True love အပိုင်း - ၃၈
(Unicode)
ဘာမှမဖြစ်ပါဘူးဆိုသည်ကို စိုးရိမ်လွန်သည့်ကောင်မလေးက အတင်းဆေးရုံသို့သွားခိုင်းသည်ကြောင့် ကွန့်မြူးမှာဆေးရုံသို့မောင်းနေရခြင်းဖြစ်တော့သည်။ အဲ့ကောင်ရန်စတာနှင့် ကိုယ့်စိတ်မထိန်းနိုင်တာကြာလျှင် ကြားထဲကစိုးရိမ်ပူပန်များကာ စိတ်ဆင်းရဲနေမည်မှာ ကောင်မလေးသာဖြစ်မည်။ ဒီပုံအတိုင်းဆိုမဖြစ်တော့ပါဘူး အိမ်မြန်မြန်ပြောင်းမှ ကောင်မလေးဘဝလေးအေးချမ်းတော့မှာဖြစ်သည်။
ရွှေကူကဘာမှမလုပ်တတ် သံဆိပ်တတ်၍ တစ်ခုခုဖြစ်သွားလျှင်ရွှေကူရင်ကျိုးရမှာဖြစ်သည်။ အကိုလေးရယ် ရွှေကူ့ကြောင့်တော့ ဒေါသဖြစ်ပြီးအဲ့လိုအနာတရဖြစ်အောင်မလုပ်တော့ပါနဲ့လားအကိုလေးရယ်။ ပတ်တီးမစည်းတတ်စည်းတတ်နှင့်စည်းပေးထားသည့် လက်ကဒဏ်ရာနှင့် ကားမောင်နေသူမှာ ရွှေကူ့ကိုဘာမှမဖြစ်ပါဘူးဆိုသည့်အကြည့်နှင့် ငဲ့ငဲ့ကြည့်နေတတ်သလို ရွှေကူ့မှာလဲ စိတ်အားတင်း၍ အကိုလေးကိုသာတရိပ်ရိပ်ကြည့်နေမိ၏။
"လက်ကစိုးရိမ်စရာတော့မရှိပါဘူး အရိုးတွေဘာတွေလဲမထိဘူးဆိုတော့ ပတ်တီးစီးပေးလိုက်မယ်နော်ငါ့ညီ"
"ဆရာ ဆေးထိုးဖို့ရောမလိုဘူးလားဟင်"
လက်လာပြသည့်ကောင်လေးဘေးမှရပ်နေကာ မအီမသာနှင့်ဝင်ပြောလေသူ အိမ်ကအိမ်သူလေးလိုအရွယ်လေးနှင့်ခလေးမကို မင်းခတစ်ယောက်ကြည့်၍ပြုံးလိုက်တော့သည်။ ရှေ့ကကောင်လေးကလဲ ပြုံးပြုံးကြီးနှင့် ဆေးထိုးပေးဖို့မျက်လုံးတွေစုံမှိတ်ပြလာသည်ကြောင့် ဆေးထိုးပေးပေးလိုက်ရတော့သည်။
ရွှေကူသက်ပြင်းလေးခုမှချနိုင်တော့သည်။ ကိုကြီးခေါင်လွင်မိုးကမရှိဘူးဟုပြော၍ အသိဆရာဝန်ဆီညွှန်းပေးလိုက်၍ ရွှေကူတို့နှစ်ယောက် ရှေ့ကဆရာဝန်ဆီရောက်နေရခြင်းဖြစ်သည်။ တော်သေးသည်က ဆရာဝန်ကြီးကသဘောကောင်းသလို သေချာလေးလဲရှင်းပြသည်မို့ ရွှေကူအကိုလေးအပေါ် စိုးရိမ်စိတ်တို့လျှော့သွားရတော့သည်။
"ကိုယ်ဘာမှမဖြစ်ဘူးလေကွာ "
အလုပ်စားပွဲ၏ ရှေ့တည့်တည့်တွင်ထိုင်ကာ မျက်ခုံးလေးကျုံ့၍ကြည့်နေသူကောင်မလေးမှာ မျက်မှန်လေးနှင့်ချစ်စရာကောင်းလှသည်။ ကိုယ်တော့လေ အဲ့မျက်မှန်လေးတပ်ထားလျှင် ကောင်မလေးပိုလှသည်လို့ထင်မိသည်။
"သိပါတယ် အကိုလေးကယောက်ကျားလေးမို့ ဒီလောက်ကတော့စာမဖွဲ့ဘူးလို့ပြောမှာမလား "
"ဟားဟား ..."
