတန့်တိုင်းမှာ လက်မောင်းတစ်ခုထဲလုံခြုံနေတယ်ဆိုတဲ့အသိတွေနဲ့။ အချစ်ကသူ့ရင်ထဲရောက်လာပြီးနောက်ပိုင်းမှာ လက်တွေ့ဘဝထဲရော အိမ်မက်ကမ္ဘာထဲမှာပါ ရင်မောစရာတွေက ဝေဝါးပျောက်ကွယ်သွားတယ်။
ညတွေက ကြယ်တွေစုံသည်ဖြစ်စေ၊ ကြယ်ရောင်ကင်းမဲ့တာပဲဖြစ်စေ ဒါတွေကအရေးမကြီးတော့ဘဲ ကြင်နာသူသာ သူ့ရင်ခွင်ထဲရှိနေဖို့အရေးကြီးတော့တဲ့ နေ့ရက်တွေ။
ဖေဖော်ဝါရီလ ၁၀ရက်နေ့က နွေဦးချစ်သူ စနေသားလေး ဆယ်မင်းဆက်၏မွေးနေ့ဖြစ်သည်။
မွေးနေ့မနက်ခင်းက အန်တီမေခင်တို့အိမ်မှာပဲ ဖြတ်သန်းရသည်။ အန်တီမေခင်နှင့်အတူ ဘုရားသွားကုသိုလ်ယူပြီး ဘိုးဘွားရိပ်သာနှင့်မိဘမဲ့ဂေဟာများဆီ သွားလှူကြသည်။ စစ်ကိုင်းတောင်ရိုးက ဘိုးဘွားရိပ်သာဆီ အန်တီမေခင်နှင့်အတူ ဆယ်မင်းဆက်ရယ်နွေဦးရယ် သုံးယောက်အတူသွားလှူကြခြင်းဖြစ်သည်။
မင်းကွန်းပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းဆီကိုသွားလည်ဖြစ်ကြသည်။ မင်းကွန်း မြသိန်းတန်စေတီနှင့် စစ်ကိုင်းက ကောင်းမှုတော်ဘုရားတို့ကိုပါ ဝင်ဖူးကြသည်။ သူတို့မိသားစုသုံးယောက်အတူရှိချိန်မှာ အမှတ်တရတွေက ပြီးပြည့်စုံသည့်ပန်းချီကားလိုမျိုး လှပပြည့်စုံနေတော့သည်။
ညပိုင်းကတော့ သူတို့နှစ်ယောက်အတွက် သီးသန့်အချိန်ဖြစ်သည်။ ဟိုတယ်ခန်းရော ညစာအတွက်သီးသန့်နေရာငှားပြီး စီစဉ်ပေးခြင်းကို သူကတော့ပိုလွန်းသည်ဟု မထင်ပါချေ။
ဆယ်လေးကမွေးနေ့မတိုင်ခင်တစ်ရက်မှာပဲ သူ့သူငယ်ချင်းတွေနှင့်ကလပ်မှာလုပ်ပြီးပြီ။ မွေးနေ့မှာတော့ ကိုကိုနဲ့ပဲအတူရှိချင်တာဆိုတဲ့စကားမှာ နှလုံးသားရောလူရော မင်းကြိုက်သလိုလုပ်ပါတော့ဆိုပြီး ကြွေရတာကတော့ နွေဦးပါပဲ။
ဖယောင်းတိုင်များနှင့် romantic ဆန်လွန်းသောညစာစားပွဲကိုမြင်လိုက်ရတော့ နွေဦးကိုယ်တိုင်ပင် ရင်ခုန်သွားသည်။ ပန်းများဖြင့် အလှဆင်ထားသည့်လျှောက်လမ်းအဆုံးမှာ နှစ်ယောက်အတူညစာစားဖို့နေရာရှိသည်။
"ဒါတွေကိုကိုစီစဉ်ထားတာလား"
