(Unicode)
True love 💭❤ အပိုင်း - ၄၄
ရွှေကူတို့ရွာရောက်ပြီးနှစ်ပတ်ပြည့်။
ရွာတွင်အကိုလေးမနေနိုင်လောက်ဘူးဟုထင်မိသည့်ရွှေကူမှာ အတွေးတွေမှားခဲ့သည်ကို အကိုလေးကသက်သေပြခဲ့လေသည်။ ယခုဆိုအကိုလေးဟာ မနက်ဆိုလျှင်လဲ ကျောင်းမသွားမှီခလေးတစ်ဖွဲ့နှင့်စကားလက်စုံကျနေတတ်သလို ညနေတို့တွင်လဲ ခလေးတွေကိုမုန့်ဝယ်ကျွေး၍ ခလေးတွေနှင့်ပျော်နေတတ်သေးသည်။ အကိုလေးခလေးချစ်တတ်မှန်း ရွှေကူလဲယခုမှသိခဲ့ရသည်။ အကိုလေးကတော့လေ ရွာရောက်မှ တဂယ်ခလေးသူကြီးကိုဖြစ်လို့ပါလေ။
ဒါနှင့်မပြီး ညဆိုလဲ ရွှေကူတို့အိမ်ဘက်သီချင်းလေးလာဆိုတတ်သလို တစ်ခြားကာလသားများနှင့်လဲ အတူလိုက်၍ရွာတစ်ပတ်ပြည့် သီချင်းလိုက်ဆိုတတ်သေးသည်။ ရွှာမှကာလသများဟာ အကိုလေးကိုခင်မင်နေကြသလို အကိုလေးဟာလဲအားလုံးနှင့်အဆင်ပြေစွာကို အေးအေးချမ်းချမ်းနှင့်ရှိနေလေသည်။
ရွှေကူလဲယခုဆို စိတ်ရှင်းစွာနှင့်အကိုလေးကို ချစ်၍ရနေပြီဖြစ်သည်။ စရောက်တဲ့နေ့က ရွာမှာအကိုလေးမအူမလည်ဖြစ်နေမည်ဆိုး၍ ရွှေကူစကားပြန်ပြောကာ အရင်လိုပြန်နေပေးခဲ့ခြင်း။နောက်မှပြန်စိတ်ဆိုးပြီး နဲနဲလေးတင်းမာမည်ဟုတွေးထားသော်လည်း စိတ်ကမရ ချစ်နေတော့လဲ ရွှေကူ့မှာအရင်လိုပြန်ဖြစ်ကာ အကိုလေးကိုရွေးချယ်ဖို့ရွာပြန်လာခဲ့သည်တောင်မေ့ခဲ့ရသည်လေ။
"အို.. ရွှေကူ့ကို ရူးတယ်ပဲပြောပြောအကိုလေးဘေးမှာရှိနေပေးရင် ရွှေကူပျော်တယ်
အရာရာကိုခွင့်လွှတ်ပေးမယ် အကိုလေးချစ်သလို ရွှေကူလဲချစ်ပေးမယ်"
" အကိုလေးနဲ့ သာယာတဲ့ဘဝလေးတည်ဆောက်ချင်တယ် ဒါဟာရွှေကူ့ရဲ့ အလိုချင်ဆုံးဆန္ဒလေးတစ်ခုဖြစ်လို့ ရွှေကူတို့အတူပုံဖော်လျှောက်လှမ်းကြမယ်နော် အကိုလေးရယ်..."