ကွန့်မြူးဘာဖြေမလဲကိုသိနေသည့်ကောင်မလေးကို ချစ်ရပါသည်။ ကိုယ့်စိတ်ကိုသိလှချည်လားကွာ။
"ရွှေကူအနားမှာရှိပေးမယ်နော် အကိုလေးလိုတာခိုင်းပေါ့ "
"ဟုတ်ပါပြီဗျာ ဒါပေမယ့်ကိုယ် အစည်းဝေးရှိသေးတယ် ကောင်မလေးရောလိုက်ခဲ့မလားအဲ့ကို"
"ဟင့်အင်းမလိုက်တော့ဘူး အဲ့ကျရင်မဇင်ကိုဂရုစိုက်ခိုင်းလိုက်မယ်နော် "
"ကောင်မလေးသဘောပါဗျာ "
"ပြီးရော .."
ခပ်သွက်သွက်လေး လက်လေးလွှဲ၍ထွက်သွားသည့်ကောင်မလေးကို ကြည့်၍ကွန့်မြူးပြုံးနေမိတော့သည်။ ကောင်မလေးရဲ့ဂရုစိုက်မှုတွေ စိုးရိမ်မှုတွေကိုရနေသည်ကြောင့် ပျော်မိနေသည့်ကွန့်မြူးဝေမှာ တစ်ပါထဲစိတ်အလိုမကျမှုကိုလဲ ခံစားလိုက်ရပါသည်။ အကြောင်းမှာ ထူးခန့်ဆိုသည့်ကောင်ကို မထိုးလိုက်ရသည်ကြောင့်ပင်။ မာမီတိုပြန်လာလျှင်တော့ တစ်ပွဲတစ်လေနွှဲအုံးမည်မို့ ထူးခန့် မင်းအသင့်တော့ပြင်ထားပေါ့ကွာ။ အသေလားအကျိုးလားတော့သေချာမသိသေးပေမယ့် မင်းအတွက်အထိနာမည့်ပွဲဖြစ်မည်ကိုတော့ အားမခံပါသည်။
ရွှေကူထိုင်ခုံလေးက ထလာကာအကိုလေးသိပ်ကြိုက်သည့် Coffee လေးကိုဖျော်လိုက်တော့သည်။ Coffee လေးထဲတွင် အချစ်တွေအပြည့်ဖြည့်ကာ အရသာအကောင်းဆုံးဖြစ်အောင် သေချာကိုစိတ်ပါစွာဖျော်လိုက်သည့်ရွှေကူ့မှာ ရင်ထဲတွင်လဲကြည်နူးမိတော့သည်။
"ရွှေကူ "
"အမလေးတော့"
ရွှေကူ့အနားတိုးတိုးရောက်တာကြာပြီဖြစ်သလို ပြုံးဖီးနေသည့်မျက်နှာကြီးကိုလဲဘေးမှကြည့်နေသည်မှာ အတော်ကြာပြီဖြစ်တော့သည်။ မနေနိုင်သည့်အဆုံးခေါ်လိုက်တော့ အစ်မတော်က လန့်သွားလေတော့သည်။
"တိုးတိုးရယ်လန့်လိုက်တာ "
ရွှေကူတဂယ်လန့်ရသလို coffee မွှေနေသည့်ဇွန်းလေးကိုလဲယောင်ယမ်း၍လွှတ်ချမိရာ ပြုတ်ကျသွားရတော့သည်။
"ဟွန်း.. မပြောချင်ဘူးနော် အဲ့တာဘာဖြစ်နေတာလဲပြောပါအုံး"
"ရွှေကူလား ရွှေကူကဘာဖြစ်လို့လဲ"
မလုံမလဲနဲ့ရွှေကူဖြေလိုက်တော့ တိုးတိုးမက ပြုံးစိစိလုပ်၍ အနားကပ်လာလေတော့သည်။
"ရွှေကူရည်းစားရနေပြီလား တိုးတိုးကိုအမှန်တိုင်းဖြေစမ်းပါ"
"မရ.. မရပါဘူးတိုးတိုးရဲ့"
"ကြည့် လိမ်နေတာမလား မျက်နှာတွေရဲလို့နော်သိသာပေါ့"
"ရွှေကူက ပူလို့ပါတိုးတိုးရဲ့"
"ရွှေကူ့အကြောင်းမသိရင်ခက်အုံးမယ် တိုးတိုးပြောတာဟုတ်တယ်မလား အချစ်တွေ့နေပြီမလားလို့"
ရွှေကူမဖြေမိ ဇွန်းတစ်ချောင်းထပ်ယူ၍ coffee ခွက်လေးကိုမွှေနောက်နေမိသည်။
"မဟုတ်မှလွဲရောရွှေကူချစ်ရမယ့်လူပေါ်လာတာလား ဘယ်သူလဲဟင်အလုပ်ကပဲလား အပြင်ကလား.."