"အင်း မင်းသဘောကျရဲ့လား"
"အင်း အများကြီးသဘောကျတယ်... ကျေးဇူးတင်ပါတယ်"
ညစာမစားခင် မွေးနေ့ကိတ်ခွဲပြီးဆုတောင်းရသည်။ ဆယ်မင်းဆက်သည် မွေးနေ့ကိတ်မခွဲတာကြာပြီဖြစ်သည်။ နှစ်တိုင်း bar ဒါမှမဟုတ် clubတစ်ခုခုမှာ ပျော်ပါးမူးရူးရင်းကုန်ဆုံးခဲ့သော မွေးနေ့တွေနှင့်မတူဘဲ အဓိပ္ပာယ်ရှိသောမွေးနေ့။
မျက်စိရှေ့မှာရှိနေတဲ့ ကိုကို့လက်လေးကိုယူကာ နမ်းရှိုက်လိုက်တယ်။ ဒီထက်ပိုပြီး မြတ်နိုးပေးချင်တယ်။ ကိုကို့ကို သူချစ်ခဲ့ရတဲ့ကာလတွေထက်ပိုပြီး ကိုကိုကသူ့ကိုချစ်ပေးနေတာ။
"မင်းအတွက် လက်ဆောင်"
ကိုကိုက ဖဲကြိုးတွေလက်ဆောင်ဘူးတွေမပါဘဲ ဒီတိုင်းပေးလာသည်။ iPhone 6S plus model၊ သူဒီကြားထဲဖုန်းအသစ်လဲဖို့ စဉ်းစားနေခဲ့တာ။ ကိုကိုကသူအလိုအပ်ဆုံး၊ သူနှင့်အမြဲတမ်းအတူရှိမည့်ပစ္စည်းကိုပေးတာပဲ။
"ကျေးဇူးတင်ပါတယ် ကိုကို ကျွန်တော်ကောင်းကောင်းသုံးပါ့မယ်...မပျက်အောင်သုံးမယ်"
"ပျက်လဲဘာဖြစ်လဲ ကိုကိုအသစ်ဝယ်ပေးမှာပေါ့"
Grey color phoneလေးက သူ့အတွက်တော့တန်ဖိုးဖြတ်မရပေ။ ဆယ်မင်းဆက်သည် ကိုကိုထိုင်နေသောနေရာကို ထသွားကာ ကိုကို့ပါးပြင်ကိုအသံထွက်သည်အထိ ဖိကပ်နမ်းလိုက်သည်။
ချက်ချင်းပဲ ဖုန်းwallpaperမှာ သူတို့နှစ်ယောက်ပုံကို တင်လိုက်သည်။ ကိုကို့လက်ကိုကိုင်ပြီး ဖုန်းအသစ်၏ပထမဆုံးဓာတ်ပုံအနေနှင့် မှတ်တမ်းတင်သည်။
ကိုကို့လက်လေးကိုမလွှတ်ပေးဘဲ ဆက်ပြီးကိုင်ထားမိသည်။
"ကျွန်တော်တကယ်ပျော်တယ်"
အစစ်မှန်ဆုံးဝန်ခံစကားဖြစ်သည်။ သူတို့စားပွဲပေါ်မှာတင်ထားသော ကာနေးရှင်းပန်းတွေကလှချင်တိုင်းလှနေသည်။
ဆယ်မင်းဆက်၏နှုတ်ခမ်းတွေက ကိုကို့ပါးပေါ်ကအမှတ်နီလေးပေါ် ရောက်ရှိသွားပြန်သည်။ ထို့နောက်နှုတ်ခမ်းတွေပေါ်ကို...
"နောက်လာမဲ့မွေးနေ့တိုင်း မင်းနဲ့အတူတူရှိပေးမယ်"
ဆယ်မင်းဆက်သည် ကလေးငယ်တစ်ယောက်လို ကိုကို့ရင်ခွင်ထဲမှီတွယ်မိတော့သည်။ ဒါသူအဖြစ်ချင်ဆုံးနဲ့ အလိုချင်ဆုံးဆန္ဒပါပဲ...