🌤🌤🌤🌤🌤🌤🌤
"နေ့လည်ကြီးအိပ်တော့မလို့လားကွ"
"အိပ်တော့မယ်ဗျာ ထမင်းစားတာများသွားတယ်ထင်တယ်ဗျ အီဆိမ့်ပြီးအိပ်ချင်နေလို့ ကိုဖိုးတုတ်ရော ဘယ်သွားမလို့လဲ"
"ပဲခင်းဘက်ခဏသွားမလို့ကွ "
"အေးချမ်းရောကိုဖိုးတုတ် "
"အေးကွာ အဲ့ကောင်လဲအိပ်ဖို့ပြင်နေပြီ "
"ဟား ဟား လူညီနေတယ်ဗျာ"
"ဟုတ်ပါ့ကွာ အဲ့ကောင်ကအမြဲအဲ့အတိုင်းလေ မင်းလာတော့အဖော်ရသွားတာဟေ့"
ကွန့်မြူးတို့နှစ်ယောက်သာ စကားလေးခဏပြော၍နေနေကြသည်ကို အိမ်ပေါ်မှကောင်ကတော့ တခေါခေါနှင့်အိပ်နေပြီဖြစ်သည်။ ကိုဖိုးတုတ်သွားသည်နှင့် ကွန့်မြူးလဲ တန်းလျားပေါ်အသင့်ချထားသည့် ခေါင်းအုံးအိအိကြီးပေါ်သို့ ခေါင်းချ၍အပ်လိုက်တော့သည်။ အမလေးဗျာ ရွာရောက်မှဝက်ဖြစ်တော့မှာပဲ။ အိပ်လိုက်စားလိုက် ဆော့လိုက်ပျော်လိုက်နှင့် အဆင်ကိုပြေလို့ကွာ။
ရွာရောက်မှ တဂယ့်ဘဝအေးချမ်းမှုအနှစ်သာရတွေကို ကွန့်မြူးရှာတွေ့ခဲ့ခြင်းပင်။ တစ်နေ့တာကို လယ်ထဲတောထဲသာ ကုန်ဆုံးကြပေမယ့် ညနေခင်းတို့ ညဘက်တို့တွင်တော့ လူတွေစုံစွာ ရွာလေးကပြည့်စုံစည်ကားလှသည်။ ရွာသားတွေကလဲ ခင်ဖို့ကောင်းသလို ရိုးသားကြသည်။ ထင်မိသည်က ယခုလိုခေတ်ကြီးတွင် ဒီလောက်အေးချမ်းသည့်ရွာလေးမရှိတော့ဘူးထင်ခဲ့မိသေးသည်။
ကိုဖိုးတုတ်ပြောပြောပြသည်က အကိုတို့ရွာက စည်းလုံးခြင်းကိုအခြေတည်ပြီး တည်ရှိနေတာတဲ့ဗျာ။ ရွာဘုရားပွဲဆို သိပ်ပျော်ဖို့ကောင်းသလို ရွာအလှူတွေဆိုလဲ ချက်ကြပြုတ်ကြ ပျော်ကြပါးကြနှင့်သိပ်ကိုစည်ကားသည်တဲ့ဗျာ။ ကိုဖိုးတုတ်က ရွာအကြောင်းတွေညညဆိုပြောပြတတ်သလို ကိုသာဒင်တို့ ကိုမျောက်ကြီးတို့ဆိုလဲ အရွှန်းဖောက်၍ ပြောပြတတ်လွန်းလို့ ကွန့်မြူးမှာ ထိုအလှူပွဲတို့လိုပွဲတွေကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းကိုမြင်ရသည်အထိ ပုံဖော်နိုင်ခဲ့သည်။ အိုဗျာ ပျော်စရာကောင်းလိုက်တဲ့ရွာလေး။
ကွန့်မြူး ဤရွာမှာပဲအမြဲနေလိုက်ချင်ပါသည်။ ကောင်မလေးနှင့်အတူတစ်အိုးတစ်အိမ်ထောင် ထူထောင်၍ပေါ့။
"ဒေါ်လေး သမီးမုန့်သွားဝယ်ချင်လို့"
"သွားလေသမီး "
"နဲနဲတော့ကြာမယ်ထင်တယ် အကိုလေးကရွာဘုန်းကြီးကျောင်းလိုက်ပို့အုန်းတဲ့"
"အေးအေးသွားလေသမီး လိုက်ပို့လိုက်သမီးအကိုကို "
"ဟုတ်"
ရွှေကူထမိန်လေးနှင့်ရင်ဖုံးလေးဝတ်ကာ ကတီပါဖိနပ်ပါးလေးစီး၍ ဘေးမှအရီးလေးတင့်၏ဆိုင်သို့မုန့်လေးအများအပြားဝယ်ကာ အကိုလေးတို့အိမ်သို့သွားလိုက်တော့သည်။
"အကိုလေး အကိုလေးရွှေကူရောက်ပြီနော်"
"လာပြီ လာပြီကောင်မလေး "