တိုးတိုးကတော့ခက်ပြီပဲ။ ရွှေကူအချစ်တွေ့နေပြီပဲတွင်တွင်ပြောကာ လူကိုမေးနေသည်ကြောင့်ရွှေကူ့မှာနေရခက်နေရတော့သည်။
" coffee သွားပေးလိုက်အုံးမယ်နော်တိုးတိုး အကိုလေးစောင့်နေပြီထင်တယ်"
ရွှေကူစကားဖြတ်ကာ coffee ခွက်လေးဆွဲယူ၍ အကိုလေးအခန်းဆီဝင်ခဲ့လိုက်သည်။ ရင်ဘက်ထဲ လိပ်ပြာလေးများပျံဝဲနေသလို မျက်နှာလေးတွေဟာလဲ ပူ၍နေလေသည်မို့ ရွှေကူပါးလေးတွေကို ကိုင်၍ထိုင်နေမိတော့သည်။
"ဘာဖြစ်လို့လဲကွ ကိုယ့်ကိုပြောပါအုံး"
coffee ခွက်လေးချပေးကာ ပါးလေးရဲနေသည့်ကောင်မလေးက တစ်ဖက်မှထမင်းစားသည့်ခုံတွင်ထိုင်ကာပါးလေးကိုကိုင်နေသည့်အခါ ကွန့်မြူးအနားသို့သွားလိုက်တော့သည်။
"တိုးတိုးကမေးတယ် ရွှေကူရည်းစားရနေပြီလားတဲ့"
ရွှေကူ့ဘေးရပ်နေသည့်အကိုလေးကို ရွှေကူမော့ကြည့်၍ ဖြေလိုက်၏။
"ဘာပြန်ပြောခဲ့လဲအဲ့တော့ "
"ငြင်းခဲ့တာပေါ့ ဘယ်ကရည်းစားလဲမရှိဘူးဆိုပြီးတော့လေ"
"အကုန်လုံးကိုပြောပြဖို့အဆင်သင့်မဖြစ်သေးဘူးပေါ့လေ"
"ဟုတ် ရွှေကူအချိန်ယူချင်သေးတယ် ဒီကလူတွေသိသွားရင်မေမေကြီးတို့လဲသိသွားမှာလေ"
"မသိခင်ဖွင့်ပြောကြမယ်လေ ကိုယ်တို့နှစ်ယောက်ချစ်သူတွေဖြစ်နေပြီလို့ မာမီတို့ကိုအခုဖွင့်ပြောကြရင်မကောင်းဘူးလား"
"အကိုလေးကလဲ ..."
မျက်နှာလေးတည်သွားကာ ခေါင်းလေးငုံ့သွားသည့်ကောင်မလေး၏စိတ်ကို ကွန့်မြုးဖတ်နိုင်ပါသည်။ စိုးရိမ်နေတာမဟုတ်လားကွာ။
"ဘာဖြစ်လို့လဲ မာမီတို့သဘောမတူမှာကြောက်လို့လား"
"........"
