နေသာသော တနင်္ဂနွေနေ့တစ်နေ့...
မြောက်ဒဂုံမြို့နယ်... ဘောဂသစ္စာရပ်ကွက်
ရန်ကုန်မြို့ရှိ ကြည်ညွှန်း Family ကြီးတွင် နံပါတ်၂ သမီး နန္ဒာကြည်ညွှန်း နိုင်ငံခြားမှပြန်ရောက်နေပြီး ဇေယျာကြည်ညွှန်းခေါ် ဇေယျာမိုးဆွေလည်း နိုင်ငံခြားမသွားရသေးသဖြင့်လူစုံနေကြ၏။
နေ့လယ်စာထမင်းစားပြီးချိန်၌ အာကာတို့ မောင်နှမတွေစုပြီး ဧည့်ခန်းထဲတွင် ထိုင်နေကြသည်။ ထုံးစံအတိုင်း TV ရှေ့ရှိ Dream bed ပေါ်တွင် အစ်ကိုနှင့် အာကာက ပူးပူးကပ်ကပ်။
"အား... အမေ့လက်ရာ မစားရတာကြာလို့ အရသာကိုရှိနေတာပဲ ဗိုက်တင်းသွားပြီ"
"မမနာနာ... မသိရင် ဒုတိယကမ္ဘာစစ်ကတည်းက ငတ်လာသလိုပဲနော်"
"ဟယ်... So sweet နော်... အဲ့ဒါဆိုမင်းလည်းငါ့လို အမေ့လက်ရာမစားဘဲ အကြာကြီးနေကြည့်ပါလား"
"မနေနိုင်ပါဘူး"
"အဟားဟား"
အာကာ့အပြောကြောင့် အစ်ကိုကရယ်ပြီး အာကာ့ပါးတစ်ဖက်အား ပွတ်ပေးလာသည်။ မမကေသာက ပျင်းသည်ဟုဆိုကာ ဂိမ်းဆော့ကြရန် ပြောသည်။
"အူနိုဆော့ကြမယ်လေ"
"အာ... မဆော့ချင်ဘူး... So sweet က ညစ်မှာ"
"ဟာ... ဘာညစ်လို့တုန်း"
"ညစ်တယ်"
အာကာနှင့် မမဟေမာတို့ ငြင်းခုန်နေကြစဉ် မကြီးကဝင်ပြီး...
"လူစုံတုန်း အခုခေတ်စားနေတဲ့ဟာ ဆော့ကြည့်မလား... ဒီအိမ်မှာ ဘယ်သူက အပျင်းထူဆုံးလဲ ဘာညာ ဆိုပြီးရွေးကြတဲ့ဟာလေ"
"ဟာ ဟုတ်တယ် ဟုတ်တယ် မောင်နှမတွေစုံတုန်းဆော့ကြမယ်... ဟေမာ အဖေကြီးတို့ကို သွားခေါ်လိုက်မယ်"
မမဟေမာက အိမ်ပေါ်ထပ်သို့ ပြေးတက်သွားပြီး အဖေကြီးနှင့် အမေ့ကိုခေါ်လာသည်။
"ကိုယ့်ဟာကို ဆော့ကြပါလား... ဒီကလေးတွေကလည်း"
"လာပါ အမေရဲ့ ဒီဟာက Family game ဆိုတော့ တစ်မိသားစုလုံးဆော့ရမှာ... လေးမောင်ခေါ်ရဦးမယ် လေးမောင်!!"
"ဟဲ့... မအော်နဲ့... အဖွား အိပ်နေတယ် ဒီကောင်မလေးဟာလေ"
"အမှတ်တရလေးဖြစ်သွားအောင် Live လွှင့်ကြမယ်... တာမွေအိမ်က အမျိုးတွေကိုဝင်ကြည့်ကြလို့ပြောလိုက်"
"အေး... ဟုတ်တယ် ဟုတ်တယ် Live လွှင့်မယ်"
"အာ... မမကေသာ... Live လွှင့်ရင် သားတို့မပါဘူး"
"မရဘူး... ပါရမှာ လျှာမရှည်နဲ့"
"မော်မော်ရေ tripod အသေးလေး ဘယ်နားမှာလဲ"
"မကြီးအိဖြူ!! လေးမောင်!!"