ကွန့်မြူးအိမ်ပေါ်မှ ပြေးဆင်းလာတော့ အထုတ်လေးကိုင်ကာ လှေခါးရင်းတွင်ရပ်နေသူလေးကို ချစ်စဖွယ်တွေ့လိုက်ရတော့သည်။ နီနီရဲရဲဝမ်းဆက်လေးနှင့် ဆံပင်လေးခွဲကာ ကျစ်ဆံမှီးကျစ်ထားသည့်ကောင်မလေးဟာ သနပ်ခါးပါးကွက်လေးနှင့်သိပ်လှလွန်းသည်။ ရွာရောက်မှ ထမိန်လေးအမြဲဝတ်တတ်သည့်ကောင်မလေးက သေးသေးကွေးကွေးလေးနှင့် ကြည့်၍မဝနိုင်အောင်ကိုရှိလေသည်။ ဖြစ်နိုင်လျှင် ဘယ်ကလသားမှကြည့်မရအောင်ဖွက်ထားချင်လှပါသည်။
ကွန့်မြူးလဲ လှေခါးထစ်ရင်းတွင် စီထားသည့်ဖိနပ်လေးတွေထဲမှ အနက်ရောင် ကတီပါလေးကိုထုတ်၍စီးလိုက်တော့သည်။
"အမလေးဗျာ တအားလှတာပဲကွာ "
"အကိုလေးရောလေ ပုဆိုးဝတ်မှပိုကြည့်ကောင်းနေတယ်မပြောချင်ဘူး"
"ရွာကမြန်မာမိန်းခလေးကိုချစ်တော့လဲ ပုဆိုးဝတ်တတ်အောင်ကျင့်ထားရတာပေါ့ကွ ဘယ်လိုလဲကိုယ်အဆင်ပြေလား"
"ပြေပါ့ လူချောကြီးဖြစ်နေတာ ဟွန့် "
"ကိုယ့်ကိုသဝန်တိုလို့လားကွ "
"တိုပါဘူးနော် လာသွားမယ် တော်ကြာမှောင်သွားမယ်"
"အစောကြီးလေကွာ"
ကောင်မလေးလက်ကလေးလဲမကိုင်ရဲ ကောင်မလေးဝယ်လာသည့်မုန့်ထုတ်လေးဆွဲကာ ဘေးမှပါလာသည့်ကွန့်မြူးမှာ တစ်လမ်းလုံးကောင်မလေးကိုငဲ့ကြည့်ငဲ့ကြည့်နှင့်ရှိနေလေသည်။
"ကောင်မလေး "
"ရှင့်"
"ညက ကိုယ်တို့သိချင်းလာဆိုတာကောင်မလေးကြားလား"
"ကြားတာပေါ့ အကျယ်ကြီးကို "
"ဘယ်လိုလဲ ကိုယ့်အသံကောင်းလား"
"ကောင်းတာက ကောင်းပါတယ် ဒါပေမယ့်လေ အကိုလေးအသံကြည့်ပဲ ကာလသားတွေကမပြောဘူးလား အကိုလေးအရမ်းဆိုးတယ်လို့"
"မပြောပါဘူး သူတို့ကမြှောက်ပေးနေကြတာလေ မြို့ကြီးသားဆိုကြည့်ပဲ"
"ခစ်ခစ်... မနိူင်လို့နေမှာအကိုလေးကို"
"ဟား ဒီဟာလေး"
ကွန့်မြူးခေါင်းလေးထုမည်လုပ်တော့ နဲနဲခွာကာ လမ်းလျှောက်သွားသည်မို့ အသဲတယားယားနှင့်သာ ဘာမှမလုပ်လိုက်ရတော့ပေ။
အကိုလေးပုဆိုးတွေဝယ်ထားတာလားဟင်
အွန်း ဟိုတစ်နေ့က အေးချမ်းကိုမှာလိုက်တာ
ရွှေကူအကိုလေးရဲ့ယခုပုံစံလေးကိုကြည့်၍ ရင်ထဲအေး၍မျက်လုံးလေးထဲလဲအေးချမ်းစွာပင် ချစ်နေရတော့သည်။ အပေါ်မှ နက်ပြာရောင်အကွက်အင်္ကျီလေးရယ် ပုဆိုးလေးရယ်နှင့်အကိုလေးက ရင်အုံကျယ်ကျယ်အရပ်ရပ်မြင့်မြင့်နှင့် ချောမောခန့်ညားစွာရှိနေသည်မို့ သဝန်တော့နဲနဲတိုမိသည်။ အကိုလေးရယ် မင်းသားလေးများလားအကိုလေးရယ်။
သာယာပါသည်။ လမ်းလေးက ဖြူးနေသလို ကောင်မလေးနှင့်ယှဉ်တွဲလျှောက်ရသည့်အခါ အလိုလိုလေပေါ်သို့မြောက်နေမိ၏။ ချစ်ရသူနှင့်ဆို ခရီးများအဆုံးထိလျှောက်ဆိုသလိုမျိုး ဟိုးမိုးမြေအဆုံးထိကို လျှောက်ချင်လှပါသည်။
ရွာဘုရားသို့ အတူဖူးမြှော်ကာ ဇရပ်လေးတွင်ထိုင်နေသည့်ကွန့်မြူးတို့အတွဲလေးဟာ ဘာစကားမှမပြောဖြစ် မုန့်တွေသာထိုင်၍စားနေကြတော့သည်။ ကောင်မလေးက မုန့်တွေအများကြီးဝယ်လာသလို တစ်ထုတ်ပြီးတစ်ထုတ်ကိုလဲ ဖောက်၍စားနေတာများ ကြည့်လို့ကိုမဝဖြစ်နေရသည်။
"အရင်ထဲက ဒီလိုလေးလှလှလေးစားတတ်တာလားကောင်မလေး"
"ဟွန်.."
