"ငြိမ်းရယ် မျက်နှာကြောလေးလဲ လျှော့ပါဦးဟာ...သင်္ကြန်က ဒီလိုပဲဟာကို"
ချယ်ရီ ပြောမှ ငြိမ်း မျက်ခုံးတွေပြေလျော့ဖို့ သတိရတော့သည်... ဘေးကားက ကောင်လေးက ကြုံလို့ရေပက်တာထက် ငြိမ်းမှန်းသိလို့ သက်သက် လိုက်နှောက်ယှက်နေတာမှန်း ငြိမ်းသိသည်... လူကိုလည်းလာပြုံးပြနေလိုက်တာများ ချိုမြလို့... မသိရင် ငြိမ်းနဲ့ သူကပဲ ငယ်ပေါင်းကြီးဖော်တွေလို... ခုခေတ်ကလေးတွေက တကယ်ကိုမလွယ်ကြော...
ကားမှန်ကို တဗြန်းဗြန်းနှင့် ရေလာပက်နေရာမှ ငြိမ်သွား သဖြင့် ထိုကောင်လေးမှာ ရေကုန်သွားပြီဟု ငြိမ်းက သိလိုက်သည်... ငြိမ်း စိတ်ထဲက ကျိတ်၍ ရယ်လိုက်မိသည်...
"ငြိမ်း...ဗိုက်ဆာတယ်ဟာ...အိမ်မပြန်ခင် တစ်ခုခုဝင်စားရအောင်လေ"
"အင်း ဆိုင်တွေကတော့ သိပ်ဖွင့်မှာမဟုတ်ဘူး ပြန်ရင်းနဲ့ လမ်းပေါ် ရှာကြည့်မယ်လေ"
ညနေ၆ နာရီ မဏ္ဍပ်တွေပိတ်မှပဲ ကားတန်းတွေကရွေ့တော့သည်... ငြိမ်းတို့ကားတန်းက အရင်ရွေ့သဖြင့် ဟိုကောင်လေးတို့ကားက နောက်မှာကျန်နေခဲ့သည်... ငြိမ်းတို့နေထိုင်ရာ မြောက်ဒဂုံဘက်သို့ ပြန်မောင်းလာရင်း လမ်းဘေးဝဲယာမှာ ဖွင့်သည့်ဆိုင်များကို ဟိုဟိုဒီဒီရှာဖွေကြည့်ရသည်...
"ငြိမ်း...ဟိုမှာ ဟိုမှာ ခေါက်ဆွဲဆိုင်လားမသိဘူး ဝင်ဝယ်ရအောင်"
"အင်း...နင် နေခဲ့ ငါပဲဆင်းဝယ်လိုက်မယ်"
ဆိုင်ရှေ့မှာလဲ တခြားကားတွေရပ်ထားသောကြောင့် နောက်နားတွင် ကားဝင်ရပ်လိုက်ပြီး ငြိမ်း ကားပေါ်မှဆင်းလိုက်သည်... ဆိုင်ထဲဝင်တော့ အရှေ့မှာ အော်ဒါမှာထားတဲ့သူတွေရှိ၍ စောင့်နေရသည်... ငြိမ်းအရှေ့မှ အမျိုးသမီးက ခေါက်ဆွဲထုတ်တွေကိုယူပြီး နောက်သို့အလှည့် ငြိမ်းနှင့် တိုက်မိမလိုဖြစ်သွားစဥ်...
"အို"
"ဟင်"
ထိုအမျိုးသမီးလက်ထဲမှ ဟင်းရည်ထုတ်က ငြိမ်းရင်ဘတ်ဆီသို့ တန်းတန်းမတ်မတ်ရောက်လာသဖြင့် မျက်လုံးတွေကို ရုတ်တရက်မှိတ်ပစ်လိုက်မိသည်... သို့သော်လည်း ငြိမ်းရင်ဘတ်တစ်ခုလုံး ပူသွားရမည့်အစား ငြိမ်းရဲ့ လက်ကောက်ဝတ်တစ်ဖက်က တင်းခနဲခံစားလိုက်ရပြီး ဘေးသို့ဆွဲယူခြင်းခံလိုက်ရသည်...
YOU ARE READING
Match Made In Clouds
RomanceMyanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရာနေရာမရှိအောင် သဲသဲလှုပ်တဲ့ အဆိုးလေး အာကာကြည်ညွှန်း တို့အကြောင်း