"ဘာတွေတုန်းဟ... ငါ့... အိပ်မလို့ပါဆို"
လေးမောင်ကလည်း စွပ်ကျယ်ချိုင်းပြတ်နှင့် ပုဆိုးကြီးပြင်ဝတ်ရင်း အိပ်ယာမှထလာရသည်။ ဧည့်ခန်းမှာ ခဏကြာ ဆူညံပွက်လောရိုက်နေကြပြီးမှ အားလုံးနေရာတကျဖြစ်ကြသည်။ အဖေကြီးနှင့် အမေက ဆိုဖာခုံပေါ်တွင်ထိုင်နေကြရပြီး မောင်နှမတွေက အောက်မှာ ကြီးစဉ်ငယ်လိုက်တန်းစီ၍ ဝိုင်းထိုင်ထားကြသည်။ လေးမောင်က အမေ့ဘေးမှ တစ်ယောက်ထိုင် ဆိုဖာတွင် ဝင်ထိုင်နေ၏။ အစ်ကိုက အာကာ့ဘေးတွင်ဝင်ထိုင်ပြီး မမဟေမာက ပေါက်ပေါက်ကို ပေါင်ပေါ်တင်ထားသည်။ မော်မော်နှင့် ဇေယျာက အာကာ့ရှေ့တွင် ထိုင်ကြသည်။
"ဟဲ့... Live က စနေပြီလား"
"Captain တင့်လွင် is watching တဲ့... အဟားဟား သင်္ဘောသီးကြီးက ချက်ချင်းဝင်ကြည့်တာနော်... Hi ကိုကြီးတင့်လွင်.... အားလုံးသတိရတယ်တဲ့"
"အမေ့ ဒီမှာ အမေ့တူ အမေ့တူ... ကိုကြီးတင့်လွင် ကြည့်နေတယ်"
မမဟေမာက တက်လာသော ကွန်မန့်များဖတ်ပြီးအမေ့ကို အသိပေးနေသည်။
"ဟုတ်လား... ဘီယာတွေလျှော့သောက်လို့ ပြောဦး"
အာကာ ကပါ မမဟေမာနားသို့ခေါင်းတိုးဝင်၍ ကွန်မန့်တွေကိုကြည့်လိုက်သည်။
"အချောလေးတွေရေ... လာခဲ့မယ် တဲ့... အဟား... မကြီးဆွေဆွေ!!! ဟယ်လို သာကေးတီးယန်းကြီး... မြောက်ဒဂီးယန်းလေးတွေ ဒီမှာသတိရနေတယ်နော်"
"ဘယ်သူလဲ... ဆွေဆွေလား... အမေက အိမ်လာခဲ့ဦးလို့ပြောလိုက်"
"ဟ! ညည်းတို့ Live ကလည်း အမျိုးတွေချည်းပဲ အားပေးတာလား"
လေးမောင်က မျက်မှန်ကြီးပင့်တင်ကာ ပြောသည်။
"အင်းလေ ဒေါ်ခင်ခင်မျိုးဆွေအမျိုးတွေနဲ့တင် View 1 M ရမှာ"
"မကြီး... ခုပဲထမင်းစားထားတာကို... ပြီးမှစားပါလားလို့"
မကြီးသန္တာက ပန်းကန်တစ်ခုတည်းတွင် လိုင်ချီးသီးများ ထည်ယူလာပြီးစားနေသဖြင့် မမနန္ဒာကတားလိုက်သည်။
"ဘာဖြစ်လို့လဲ... ငါ့ဗိုက်ဆန့်သေးလို့ စားတာပဲကို... မေးခွန်းတွေ ရပြီလား ကေသာကြည်ညွှန်း"
"ရပြီ... ဘယ်သူမေးမှာလဲ"
"ကဲ...ကဲ... လာ... မကြီးအိဖြူ က မေးခွန်းတွေမေးပေးမယ်"
မမကေသာက မေးခွန်းတွေရေးထားသော စာရွက်ကို မကြီးအိဖြူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ မော်မော်က အဖေကြီးနှင့် အမေ့လက်ထဲသို့ သတင်းစာနှစ်စောင်အား လိပ်၍ထည့်ပေးလိုက်ပြီး
"ဘဘ နဲ့ ကြီးကြီးက ဒါနဲ့ရိုက်ရမှာ"
"ခဏလေး... ခဏလေး... အဖေကြီးနဲ့ အမေက မျက်နှာမလိုက်ရဘူးနော်"
မမကေသာ၏ အပြောကြောင့် အဖေကြီးက ရယ်လိုက်ပြီး
"မလိုက်ပါဘူး ငါ့သမီးကလည်း"
"ငါ့လည်း သတင်းစားလိပ်ပေးကြဦးလေ... ငါက ဘာနဲ့ရိုက်ရမှာလဲ"
"လေးမောင်က ရိုက်စရာမလိုဘူးလေ... ကေသာတို့နဲ့တူတူ အရိုက်ခံရမှာ"
"ဟ! ငါက ဘာလို့အရိုက်ခံရမှာတုန်း"
"လေးမောင်ကလည်း ဟေမာတို့နဲ့တူတူလေ"
"ဟေ့အေး... ငါပါရိုက်မှာပေါ့ဟ! ပေးစမ်း မော်မော် ငါ့ကို သတင်းစာတစ်လိပ်"
"ဟွန်! လေးမောင်ကလည်း... မော်မော် လေးမောင်ကို အထူကြီးမပေးနဲ့နော်"
"ကဲ... လုပ်လေ ဟိုမှာ Live က စနေပြီ"
ကျွက်စီကျွက်စီနှင့် မျိုးစုံ ဂဏာမငြိမ်ဖြစ်နေကြပြီးမှ မကြီးအိဖြူက ကင်မရာနောက်တွင်ထိုင်၍ မေးခွန်းတွေစမေးသည်။
"အိုခေ... မေးမယ်နော်... မောင်နှမတွေထဲမှာ ဘယ်သူအစားအပုတ်ဆုံး..."