ရွှေကူဇီးထုတ်လေးကိုက်၍ အကိုလေးစကားကိုနားမလည်၍ ကြည့်သာနေလိုက်သည်။
"ဟုတ်တယ်လေ လှလှလေးအမြဲပဲစားတတ်တာလားလို့ကွ"
"ဒီအတိုင်းပဲစားတာကို အကိုလေးဘာတွေမေးမှန်းလဲမသိဘူး "
ဇီထုတ်ကြောင့်နှုတ်ခမ်းလေးဟာသာမာန်ထက်ရဲနေသလို လျှာလေးများဟားလဲ ရဲလို့နေသည့်ကောင်မလေးက ကွန့်မြူးအပြောကြောင့် မျက်နှာလေးဟာလဲ ရဲတတ်လာလေသည်။
ရှက်တာတောင်မှ ဒီလောက်ချစ်စရာကောင်းရလားကွာ ရူးပြီ ရူးပြီးရင်းရူးပြီကွာကောင်မလေးရာ... ။
ရွှေကူ့ဘေးတိုးကပ်ကာ အတင်းနမ်းမည်ကြံနေသည့်အကိုလေးကို ရွှေကူရှောင်ဖယ်၍တွန်းထားလိုက်တော့သည်။
"အို အကိုလေး နမ်းမရဘူးလေ"
"ဘာဖြစ်လို့လဲ "
"ဘုရားဝန်းထဲမှာလေ လူကိုမသင့်တော်တာမလုပ်နဲ့ဟွန့်.."
"သင့်တော်ပါတယ်ကွာ"
"အိုမသင့်တော်ပါဘူးဆို"
"မသင့်တော်တာက ဘယ်မှာလုပ်ရမှာလဲအဲ့တာဆို"
"အပြင်ရောက်မှ အယ်.. အပြင်ရောက်လဲမနမ်းနဲ့ "
"ဟာ ..မနမ်းရတာကြာပြီလေကွာ"
"အကိုလေးဘာလို့အသံကြီးကကျယ်နေတာလဲ ကြားကုန်မယ်"
အတင်းတားကာ ရူးတိုးတိုးပုံစံလေးလုပ်ပြလာလေသည်။
"ဘယ်သူရှိလဲပြော ဘေးမှာဘယ်သူရှိလို့လဲလို့"
"မရှိလဲမအော်နဲ့လေ မတော်လို့ကြားသွားရင် ရွာပြင်နှင်ထုတ်ခံရနေမယ်နော် ဟွန့်..."
