Ep 6 (U)

44.5K 3.7K 370
                                    

မကြီးသန္တာ၏ ရုံးခန်းထဲတွင် အာကာ စာရင်းတွေကူလုပ်ပေးနေရသည်... Full time ဝင်မလုပ်သေးသည့်အတွက် အာကာ့မှာ ကိုယ်ပိုင် ရုံးခန်းမရှိသေးပေ...

"မမသန္တာ...ပါဆယ် ရောက်လို့"

"အေးအေး ညီမလေး...ဝင်ခဲ့လေ... so sweet ရေ ယူထားလိုက်ပါဦး"

ဝန်ထမ်း အစ်မတစ်ယောက်လာပေးသော ပါဆယ်ထုတ်ပေါ်မှ နာမည် စာလုံးပေါင်းကိုကြည့်၍ အာကာ ရယ်လိုက်မိသည်...

"မကြီး...ဒီမှာ... သန္တာကြည်ညွန့် တဲ့...ဟားဟား"

"မှားပြန်ပြီလား...ငါစိတ်ညစ်တယ်ဟယ်"

ဤသည်က အာကာတို့ မောင်နှမ ၅ယောက်လုံး ကြုံတွေ့နေကျ အလွဲဖြစ်သည်... အမြဲတမ်းလိုလို ဟထိုးပြုတ်ကျန်ခဲ့ပြီး ဝစ်စပေါက်နှင့် အောက်ကမြင့်ကို လွဲရေးတတ်ကြသည်... ကြည်ညွန့် ဆိုသည့်နာမည်ကြီးက တောဆန်သဖြင့် အာကာတို့က မကြိုက်ကြပေ... မမကေသာဆို သူ့နာမည် မှားရေးခံရသည့်အခါတိုင်း အမြဲစွေ့စွေ့ခုန်နေတတ်သည်...

Facebook မှာ နာမည်စာလုံးပေါင်းနှင့်ပတ်သက်သည့် memes တွေ တွေ့လျှင် ထိပ်ဆုံးက share တတ်ပြီး...

"It's ကေသာကြည်ညွှန်း...Not ကေသာကြည်ညွန့်...Okay? !!! "

ဟူသည့် caption ကြီးနှင့် လောင်နေကျဖြစ်သည်...

"ကေသာ သူ့ရုံးခန်းထဲမှာ မရှိဘူးလား...so sweet ကြည့်ပေးဦး... ဖုန်းခေါ်တာကို မကိုင်ဘူး"

"account ခန်းထဲမှာ လေသွားပစ်နေတာ နေမှာပေါ့"

မမကေသာ အပြောကောင်းသလောက် ဝန်ထမ်းတွေကို လေ နှင့် ထိန်းထားတတ်သူဖြစ်သည်... တစ်ရုံးလုံးက သူ့လေကြောမှာ မျောသွားကြသည်ချည်းပင်...

အာကာ စာရင်းများအားလုံး လက်စသတ်ပြီးသွားတော့ ဖုန်းကိုကောက်ကိုင်လိုက်သည်... Contact ထဲမှ My Home ဆိုသည့် name လေးကိုကြည့်ရင်း ဖြူလွှလွှ တိမ်စိုင်ခဲလေးကို သတိရမိပြန်သည်... လွမ်းလို့ရယ်မှ ကြည့်စရာပုံတစ်ပုံမှ မရှိသည့်အဖြစ်ကို တွေးမိရင်း Call button ကို ချက်ချင်းနှိပ်လိုက်မိတော့သည်...

ဖုန်းခေါ်နေရင်း မကြီးရှိနေသည်ကို သတိရကာ ရုံးခန်းအပြင်ဘက် ဝရံတာသို့ထွက်ခဲ့လိုက်သည်... ဒီအချိန်ကြီး ဖုန်းခေါ်လိုက်၍ အနှောက်အယှက်ဖြစ်သွားမလား တွေးမိပေမဲ့ တစ်ဖက်မှပြန်ဖြေလာသည့် အသံအေးအေးလေးကြောင့် အာကာ့မျက်နှာက ပြုံးဖြီးသွားရသည်...

Match Made In Clouds Where stories live. Discover now