"ဘုန်း!!" "ဘုန်း!!" "ဘုန်း!!"
"အား!!"
မကြီးအိဖြူ၏ မေးခွန်းပင် မဆုံးသေး အဖေကြီး...အမေနှင့် လေးမောင်တို့၏ရိုက်ချက်များက မကြီးသန္တာ၏ ခေါင်းပေါ်သို့ တဘုန်းဘုန်းနှင့်ကျကုန်ကြတော့သဖြင့် စားလက်စ လိုင်ချီးသီးပင်ထွက်ကျကုန်တော့သည်။
"အဟားဟား စဉ်းစားစရာမလိုဘူး သက်သေနှင့်တကွပဲ"
"အရမ်းရိုက်ကြတာပဲ"
"ငရုပ်ပွကြီးက လေတက်ရင်မွှေးတယ်နော် မကြီး ခွိ!"
"So sweet နော်"
"နောက်တစ်ခုမေးမယ်... ဘယ်သူက ဒရမာ အချိုးဆုံးလည်း"
"ဘုန်း!!" "ဘုန်း!!"
"အား"
"ဘုန်း!"
"ဟာ! ဘာလို့ သားကို"
ပထမရိုက်ချက်နှစ်ချက်မှာ အဖေကြီးနှင့် လေးမောင်က မမကေသာကို ရိုက်လိုက်ခြင်းဖြစ်ပြီး နောက်တစ်ချက်မှာ အမေက အာကာ့ကို ရိုက်လိုက်ခြင်း ဖြစ်သည်။
"ကေသာ ဘာမှ ဒရမာမချိုးဘူး... အမေ ရိုက်တာမှန်တယ်... So sweet က ဒရမာ တစ်သိန်းလောက်ချိုးတာ"
"အာ... မဟုတ်တာကို သားဘယ်တုန်းက ဒရမာချိုးဖူးလို့လဲလို့!"
"ဘာလို့မဟုတ်ရမှာလဲ... မယုံရင် ကိုကြီးငြိမ်းမေးကြည့်... နော်ကိုကြီး ဟုတ်တယ်မလား"
"အဟားဟား"
အစ်ကိုက ရယ်လျှက် အာကာ့နားရွက်ဖွဖွပွတ်ပေးနေသည်။
"အတူတူပဲ နှစ်ကောင်လုံး... ကေသာကြည်ညွှန်းရော အာကာကြည်ညွှန်းရော"
လေးမောင်က ဝင်ပြောသည်။
"ဟုတ်တယ် နာနာမှတ်မိသေးတယ် နာနာတို့ငယ်ငယ်က သီတာလမ်းအိမ်မှာနေကြတုန်းကလေ So sweet က ရေချိုးရင်း ဆပ်စလူးထပြီး ချော်လဲတာ... အဲ့ဒါ အနားမှာ လူတစ်ယောက်မှမရှိတော့ မငိုသေးပဲအောင့်ထားပြီး ဖင်ပြောင်နဲ့ အိမ်ရှေ့ထွက်လာပြီးလူလိုက်ရှာတာလေ... နာနာနဲ့ မကြီးကိုတွေ့မှ မကြီး...မမနာနာ သားခုနတုန်းက ချော်လဲသွားတာ...ဗြဲ ဆိုပြီးငိုတာလေ"
"အား!! ငယ်ငယ်တုန်းကနဲ့ ဘာဆိုင်လို့လဲလို့ သားက အဲ့ဒီတုန်းက ကလေးပဲရှိသေးတာကို ဘာမှမဆိုင်ဘူး... မမကေသာကမှ ဒရမာကွင်း... အလတ်ဆိုပြီး ဒရမာတွေချိုးတာ"
"အမယ် အခုကြီးတော့လည်း အတူတူပါပဲ... ကိုကြီးငြိမ်းကိုဆို တစ်ချိန်လုံး ကောက်လိုက်ချိတ်လိုက်နဲ့ ဒရမာချိုးနေတာများ"
"တော်ပြီ တော်ပြီ နောက်တစ်ခုမေး"
"အိုခေ... ဘယ်သူက အိမ်သန့်ရှင်းရေး အလုပ်ဆုံးလဲ"
ဒီတစ်ခါ အဆော်ခံရသူက အာကာတို့အိမ်ရဲ့ နှစ်ယောက်မရှိသော ဟေမာစင်ဒရဲလား။
"အား! ဖြည်းဖြည်းရိုက်ကြပါ ဟေမာ့ကြောင့် အိမ်က ဒီလောက်သန့်နေတာကိုနော်"
"ဟုတ်တယ် ဟုတ်တယ် ငါ့သမီးလေးကြောင့်"
"ညည်းဟာက လွန်လွန်းတာပါ... သူ့ကြမ်းပြင်ပေမှာစိုးလို့တဲ့...ငါ့ အိမ်ထဲနေတာတောင် ခြေအိတ်စွပ်ထားရမယ့်ပုံ"
"လေးမောင်က ခြေထောက်မသုတ်ဘဲ လျှောက်သွားနေတာကိုးလို့"
"နောက်တစ်ခုမေးမယ်... ဘယ်သူ စာအတော်ဆုံးလဲ"
ဒီတစ်ခါ အရိုက်ခံရသူက မမနန္ဒာ။ ပြီးမှ အဖေကြီးက ကျန်တဲ့ မောင်နှမတွေအားလုံးကို တစ်ယောက်တစ်ချက်စီထပ်ရိုက်လိုက်ပြီး...