"ဟားဟား.. ကိုယ်ကအားလုံးနဲ့ခင်နေပြီကွ သိသွားလဲဘာမှမဖြစ်ဘူးကောင်မလေးရဲ့ အေးဆေးပဲ"
သူများရွာလာပြီး အကွက်စုံသုံးကာ ဒေါ်လေးနှင့်လဲခင်မင်အောင်ပေါင်း အားလုံးနှင့်ခင်မင်အောင်ပေါင်းထားသည်မို့ ရွှေကူအကိုလေးကိုမနိုင်ဘူးဆိုသည့်အကြည့်နှင့်ကြည့်ကာ မျက်စောင်းလေးထိုးလိုက်တော့သည်။
ညနေခင်းလေး နေရောင်နီနီလေးတွေအောက်တွင် အနီရောင်နတ်သမီးလေးဟာ မန်ကျည်းစေ့လှော်လေး တစ်ဒေါက်ဒေါက်ဝါး၍ ကွန့်မြူးဘေးတွင်ထိုင်နေလေသည်။
"ကောင်မလေးအကြောင်းတွေပိုပြောပြပါလား ကိုယ်သိချင်လို့"
"ပြောပြရမှာလား "
"အင်း ကောင်မလေးငယ်ငယ်ထဲကအကြောင်းလေးတွေကအစပြောပြပေး"
"အကုန်လုံးပြောပြပေးရမှာလားဟင်"
"အင်း ကောင်မလေးအကြောင်းကိုယ်မသိသေးတာမရှိချင်ဘူး ကိုယ်အကုန်သိချင်တာ"
"ရွှေကူ့ငယ်ဘဝကသာမာန်ပါပဲ ဒေါ်လေးရယ် ဦးလေးငယ်ရယ်နဲ့အတူတူနေတယ် ဦးငယ်လေးကအရက်တွေသောက်တယ်လေ ဒေါ်လေးကတော့ အရင်ကရွာလက်သည်ပေါ့ ပြီးတော့အိမ်ကလယ်လေးတွေလဲ လုပ်တယ်လေ ဦးလေးငယ်ကရွှေကူမြို့ရောက်ပြီးမကြာဘူး အရက်ဒဏ်ကြောင့်ဆုံးသွားတယ် ကျောင်းလဲရွာကျောင်းမှာပဲတတ်ခဲ့တာလေ ရွှေကူရွာမှာအဆင်ပြေပြေလေး ကြီးပြင်းခဲ့ပါတယ်ရှင့်"
"အဲ့တာပဲလား"
"အွန်း အဲ့တာပဲ အော်.. ဟိုသူကြီးသမီးချိုသဲနဲ့မရောနဲ့နော် ရွှေကူသူ့ကိုမကြိုက်ဘူး"
"ဟား ဘယ်လိုလုပ်အဲ့ရောက်သွားတာလဲ ပြောခိုင်းတာကောင်မလေးအကြောင်းလေ"
"ဟုတ်တယ် သူကရွှေကူ့ကိုလိုက်ပြိုင်နေတာလေ ဟိုးငယ်ငယ်လေးထဲက အခုထိပဲ"
"ပြောပြအဲ့အကြောင်း"
"ဒီအကိုလေးအကုန်သိချင်နေတာပဲ ဟွန့်..."
ငြူစူသလိုလေး တစ်ချက်ပြောကာ မန်ကျည်းစေ့လေးကို အတင်းကိုက်ဝါးနေသည််ကောင်မလေးက စကားပြောဖို့ထိုမန်ကျည်းစေ့ကြောင့်ခက်နေ၍ထင်သည်။
"သူကရွှေကူ့ထက် နှစ်လလောက်ကြီးတယ်လေကျောင်းတော့တူတူပဲတစ်တန်းထဲ မသိဘူးသူကရွှေကူ့ကိုဆိုသဘောကိုမကျဘူး အမြဲကန့်လန့်တိုက်တာ အဲ့တာနဲ့ရွှေကူလဲကြည့်မရတော့တာ နော်.. သူနဲ့စကားမပြောရဘူးနော် "
"မပြောဘူးစိတ်ချ ကိုယ်လဲသူ့ကိုကြည့်မရဘူးဖြစ်နေတာ "
"တဂယ်လား"
"ကောင်မလေးနဲ့မတည့်တဲ့လူဆို ကိုယ်လဲကြည့်မရဖြစ်နေတာ စိတ်ဆက်နေတာများလားကွ နော့ "
"ဟဟ ရွှေကူတို့ကအတွဲညီတာပေါ့"
"ဟုတ်ပါ့ဗျာ အတွဲညီနေချက်ပဲ "
ပြုံးရွှင်သွားကာ ခလေးတစ်ယောက်သဖွယ်ပျော်နေသည့်ကောင်မလေးကို ကြည့်၍ထပ်မေးမိလိုက်သည်။
"ကောင်မလေးမိဘတွေရော "
မုန့်ထုတ်လေးဖောက်နေသည့်သူမလေးက ကွန့်မြူးအမေးကြောင့်ရပ်တန့်သွားကာ ချက်ချင်းပင်မျက်နှာလေးပျက်သွားလေတော့သည်။ ကိုယ်သိချင်လို့ပါကွာ ကောင်မလေးရဲ့မိဘတွေအကြောင်း ကိုယ်သိထားမှ ကောင်မလေးအပေါ်ဘယ်လိုမျိုးနှစ်သိမ့်ရမလဲ ကိုယ်သိမှာလေ။
"ရွှေကူမိဘတွေလား.."