ခေါင်းလေးငြိမ့်ပြလေသည့်အခါ ကွန့်မြူးကောင်မလေးဘေး၌ မုတ်ဆိုးဒူးထောက်ထိုင်လိုက်တော့သည်။ လက်ခလေးကိုဆွဲယူ၍ ကိုင်ထားလိုက်တော့ စိုးရိမ်နေသည့်မျက်လုံးလေးတွေနှင့်ကြည့်လာလေတော့သည်။ မာမီတို့သဘောမတူမှာ အရမ်းစိုးရိမ်နေတာလားကွာ။
"မာမီ့အကြောင်းကောင်မလေးသိတယ်မလား ကောင်မလေးကိုမာမီကသားအရင်းကိုယ့်ထက်ပိုချစ်တာလေကွာ "
"မတူဘူးလေအကိုလေးရယ် အဲ့တာကမေမေကြီးကသမီးလေးလိုချစ်တာလေ ချွေးမလိုချစ်တာမှမဟုတ်တာ "
"အတူတူပဲလေ ဘာနေနေသမီးဖြစ်သွားဖို့ကအဓိကပဲထင်တယ်ကိုယ်တော့ ဒီအတိုင်းတောင်မွေးစားမယ်လို့ပြောနေတာလေ အခုဆိုအိမ်ထောင်စုဇယားထဲ ကိုယ့်ဇနီးအနေနဲ့ဝင်သွားမှာလေကြည့် ပျော်စရာကြီးလေကွာ "
"ဟင်.. ဘာပျော်စရာကြီးလဲ "
ရွှေကူ့ကို ပိုင်စိုးပိုင်နင်းနှင့် ရာထူးတွေလျှောက်ပေးနေသည့်အခါ ရွှေကူ့မှာမျက်နှာလေးပူနေရတော့သည်။
"ကိုယ့်ဇနီးလေးဖြစ်သွားရင် ကိုယ်ရောမာမီတို့ရောပျော်ကြမှာလေကွာ ကောင်မလေးရောမပျော်ဘူးလားကွ"
"အကိုလေးနော် ရွှေကူ့ကိုအဲ့လိုကြီးမပြောနဲ့ ရွှေကူတို့ကရည်းစားသက်တမ်းတောင် ရက်ပိုင်းလေးပဲရှိသေးတာလေ မဟုတ်တာတွေပြောရင် စိတ်ဆိုးလိုက်မှာနော် ဟွန့် .."
သူများက ပူပူနွေးနွေးရည်းစားလေးကို မွှေးမွှေးပေးဖို့တောင်ရှက်နေပါတယ်ဆိုမှ အကိုလေးကတော့ဇနီးတွေထိပါလူကိုတပ်ခေါ်ပြီးတော့ ပြောနေလိုက်ပုံများ မျက်နှာပြောင်လွန်းလှပါသည်။ ရွှေကူကတစ်ဘဝလုံးအထိရည်ရွယ်ပြီးချစ်တာဆိုပေမယ့်လဲ ယခုလိုကြီးပြောလာတော့ရှက်ရပါသည်။ ရွှေကူကိုယ်တိုင်က အကိုလေးနှင့်ပတ်သက်လျှင် အရှက်သည်းတတ်သလို ရင်တွေလဲအမြဲခုန်နေတတ်သည်မှာ ယနေ့ထိပင်ဖြစ်သည်။
စိတ်ဆိုးလိုက်မှာနော်ဟု နှုတ်ခမ်းလေးဆူကာပြောလာတော့ ကွန့်မြူးဘက်ကပြန်၍ချော့ရတော့သည်။ စကားလေးနှင့်တောင်ပုံဖော်ပြော၍မရပါလားကွာ ကိုယ်ကကောင်မလေးကိုလက်ထပ်ချင်လှပြီဖြစ်သလို မာမီတို့ကိုလဲအသိပေးချင်နေပြီဖြစ်တော့သည်။ ကိုဥဿာတို့မင်္ဂလာဆောင်သည့်နေ့တွေထဲက ကောင်မလေးကိုတစ်ခါထဲမင်္ဂလာဆောင်ချင်နေရသည်မှာ ယခုထိအရှိန်မပြေ လက်ထပ်ချင်သည့်စိတ်တွေ တဖွားဖွားဖြစ်ပေါ်နေရသည်ကို ကောင်မလေးကတော့ ဘယ်သိပါ့မလဲဗျာ။
မေမေကြီးတို့သိသွားကြလျှင် ရွှေကူ့ကိုအရင်လိုချစ်ကြပါအုံးမလား ရွှေကူသိတော့သိချင်သားပင်။ ရွှေကူ့ကို ကျေးဇူးကန်းသည့်လူလို့ထင်သွားမည်လား ရွှေကူ့ကိုစိတ်တိုပြီးအိမ်ပေါ်ပဲနှင်ချလေမည်လား ရွှေကူဖြစ်နိုင်သည့်အခြေနေများကိုပုံဖော်ကြည့်၍ ကြက်သီးလေးများထနေရတော့သည်။ မေမေကြီးတို့က အဲ့လိုလူစားမျိုးမဟုတ်ပေမယ့်လဲ ရွှေကူက မေကြေီးတို့ရဲ့အဖိုးတန်သားလေးနှင့်ချစ်နေမိတာမို့ ရွှေကူ့ဘက်ကအဆိုးဆုံးအခြေနေထိတွေးထားအုံးမှ တော်ကာကျမည်ဖြစ်သည်။
...............