"အဖေကြီးကလေးတွေ အကုန်စာတော်တယ်... ဆုမရဖူးတဲ့သူလို့ မရှိဘူး... ဇေယျာလည်း ငယ်ငယ်တုန်းက ဆုရဖူးတယ်တဲ့... ဟုတ်လား သားဇေ"
"ဟုတ် အဖေကြီး"
"အေးပေါ့ ကိုမိုးဆွေက ဆရာဝန်ဆိုတော့ သူ့သားကိုသေချာသင်ပေးမှာပေါ့... မော်မော်လည်း ဆုတစ်ခါ ရဖူးတယ်"
အဖေကြီးအပြောကြောင့် အာကာက ရှေ့တွင်ထိုင်နေသော မော်မော့်ခေါင်းကို လက်သီးနှင့်ထုလိုက်ပြီး...
"နင်က ဘာရဖူးတာလဲ"
"ဇလုံတစ်လုံး"
"အမ်!" "အဟားဟား"
"ဘာဆုရဖူးတာလဲ မေးနေတာဟ"
"ဪ...သုံးတန်းနှစ်ကလေ ဒုတိယဆု...ဟီဟိ"
"ဆရာမက လူမှားပေးတာနေမှာပေါ့... အခုအဲ့ဇလုံရော တောင်းစားဖို့ သိမ်းထားသေးလား"
"ဟွန်း!!! ကိုကြီး So sweet ကလည်း"
"So sweet ကလည်း ကလေးကိုကွာ အဟားဟား"
"နောက်တစ်ခု မေးမယ်... အလိမ္မာဆုံးက ဘယ်သူလဲ"
အားလုံးက လက်ညှိုးဝိုင်းထောင်ကြပေမယ့် အရိုက်ခံရသူက အစ်ကိုတစ်ယောက်တည်းဖြစ်၏။
"သားငြိမ်းက အလိမ္မာဆုံးပဲ"
"ဟုတ်တယ် ဟုတ်တယ်"
အာကာက အစ်ကို့ကိုသိုင်းဖက်ပြီး နားထင်စပ်ကလေးကို ငုံ့နမ်းလိုက်သည်။
"So sweet, Live လွှင့်နေတယ်လေကွာ"
အစ်ကိုက ခေါင်းငုံ့သွားပြီး ခပ်တိုးတိုးလေးပြောလာသည်။
"နောက်တစ်ခုက... အချစ်ခံရဆုံးက ဘယ်သူလဲ"
"အား!!! ဒီမှာ ဒီမှာ.... ပေါက်ပေါက်... အဟားဟား"
"ဝုတ်ဝုတ်!!"
အားလုံးက ဝိုင်းအော်ကြပြီး ပေါက်ပေါက်ကလည်း သူ့ပြောမှန်းသိ၍ တဝုတ်ဝုတ်နှင့်ဟောင်နေသည်။
"နောက်ဆုံးတစ်ခုမေးမယ်... ဒီအိမ်မှာ အလွဲဆုံးက ဘယ်သူလဲ"
"အဟား"
အဖေကြီးရယ်လိုက်ပြီး အမေ့ခေါင်းကို ရိုက်လိုက်သည်။
"ဟော်တော်... ဘာလို့ ကျုပ်ကိုရိုက်တာတုန်း"
"အဖေကြီး သားသမီးတွေ လွဲတာ သူ့မေကိုတူတာလေ... သူ့မေတို့ လွဲချက်ကတော့ ကိုယ့်ယောက်ကျားကိုယ်တောင် လွဲတာဗျား"
"ဟယ်!!!"
အားလုံး၏ ဝိုင်းအော်သံများညံသွားကြပြီး အမေကလည်း တစ်ခွိခွိနှင့် ရယ်လို့မဆုံးတော့ပေ။
"အဖေကြီး ပြောပြဦး"
"အဖေကြီးတို့ ညားခါစက လင်မယားနှစ်ယောက်သား လမ်းထိပ်မှာ မုန့်ထွက်ဝယ်စားကြတာပေါ့... အဲ့ဒီမှာ ရန်ပွဲဖြစ်နေတာနဲ့ တိုးပါလေရော... အဖေကြီးက လူတွေရှုပ်နေလို့ သူ့ကိုထိခိုက်မိမှာစိုးလို့ ဘေးကနေ နောက်ကိုဆွဲပို့လိုက်တာပေါ့ အဲ့ဒါကို ကြောက်အားလန့်အားနဲ့ မမချောက သူ့ဘေးကလူတစ်ယောက် လက်မောင်းကို ကျစ်နေအောင်ဖက်ထားပြီး အဲ့ဒီလူနောက်ပါသွားတော့မလို့လေ... အဖေကြီးမှာ မနည်းပြန်လိုက်ခေါ်ရတာ"
"အား!!!! ဒေါ်ခင်ခင်မျိုးဆွေ ရေး!!!!"