"အင်း "
ရွှေကူ့စကားလုံးတွေဟာ လေးကန်လာရသလို ရွှေကူမသိသည့်မိဘတွေအကြောင်းရွှေကူပြောဖို့ကြောက်နေမိတော့သည်။
"ဒေါ်လေးပြောပြဖူးတယ် ရွှေကူ့ကို ဒေါ်လေးကကောက်တွေ့ခဲ့တာတဲ့ "
ရွှေကူ့အသံတွေဟာ တုန်ယင်လာရသလို ရွှေကူ အတိတ်ကြီးကိုပြောပြဖို့တွန့်ဆုတ်မိ၏။
"ဘယ်လိုမျိုးလဲကောင်မလေး"
ရွှေကူ့ကိုကြည့်နေသည့် မျက်ဝန်းတစ်ခုကို ရွှေကူပြန်ကြည့်မိတော့ ရှေ့ဆက်ပြောဖို့ထပ်မံအားယုတ်မိသည်။
"ဒေါ်လေးကပြောတယ် မနက်အစောကြီး ပဲနှုတ်မှာမလို့တောထဲသွားတာ ရွာပြင်ကအမှိုက်ပုံထဲမှာရွှေကူ့ကိုတွေ့ခဲ့တာတဲ့ ဟင်း... တစ်ရက်သားပဲရှိသေးတဲ့ရွှေကူ့ကို အမှိုက်ပုံထဲမှာပစ်ထားခဲ့တာတဲ့လေ "
ရယ်သံလေးတစ်ချက်ပြုကာ ပြောလာပေမယ့် ကောင်မလေးရင်ထဲကနာကျင်နေတာတွေကို ကွန့်မြူးမြင်မိပါသည်။
"သေအောင်ပစ်ထားခဲ့တာတောင်မသေဘူးဆိုတော့ ရွှေကူကအသက်ပြင်းတယ်ထင်ပါရဲ့နော့ ဟားဟား..."
"ငိုချင်နေတာကိုဘာလို့ထိန်းထားတာလဲကွာ "
အကိုလေးက ခေါင်းလေးပုတ်၍ လာပြောသည့်အခါ ရွှေကူတစ်ချက်ရယ်ပြ၍ အပေါ်သို့မော့လိုက်တော့သည်။
"ဟင့်အင်း...ရွှေကူမငိုဘူး"
ကျလုဆဲမျက်ရည်တွေကို ရွှေကူကျမလာစေရန် မော့၍သာနေလိုက်တော့သည်။
ရွှေကူငိုခဲ့ရတာတွေများပြီလေအကိုလေးရယ်။ ဘယ်သူဘယ်ဝါ ဘယ်လိုပုံစံရှိမှန်းမသိသည့်မိဘတွေကို ရွှေကူမှန်းဆ၍ မုန်းလဲမုန်းခဲ့ဖူးပါသည်။ မွေးပေးခဲ့ပေးလို့လဲ ကျေးဇူးတွေတင်ခဲ့ဖူးပါသည်။ အခက်ခဲကြုံတိုင်း မိဘတွေရှိလျှင်သိပ်ကောင်းမှာပဲဟု တွေးလဲတွေးခဲ့ဖူးပါသည်။ ကျောင်းမှာမိဘမဲ့ပါလို့ပြောကြသည့်အခါတိုင်း အနားရောက်လာပေးပြီး အားငယ်တတ်သည့်ရွှေကူ့ကို ကူညီပေးစေချင်ခဲ့ဖူးပါသည်။ ရွှေကူ့ဘဝလေး ဒေါ်လေးလက်ထဲအေးချမ်းခဲ့သည်ဆိုပေမယ့် ရွှေကူမိဘဆိုသည့်အရာကြီးကို တောင့်တမိပါသည်။ တော်ပြီလေနော် ဒီအသက်အရွယ်ထိရွှေကူခံစားခဲ့ရတာတွေ သိမ်ငယ်ခဲ့တာတွေ မေတ္တာငတ်ခဲ့တာတွေက လုံလောက်ပြီဟုထင်ပါသည်အကိုလေးရယ်။
"ကောင်မလေးက ထင်ထားတာထက်သန်မာတာပဲကွာ "
ဘေးလူလဲဂရုမစိုက်အား ကောင်မလေးကို ရင်ခွင်ထဲထည့်၍ နှိမ့်သိမ့်မှုလေးများဖြစ်မလားဟု တွေးကာ ဖတ်ထားမိ၏။
ရွှေကူမသန်မာခဲ့ဘူးပါဘူးအကိုလေးရယ် ပြိုလဲခဲ့တဲ့အချိန်တိုင်း ရွှေကူတစ်ယောက်ထဲ မနည်းထပြီးရပ်တည်ခဲ့ရလို့ ထပ်ပြီးပြိုလဲမှာကိုကြောက်ခဲ့ရုံပါ....