"မာမီတို့ဘယ်နေ့ပြန်လာမှာတဲ့လဲကောင်မလေး"
"သဘက်ခါတဲ့အကိုလေး "
"မြန်နေသလိုပဲနော် မာမီတို့ကတဂယ်ပြန်လာမှာတဲ့လား"
"အွန်း.. ဖိုးဖိုးလဲနေကောင်းပြီလေ ပြန်လာတော့မှာပေါ့အကိုလေးရဲ့"
တဂယ်ဆို အချိန်ကုန်တာများလွန်းလှပါသည်။ ကောင်မလေးနှင့် နှစ်ယောက်ထဲရှိနေသည်တောင် ချစ်ကြည်နူးဖို့အခွင့်ရေးက သိပ်ရတာမဟုတ်သည်ကို မာမီတို့များပြန်လာလျှင်တော့ ကွန့်မြူးဘဝကြီး ခြောက်ကပ်နေတော့မည်ကို မြင်ယောင်မိပါသည်။
"အကိုလေးဘာဖြစ်လို့လဲဟင် "
"ကိုယ်လား ကြိုပြီးရင်လေးနေလို့ "
ရွှေကူထိုင်နေသည့်ဘေးလာထိုင်ကာ ရွှေကူ့ပခုံးကိုဖတ်လိုက်သည့်အခါ ရွှေကူအကိုလေးရင်ခွင်ဆီမှီလိုက်တော့သည်။ ရေချိုးပြီးခါစ အေးမြခြင်းလေးနှင့်မွှေးရနံ့လေးကို ရွှေကူခံစားမိသလို တဒုတ်ဒုတ်နှင့်ခုန်နေသည့် နှလုံးခုန်နှုန်းကိုလဲရွှေကူကြားရပါသည်။
မနက်ခင်းအစောလေး ကောင်မလေးအငွေ့အသက်လေးတွေနှင့် ထိတွေ့ခံစားလိုက်ရသည့်အခါ ကွန့်မြူးစိတ်တွေကြည်လင်လာရတော့သည်။ ဒီလိုလေး ကောင်မလေးကိုယ့်အနားရှိနေပေးရုံနဲ့ ကိုယ့်ဘဝလေးပြည့်စုံနေပါပြီကွာ။
"ဒီညနေအိမ်ပြောင်းမှာအဆင်သင့်ဖြစ်ပြီလားကောင်မလေး"
"ဟုတ် ရွှေကူထည့်သင့်တာလေးတော့ထည့်ထားတယ် အကိုလေးရောပြီးပြီလား"
"ကိုယ်ကယူစရာသိပ်မရှိဘူးလေ အဆင်သင့်ပဲအခုလဲ"
"ဒါနဲ့အိမ်ကပြောင်းမှဖြစ်မှာလားဟင် "
ချစ်စရာမျက်လုံးဝိုင်းဝိုင်းလေးနှင့် မော့ကြည့်လာသည့်အခါ ကွန့်မြူးနမ်းပစ်ချင်နေလှပြီဖြစ်သည်။ သို့ပေမယ့်စိတ်ထိန်းလိုက်ကာ...