အာကာတို့မောင်နှမတွေ ပြိုင်တူဝိုင်းအော်ကြတော့ အမေက ဖြေရှင်းချက်ထုတ်သည်။
"အဲ့ဒါက သူ့ဖေနဲ့တူတူ အပြင်သွားရင်ဘေးမှာပဲနေပြီးလက်မောင်းကိုချိတ်တာ အကျင့်ပါနေလို့ပါဟယ်... ရုတ်တရက်နောက်ရောက်သွားတာကို သတိမထားမိဘူး... ဘေးကလူကို သူ့ဖေထင်ပြီး လက်ဆွဲချိတ်မိတာပါတော်... ဟိုလူကလည်း ယောင်နနနဲ့ ကျုပ်ကိုခေါ်သွားတာတော့"
"မမက အဲ့ဒီတစ်ခုပဲ လွဲတယ်ထင်နေလား... ငါတို့ငယ်ငယ်က အိမ်ကို အဖေ့မိတ်ဆွေဦးလေးကြီးလာတာ ဆောင်းရာသီဆိုတော့ လိမ္မော်ရောင်ဆွယ်တာအင်္ကျီကြီး ဝတ်ထားတာ... ဦးလေးကြီးက ထိပ်ကပြောင်နေသေးတယ်... မျက်မှန်ကြီးကတပ်လိုက်လို့... အဲ့ဒါကို မမက သေချာမကြည့်ပဲ ဘုန်းကြီးကြီးထင်ပြီး အိမ်ပေါက်ဝရောက်တော့ ကျကျနနထိုင်ပြီး ဦးတွေကုန်းချနေတာလေ... ဟိုဦးလေးကြီးမှာ ထိုင်ရမလို ထရမလို ကုန်းကုန်းကွကွတွေဖြစ်ကုန်ရော"
"အဟားဟားဟား"
အမေကလည်း သူ့အဖြစ်သူ ပြန်သတိရပြီး တခွိခွိနှင့်ရယ်နေတော့၏။
"လေးမောင်ကကျတော့ သူများကို လွဲအောင်သိပ်လုပ်တာ"
"အောင်မာ ငါ ဘာများလုပ်လို့တုန်း"
ဒီတစ်ခါတော့ အာကာ မနေနိုင်တော့...
"လုပ်တယ်လေ... သားမှာ အောင်မင်္ဂလာအဝေးပြေးကွင်းထဲပတ်ပြီး မာန်နတ်မင်း ကားဂိတ်ရှာလိုက်ရတာ"
"ဟ! အဲ့ဒါ မင်းဟာမင်း သေချာမှ နားမထောင်တာကွ"
"ဟွန်! လေးမောင် လူကြုံပစ္စည်းယူမသွားလို့ သားရေဖိနပ်ကြီး ရေခဲသေတ္တာထဲထည့်ထားရတာလည်း ထည့်ပြောဦး"
"အေးလေ... ကံကောင်းလို့ မမကေသာက ခရမ်းချဉ်သီးနဲ့ ချက်စားတော့မလို့"
"ကျွန်တော့်ကိုလည်း ပေါက်ပေါက်က ဘယ်သူလဲ မပြောလိုက်ဘဲ သွားရှာခိုင်းတာ"
"ဟဲ့... Live ကြီးလွှင့်ပြီး ပြောချင်တာတွေ ပြောနေကြတယ်... ဟိုမှာ Ha Ha react တွေချည်းပဲ တက်ကုန်ပြီ တော်ကြတော့"
"အဲ့ဒါဆို မောင်နှမတွေ Confession time လုပ်ကြမယ်"
မမကေသာက Confession ဟုခေါ်သော ဖြောင့်ချက်ပေး ဝန်ခံခြင်းလုပ်ကြရန် အစဖော်သည်။
"လုပ်ကွာ... အဖေကြီးတို့လည်း နားထောင်မယ်"
"မကြီးကနေ အရင်စမယ်... မကြီးက ကေသာတို့ မောင်နှမတွေအပေါ်မှာ စိတ်ခုတာမျိုး ရှိခဲ့ဖူးလား... ပြီးတော့ ဘယ်သူ့ကို တောင်းပန်ချင်တာမျိူးရှိလဲ"
"အင်း"
မကြီးက ခဏမျှစဉ်းစားနေပြီး...
"မောင်နှမတွေဆိုတော့ ကလေးဘဝတုန်းက စိတ်ခုတာမျိုးတော့ ခဏခဏရှိခဲ့ပေမယ့်... နာနာ့ကို ခဏခဏ ဖြစ်မိတယ်... နာနာနဲ့ ငါက နှစ်နှစ်ပဲကွာတာဆိုတော့ ရန်ခဏခဏဖြစ်ရတယ်လေ... ပြီးတော့ နာနာက တစ်ကိုယ်ကောင်းဆန်တယ် သူ့ဖို့ပဲအရင်တွေးပြီးမှ ကျန်တဲ့သူတွေကိုစဉ်းစားတာလို့ထင်ပြီး စိတ်ခုတာ"
"သိပါတယ် နာနာ့ကို မုန့်မှာလိုက်လို့ မပါလာတဲ့အခါမျိုးဆို ပိုပြီးစိတ်တွေဆိုးတာလေ...ဟွန်း"
မမနန္ဒာက နှုတ်ခမ်းစူ၍ပြောသည်။ မကြီးက မမနန္ဒာကို သိုင်းဖက်လိုက်ပြီး...