ပြိုလဲတိုင်း ပြန်ထဖို့ကြိုးစားရတာက အတော်လေးနာကျင်ရတယ်အကိုလေးရဲ့ သေလောက်အောင်နာကျင်ပြီးမှ ပြန်ထနိုင်ခဲ့တာကို ရွှေကူထပ်ပြီး မပြိုလဲခဲ့ချင်ရုံပါအကိုလေးရယ်....။
အရမ်းဟန်ဆောင်ကောင်းသည့်ကောင်မလေးက မျက်ရည်တစ်စက်မကျပေမယ့် ကွန့်မြူးကတော့ရင်ကွဲနေမိသည်။ ပူဆွေးမှုတွေမရှိစေချင် ကောင်မလေးလဲ သူ့မိဘအရင်းတွေကို တွေ့ချင်ရှာမှာပေါ့ စိတ်မပူပါနဲ့ကောင်မလေးရယ် ကိုယ်ကောင်မလေးရဲ့မိဘတွေကိုရှာပေးပါ့မယ်နော်။ ကိုယ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရှာပေးပါ့မယ်ကွာ။
ကွန့်မြူးအိမ်သို့ရောက်သည်နှင့် ခဏနား အင်္ကျီတို့ပြန်လဲကာ ကိုဖိုးတုတ်ရယ် အေးချမ်းရယ်ကိုခေါ်လိုက်တော့သည်။
"ဘာလဲငါ့ညီပြောလေ"
"ကျွန်တော် မေးစရာရှိလို့ကိုဖိုးတုတ်ကို"
"မေးလေကွာ"
မျက်နှာတော့အနည်းငယ်ပျက်နေသည့် ကိုကွန့်မြူးကို အေးချမ်းလဲသေချာကြည့်၍ ဘာပြောလာမလဲနားစွင့်နေလိုက်၏။
"တစ်ခြားတော့မဟုတ်ဘူး ကောင်မလေးအကြောင်း "
"ရွှေကူလား.."
"ဟုတ်တယ်ကိုဖိုးတုတ် ကောင်မလေးကို အမှိုက်ပုံထဲကကောက်တွေ့တယ်ဆိုတာ ကိုဖိုးတုတ်သိလား"
"အေးသိတယ်ကွ အဲ့တုန်းကငါကကိုးနှစ်သားပဲရှိသေးတာ ခလေးတစ်ယောက်အမှိုက်ပုံထဲမှာကောက်တွေ့တယ်ဆိုတော့ ငါတောင်သွားကြည့်သေးတာ အရမ်းတော့မမှတ်မိတော့ဘူးကွ "
"ကိုမြူးကဘာလုပ်မလို့လဲ "
"ငါကောင်မလေးမိဘတွေကိုလိုက်ရှာမလို့"
"ကြာပြီနော် ရှာလို့လွယ်ပါ့မလား"
"မလွယ်ကတော့ မလွယ်ဘူးကွ ဒါပေမယ့်ငါရှာမှဖြစ်မှာ ကောင်မလေးကို သူ့မိဘတွေနဲ့တွေ့စေချင်တယ်ကွ"
"ကူညီမှာပေါ့ကွ ငါတို့ရွာသားတွေလဲရှိတာပဲ"
"ကောင်မလေးသိလို့တော့မရသေးဘူးဗျ ပြောလို့မဖြစ်သေးဘူးကောင်မလေးကို "
"ဘယ်လိုလုပ်ချင်လဲအဲ့တော့ ဘယ်ကနေစကြမလဲကွ "
"ကျွန်တော်သိချင်တာက အဲ့နေ့က အရီးမြအပြင် ကောင်မလေးကိုတွေ့လိုက်တဲ့လူရှိလားသိချင်တာ ဥပမာဗျာ တစ်ယောက်ယောက်လာထားသွားတာကို မြင်မိသလားပေါ့"