"အင်း.. ဒီအိမ်မှာဆက်နေရင်ကောင်မလေးရောကိုယ်ရောအေးချမ်းမှာမဟုတ်ဘူး အရင်အိမ်ကိုကောင်မလေးရောက်ဖူးတယ်ဆိုတော့အရမ်းကြီးတော့မစိမ်းလောက်ဘူးမလား နောက်တော့နေသားကျသွားမှာပါ မာမီတို့လာရင်လဲကိုယ်တို့ဆီလိုက်လာကြမှာလေ ဘာမှမပူနဲ့နော် ကောင်မလေးအဆင်ပြေမှာပါ"
"ဟုတ် "
ရွှေကူ့အတွက်နှင့် အိမ်ပြောင်းရတာပဲလေ ရွှေကူနားလည်ပါတယ်အကိုလေးရယ်။ ရွှေကူကအားနာမိရုံပါ မေမေကြီးတို့လဲရွှေကူ့ကြောင့် ဒီအိမ်ကြီးကပြောင်းနေရတော့မှာမဟုတ်လား။ ရွှေကူနောက်ဆို ပျော်ပျော်ရွှင်ရွှင်လေးနှင့် ကိုကိုကြီးတို့နှင့်ဝေးသည့်နေရာတွင်နေရတော့မှာမို့ တွေးရင်း ရွှေကူစိတ်ထဲပျော်ရွှင်နေမိတော့သည်။
"ကောင်မလေး ပြီးပြီလားကွ "
"ဟုတ်အကိုလေးရွှေကူပြီးပြီ"
အခန်းအပြင်ဘက်မှအော်ခေါ်လိုက်သည့်အခါ အသံဆာဆာလေးနှင့်အော်ပြောလာလေတော့သည်။ အိမ်ပြောင်းမည်ဟု မာမီ့ကိုလှမ်းပြောသည့်အခါ အချိန်ကောင်းကိုဗေဒင်တွက်၍ ယနေ့ညနေပြောင်းပါဟုပြောလာသည်ကြောင့် ကွန့်မြူးတို့ညနေခင်းကြီးပြောင်းရန်စီစဉ်နေရခြင်းဖြစ်တော့သည်။ အရင်အိမ်ကိုပြန်နေမည်ဖြစ်သည်တောင် မာမီတို့ကမရ အတွက်အချက်တွေနှင့်စီမံနေလေသည်။ ကောင်မလေးကတော့ ဟင်းအိုးတွေပါသယ်မည်လုပ်နေသည်ကြောင့်နေ့လည်က ကွန့်မြူးမှာမနည်းတားလိုက်ရသည်။
ရွှေကူ့အထုတ်တွေနှင့် အကိုလေးအထုတ်တွေအပြင် လိုအပ်မည့် ပစ္စည်းလေးတွေကို စီစစ်ရွေးချယ်ကာ ရွှေကူယူလာခဲ့တော့သည်။ ရွှေကူအိမ်ဖြူဖြူကြီးရှေ့ရောက်သည်နှင့် ခြံတံခါးဆင်းဖွင့်ကာ ခြံထဲသို့လမ်းလျှောက်၍သာ ဝင်ခဲ့လိုက်သည်။ အရင်ကရောက်ဖူးသည့်အိမ်ကြီးဖြစ်ပေမယ့်လဲ ဤအိမ်တွင်တဂယ်နေရတော့မည်ဆိုတော့ ရွှေကူ့အတွက်စိမ်းနေသည်တော့အမှန်ပင်ဖြစ်သည်။
ရွှေကူသိပ်ချစ်သည့်ဇွန်ပန်းတွေအစား ဆူးတွေဝန်းရံထားသည့်နှင်းဆီပန်းနီနီတွေက ထိုခြံကြီးထဲနေရာယူထားလေသည်။ ညနေခင်း လေတဖြူးဖြူးတိုက်ခတ်နေသည့်ကြားမှ ရွှေကူခံစားမိသည်က အေးမြခြင်းနှင့် မွှေးပျံ့ခြင်းပင်ဖြစ်သည်။ ခြံဝန်းကြီးက အရင်အိမ်ထက်ကျယ်ဝန်းသလို အိမ်ဖြူဖြူကြီးမှာလဲယခင်ကထက် ပို၍လှနေသယောင်ရှိလှပါသည်။ ပန်းလှလှလေးတွေလဲအများအပြားတွေ့ရပေမယ့် ရွှေကူ့စိတ်ထဲအလိုမကျသည်က ဇွန်ပန်းလေးတွေမရှိသည်ကြောင့်ပင်။
"ကိုယ်နောက်တော့ကောင်မလေးချစ်တဲ့ဇွန်ပန်းလေးတွေပျိုးပေးမယ်နော် "