"အေးပါ... အဲ့ဒါကြောင့်လည်း တောင်းပန်ချင်တဲ့သူကလည်း နန္ဒာကြည်ညွှန်းပါပဲ... နည်းနည်းလေး တစ်ကိုယ်ကောင်းဆန်တတ်ပေမယ့် မောင်နှမတွေကို သူများက ထိပါးလာရင် ထိပ်ဆုံးကနေ ရဲရဲတောက် fight တတ်တဲ့သူမို့ အားကိုးပါတယ်နော်... မွ...မွ"
"အီး..... အူယားတယ်"
"ကဲ... မမနာနာ အလှည့်"
"နာနာက ကျတော့ မကြီးပြောသလိုပဲ သူများစိတ်ခံစားချက်ကို သိပ်ဂရုမစိုက်တတ်ဘဲ စာပဲအချိန်ပြည့်လုပ်နေတတ်တော့ ကိုယ်စာကျက်လို့မရတော့တဲ့ အခါမျိုးမှာဆို ဘေးမှာနှောက်ယှက်နေကြတဲ့ သူတွေကို အကုန်စိတ်ခု ဖူးတယ်... အထူးသဖြင့် ကေသာနဲ့ So sweet... သူတို့နှစ်ကောင်က တအားဆူညံကြလို့... တောင်းပန်ချင်တဲ့သူကတော့ မကြီး... မကြီးက နာနာ့ကြောင့် ခဏခဏ စိတ်တိုပြီး ငိုရလို့... နောက်ဆို အာမမခံနိုင်ပေမယ့် ဆင်ခြင်ပါ့မယ်... ဟီးဟီး"
"ကေသာကရော"
"အင်း... ကေသာက... ကေသာက အားလုံးသိကြတဲ့အတိုင်းပဲ စိတ်ရှင်းတယ် မကျေနပ်ရင်ချက်ချင်းထုတ်ပြောပြီး ပြဿနာရှာတတ်တဲ့သူမို့ ဘယ်သူ့ကိုမှစိတ်မခုဖူးဘူး... အလတ်ဆိုပြီး မျက်နှာသာမပေးခံရတာကို ခဏခဏမကျေနပ်လို့ ပြောနေပေမယ့် မကျေနပ်နေတာပဲရှိတာ... စိတ်ခုနေတာမျိုးတော့မရှိပါဘူး"
"လာပြန်ပြီ အဲ့ဒီ မျက်နှာသာမပေးခံရဘူးဆိုတာကြီးက နင့်ဟာနင် ထင်နေတာကို"
"ဟွန့်... မသိဘူး... မကျေနပ်တာက မကျေနပ်တာပဲ... တောင်းပန်ချင်တာကတော့ ပူတူးနဲ့ So sweet ကို"
မမကေသာက ပြောပြီး မမဟေမာ့လက်မောင်းကို လှမ်းဖက်လိုက်သည်။
"ပူတူးကို တောင်းပန်ချင်တာက အငယ်ဆိုပြီး အများကြီး ညာညာခိုင်းခဲ့မိလို့ တောင်းပန်ပါတယ်လို့... ဆက်ပြီးလည်း ခိုင်းနေဦးမှာမို့လို့ ကြိုပြီးတောင်းပန်ပါတယ်လို့"
"ဟွန့်"
"So sweet ကိုတောင်းပန်ချင်တာကျတော့ ငယ်ငယ်ကလေ So sweet မှတ်မိသေးလားတော့မသိဘူး... ရေချိုးပေးပြီး သနပ်ခါးလိမ်းပေးနေတာကို ငြိမ်ငြိမ်မနေလို့ သနပ်ခါးခြစ်တဲ့ သွားပွတ်တံကြီးနဲ့ နဖူးကို ခေါက်ချလိုက်တာ.... So sweet က အရမ်းနာသွားပေမယ့် ကေသာ့က မငိုနဲ့လို့ပြောတော့ မငိုရဘူး... ဒါပေမယ့် မျက်လုံးထဲမှာက မျက်ရည်တွေကပြည့်လာတာလေ.... အခုပြန်ပြန်တွေးပြီး အရမ်းသနားတာပဲ.... သြော် ငါ့မောင်လေး pain scenes အရမ်းများလို့ တစ်ခုခုဆို သူများထက်ပိုနာတတ်တာ ငါသိရဲ့သားနဲ့ လုပ်မိလေခြင်းဆိုပြီး နောင်တတွေရနေတာ... အဲ့ဒါ So sweet ကိုတောင်းပန်ပါတယ်လို့"
"သားကဖြင့် မှတ်တောင် မမှတ်မိတော့ပါဘူး.... အစ်ကို့... တွေ့လား... ကျွန်တော်ငယ်ငယ်က အရမ်းအနိုင်ကျင့်ခံရတာ... အစ်ကိုက ပိုချစ်ပေးဦးနော်"
"အင်း"
အာကာက အစ်ကို့လည်တိုင်နား ခေါင်းတိုးဝှေ့ပြီးပြောတော့ အစ်ကိုက အင်း ဟုဖြေကာ အာကာ့ပါးကိုပွတ်ပေးလာသည်။