"အေးကွ အရီးမြက အိမ်ကိုခေါ်လာပြီးမှအကုန်လုံးလဲသိသွားတာ အဲ့လိုမြင်တဲ့လူတော့မရှိဘူးကွ"
"ဘယ်သူကလာထားသွားလဲဆိုတာလဲ မသိလိုက်ဘူးပေါ့ အရီးမြပဲကောင်မလေးကိုတွေ့လိုက်တာပေါ့"
"ဆိုပါတော့ "
"တစ်ယောက်ယောက်မြင်မိရင်ကောင်းမှာဗျ အဲ့တာမှစုံစမ်းလို့အဆင်ပြေမှာ အရီးမြသွားမေးလဲ ဘာမှထွက်လာမှာမဟုတ်ဘူးဗျ ကောင်မလေးသိသွားတာပဲအဖက်တင်မှာ"
"ကျုပ်ကလဲဒီရွာကမဟုတ်တော့ခက်သား "
"ဟူး... အေးကွာ "
ဇာတ်က မကရသေးဘူး သိမ်းနေပြီမလို့ ကွန့်မြူးလဲအခက်တွေ့ စိတ်အိုက်လာရတော့သည်။
"နေအုံး နေအုံးကွ .."
ကိုဖိုးတုတ်က တွေးစစနှင့်ပြောလာသည်မို့ မျှော်လင့်ချက်အလင်းတန်းလေးတွေ တွေ့လိုက်ရသည်ံလား ကွန့်မြူးပျော်သွားရသည်။
"ဦးလေးသာစည်တစ်ခါက ပြောဖူးတယ် ရွှေကူကကောက်ရတာမဟုတ်ဘူးတဲ့ ကားအကောင်းစားကြီးနဲ့လူက အရီးမြကိုလာပို့ပြီး ခလေးပါတစ်ခါထဲထားခဲ့တာတဲ့ကွ "
"ဟုတ်လား သေချာလားကိုဖိုးတုတ်"
"ဦးလေးသာစည်ကိုမေးကြည့်မှရမှာကွ ဘယ်သူမှတော့မယုံကြဘူး ဦးလေးသာစည်ကအရက်သမားလေ အရီးမြကလဲမဟုတ်ဘူး ကောက်ရတာလို့ပဲပြောတော့ အကုန်လုံးကလဲအရီးမြပဲယုံကြတာ"
"ဘာပဲဖြစ်ဖြစ်မေးကြည့်ကြတာပေါ့ဗျာ အရှုံးမရှိပါဘူး "
"အခုသွားကြမယ်လေဗျာ ကြာတယ် "
"နေ..နေအုံးကွ ငါထမင်းအိုးကြီးမကျက်သေးဘူးဟ"
"တည်မနေနဲ့ဗျာ ပြန်ခါမှချက်ကြမယ် ချခဲ့လိုက်"
"ဟေ"
"လာပါကိုဖိုးတုတ်ရယ် အရေးကြီးပါတယ်ဆိုဗျာ.."
"အေးပါအေးချမ်းရာ ချလိုက်အုံးမယ်ဟ "
တဂယ်ဖြစ်ပါစေကွာ ဦးလေးသာစည် အမှန်တွေပြောနေတာဖြစ်ပါစေ။ ကောင်မလေးရဲ့မိဘတွေ သက်ရှိထင်ရှားရှိနေပါစေဗျာ။ ကောင်မလေးရယ် ကိုယ့်ကိုအချိန်လေးပေးနော် ပြီးရင်ကောင်မလေးမိဘတွေကို ကောင်မလေးဆီခေါ်ခဲ့ပေးပါ့မယ် ချစ်ရတဲ့ကောင်မလေးရယ်။ ကိုယ်ဂတိပေးပါတယ်။
Words 3527
7.11.2023 7:56pm
ဆက်လက်ကြိုးစားသွားပါမည်။