"အမလေးဟဲ့... ငါသနားနေတာတောင် ပျောက်သွားပြီ"
"ဟေမာ့အလှည့်.... ဟေမာက ဘယ်သူ့ကိုမှ စိတ်တော့မခုဖူးဘူးထင်တာပဲ... တောင်းပန်ချင်တာကတော့ So sweet ကို"
"ဟာ...သားကို ဘာလုပ်ထားပြန်ပြီလဲ.... အဖေကြီး... အဖေကြီးသမီးတွေ တွေ့လား"
"မီးလေးက မောင်လေးကို ဘာတောင်းပန်ချင်တာလဲ"
"အဲ့ဒါကလေ... ငယ်ငယ်တုန်းက အဖေကြီးက ဟေမာ့ကိုယောက်ျားလေးမွေးမယ်ထင်ပြီး မိန်းကလေးဖြစ်သွားလို့ မချစ်တော့ဘူး So sweet ကိုမွေးမှ ချစ်တာလို့ လူကြီးတွေက ခဏခဏစကြလို့ ဆိုက်ကိုတွေဝင်ပြီး So sweet ကို မိန်းကလေးဖြစ်သွားအောင် ဂျိုးဖြတ်ပစ်မယ်လို့ ခဏခဏ တွေးဖူးလို့"
"ဘာ!! အား!!! မမဟေမာ!!!!"
"ဟယ်!!!"
"ငါ့သမီးလေးကတော့ကွာ"
"စိတ်ကူးကိုလက်တွေ့ အကောင်အထည်မဖော်ခဲ့လို့ သောက်ရမ်းကျေးဇူးတင်သွားပြီ ဒေါ်ဟေမာကြည်ညွှန်း... နေ့တိုင်းကို ထိုင်ရှိခိုးဦးမယ်"
"အဟားဟားဟား"
အော်သံ ရယ်သံတွေဆူညံသွားကြပြီး Live ထဲမှာလည်း react တွေ မျိုးစုံတက်လာနေတော့သည်။
"So sweet ကရော"
"သားက အခု မမဟေမာကို စိတ်ခုသွားပြီဗျာ... သူ့မှာမပါတိုင်း သူများဟာကိုဖြတ်ဖို့တွေးနေတာ"
"တောင်းပန်ပါတယ်လို့ ပြောပြီးပြီပဲဟာကို"
"သားက မောင်နှမတွေထဲမှာ တောင်းပန်ချင်တာက ဇေယျာ့ကို"
အာကာ့အပြောကြောင့် ဇေယျာက မျက်လုံးလေးပြူးပြီး လှည့်ကြည့်လာသည်။
"ဗျာ... ဘာလို့လဲ ကွာကာ"
"မင်းကို စသိတော့ ကျန်တဲ့မောင်နှမတွေထက် နောက်ကျပြီးမှ လက်ခံမိလို့"
"အာ.... မဟုတ်တာ... ကျွန်တော် နားလည်ပါတယ် ကျွန်တော်က အခုလိုဒီမိသားစုထဲမှာ ဒီလိုပါဝင်ခွင့်ရတာကိုပဲ ဘုရားပေးတဲ့ဆု အနေနဲ့ သတ်မှတ်ထားပြီးသားပါ... တစ်လက်စတည်း မိသားစုဝင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်"
"Awwnnn!!!"
"ဟုတ်ပါပြီ"
"အေးပါ အေးပါ"
မောင်နှမတွေက တစ်ယောက်တစ်မျိုးဝိုင်းအော်ပြီး ဇေယျာ့ခေါင်းမှဆံပင်တို့ကို ဆွဲဖွနေကြသည်။
"ကဲ... Live ပိတ်ကြတော့မလား... ကြာနေပြီ"
"ကွန်မန့်တွေလည်း ဘယ်သူမှ မဖတ်ကြဘူး ပြောချင်တာတွေပြောနေကြတာ"
"အဖေကြီး ဦးကြည်ညွှန်း စကားလက်ဆောင်လေး ပြောပေးပါတဲ့... အားလုံးကို အရမ်းချစ်တယ်တဲ့"
"ကြည်ညွှန်း Family ကြီးထဲမှာ လာနေချင်တယ်တဲ့... လာခဲ့ပါရှင့်"
"ဒီမှာ ကြည့်ပါဦး ကွန်မန့် လာမန့်ကြတဲ့သူလေးတွေက သူတို့နာမည်နောက်လေးတွေမှာ ကြည်ညွှန်းဆိုပြီး ထည့်ထားကြတာ... ချစ်စရာလေးတွေ"
"ဟယ် ဟုတ်ပ ကြည့်ဦး... အဖေကြီး သားသမီးတွေအများကြီးပဲ"
"အဖေကြီး... တစ်ခုခုပြောပေးလိုက်ပါဦး"
"ဟုတ်သားပဲ သူ့ဖေ ကလေးတွေကို ပြောလိုက်ဦး"
အဖေကြီးက ထိုင်ခုံမှာ နေရာပြင်ထိုင်လိုက်ပြီး...
"ကလေးတွေအကုန်လုံးကို အဖေကြီးက ကိုယ်မွေးထားတဲ့ သားသမီးတွေလိုပဲ တန်းတူသဘောထားတယ်နော်... အားလုံး လိမ်လိမ်မာမာနဲ့ အကောင်းဆုံးကြိုးစားနေထိုင်ရမယ်နော်... အဖေကြီး ပြောခဲ့ဖူးတာလေးတွေလည်း မမေ့ကြနဲ့"
"အဖေကြီးပြောပြတဲ့ ဒူးရင်းသီး ဥပမာလေး အရမ်းကြိုက်တယ်တဲ့ So sweet ကရော မမကေသာကို စနေသေးလားတဲ့"
"အင်း အဖေကြီးပြောတဲ့ ဒူးရင်းသီးဥပမာလိုပဲ မှတ်ထားနော်... ကိုယ်မကြိုက်ရင် မသုံးခွင့် မစားခွင့်ရှိတယ် ဒါပေမယ့် ကြိုက်နေတဲ့သူရဲ့ရှေ့မှာ နံလိုက်တာ ရွံလိုက်တာ အဲ့ဒီလိုမျိုးတွေ မပြောရဘူး... အဲ ... ထို့အတူပဲ... ဒီနေရာမှ အဖေကြီးဖြည့်ပြီးပြောချင်တာလေးက ဒူးရင်းသီးကြိုက်လို့စားနေတဲ့သူကလည်း မကြိုက်တဲ့သူတွေရှေ့မှာ လှောင်ပြောင်ပြီး သွားမစားပြရဘူး... ဥပမာဆို နိုင်ငံခြားမှာ ဒူးရင်းသီးတွေကို ဆိုင်မှာထိုင်စားဖို့ နေရာသပ်သပ်လုပ်ပေးထားတယ်... အများပြည်သူသုံး ရထားတွေ ကားတွေပေါ်ကို သယ်ယူခွင့်မပေးဘူး... ဘာလို့လည်းဆိုတော့ အရမ်းအနံ့ပြင်းလွန်းရင် မူးဝေအော့အန်တတ်ပြီး လူတိုင်းလက်မခံနိုင်တာမျိုးမို့လို့... ပတ်ဝန်းကျင်ကို Consider လုပ်ပေးရတဲ့ အနေနဲ့ နိုင်ငံတကာ Law အရ ဒီလိုစည်းကမ်းသတ်မှတ်ပေးထားတာ... အဲ့ဒီတော့ ဒူးရင်းသီးစားမယ့်သူတွေကလည်း သူ့နေရာလေးမှာသူ အေးအေးဆေးဆေးသွားစား... မစားတဲ့သူတွေကလည်း သူ ကိုယ့်နားယူလာပြီး မနှောက်ယှက်ရင် သူများစားနေတာကို သွားပုတ်လေလွင့်မပြောရဘူး... အချင်းချင်း အဲ့ဒီလို Mutual respect လေးတွေထားသင့်တယ်... ဘယ်အရာမဆို သူ့နေရာနဲ့သူရှိတယ် Public မှာ ရောရောထွေးထွေးတွေ မလုပ်သင့်ဘူး"
"Mutual respect မရှိတဲ့သူဟာ တကယ့် ဘဝထဲကိုတိုးဝင်ပြီး အများနဲ့ လုပ်ငန်းခွင်ထဲဝင်ရတဲ့အခါ ဘယ်တော့မှ အဆင်မပြေတတ်ဘူး... ပတ်ဝန်းကျင်နဲ့ အဆင်မပြေတာကြာရင် စိတ်ကျရောဂါတွေပါ ရလာတတ်တယ်.... နော်... အဲ့ဒီလိုပဲ ဘယ်သူ့ကိုပဲဖြစ်ဖြစ် Mutual respect လေးထားပြီးနေရင် အရာရာအဆင်ပြေလိမ့်မယ်... ဟုတ်ပြီလား"
"ကဲ... အဖေကြီးပြောတာ ကြားကြတယ်နော်... အားလုံးပဲ ကေသာတို့ကြည်ညွှန်း family ကြီးနဲ့တူတူ အဖေကြီးစကားနားထောင်ပြီး ပျော်ပျော်ရွှင်ရွှင် နေကြပါမယ်"
"ဟဲ့ နှုတ်ဆက်ကြဦး... လေးမောင် နှုတ်ဆက်ဦးလေ... ဘယ်ထသွားတာလဲ"
"တာ့တာ တ့ာတာ... အိမ်သာတက်ချင်နေပြီဟ"
"အားလုံး တာ့တာ့"
"တာ့တာ"
"ပေါက်ကလေး နှုတ်ဆက်လိုက်ဦး"
"ဝုတ် ဝုတ်"
"Byeeee"
..................................................................................
<3 DiDi Zaw
(23/11/23)
လွမ်းနေကြတယ်ဆိုလို့ပါ