ရွှေကူ့ခါးဆီ လက်နွနွေေးတွေနှင့်နောက်မှသိုင်းဖက်လာသည့်အခါ ရွှေကူအကိုလေးရဲ့လက်တွေကိုအုပ်မိုးထိကိုင်လိုက်တော့သည်။
"အကိုလေးတဂယ်ပျိုးပေးမှာလားဟင်"
"ဒါပေါ့ဗျ ကိုယ့်ကောင်မလေးအကြိုက် ကိုယ်ဇွန်ပန်းတွေနောက်ရက်ကျပျိုးပေးမှာဗျာ"
"ဟီး ..အကိုလေးကိုအဲ့တာကြောင့်ချစ်ရတာ"
"အဲ့တာဆိုအာဘွားလေးပေးပါအုံး ကိုယ်လဲစရံလေးကြိုယူထားချင်လို့"
"အာ ..အကိုလေးကလဲ "
"ကောင်မလေးဘက်က နမ်းတယ်လို့ရှိဖူးလား ကိုယ့်ကိုပြန်နမ်းဖို့အစီစဉ်မရှိဘူးလားကွ "
ရွှေကူ့နားဖျားလေးဆီသို့ကပ်၍ ပြောလာသည့်အခါရွှေကူကြက်သီးတွေ ဖျန်းခနဲထသွားရတော့သည်။ ရွှေကူ့ဘက်က အနမ်းခံဖို့ငြင်းဆန်မိသလို ရွှေကူကိုယ်တိုင်လဲမနမ်းခဲ့သည်မို့ ဒီရက်တွေတွင်အကိုလေး ရွှေကူ့အနမ်းတွေမပါပဲဖြတ်သန်းခဲ့သည်ကို ငြီးငွေ့သွားပြီထင်ပါသည်။ ဒါ့ကြောင့် ရွှေကူ့ဆီမှအနမ်းတွေတောင်းခံနေသည်ဖြစ်သည်။
အဖြေမလာ ငြိမ်နေသည့်ကောင်မလေးကို ဖြေးဖြေးလေးဆွဲလှည့်လိုက်တော့ ခေါင်းလေးငုံ့ထားလေတော့သည်။ ဘာလို့အူယားအောင်လုပ်နေရတာလဲကွာ။ ဆွဲရမ်းပွေ့ပိုက်ဖက်နမ်းပစ်ချင်အောင် ဘာလို့ချစ်စရာကောင်းအောင် ရှက်နေရတာလဲကောင်မလေးရယ်။ မင်းလေးနဲ့လဲ ခက်ရပါသည်။
"ကောင်မလေး..."
ရွှေကူ့ဆီသို့ တောင်းဆိုသည့်လေသံနှင့်ပြောလာသည့်အခါ ရွှေကူ့ဘက်မှဆက်၍မမူနိုင်တော့ပေ။
"ရွှေကူနမ်းရင်အကိုလေးမျက်လုံးမှိတ်ပေးထားနော်"
"အင်း မှိတ်ထားပေးမယ် "
အကိုလေးက လက်တွေ့တွင်လဲ ကိုယ်လေးအနည်းငယ်ကိုင်းကာ မျက်လုံးလေးမှိတ်ပေးလာသည့်အခါ ရွှေကူခြေဖျားလေးထောက်၍ ချစ်ရသည့်အကိုလေးရဲ့ပါးပြင်လေးဆီ ရွှေကူ့နှုတ်ခမ်းလေး ထိကပ်နမ်းလိုက်တော့သည်။
ပါးပြင်သို့ အိစက်နေသည့်နှုတ်ခမ်းလေးတစ်စုံ ထိတွေ့ကျရောက်လာသည့်အခါ ကွန့်မြူးသတိတို့ပင်လွတ်သွားချင်သလိုဖြစ်သွားရတော့သည်။ ကောင်မလေးက ကိုယ့်ကိုနမ်းလိုက်တာဆိုသည့် အသိကြောင့် လူကပျော်မဆုံးဖြစ်နေရသလို လက်ဖျားတွေလဲတုန်လာရတော့သည်။ တဂယ်နူးနူးညံ့ညံ့ဖွဖွလေးနမ်းသွားသည့်အနမ်းလေးအဆုံး ပွင့်လာသည့်မျက်လုံးတို့နှင့်အတူ မျက်စိရှေ့ကကော်ရုပ်မလေးကိုကြည့်၍ ကွန့်မြူးကြောင်နေရတော့သည်။
"ဟင် ..အကိုလေးဖြစ်ပြန်ပြီ "
ရွှေကူတုန်ယင်နေသည့်လက်တွေကိုဖမ်းဆွဲယူလိုက်ကာ ဆုပ်ကိုင်နှိပ်နယ်ပေးလိုက်တော့သည်။ ရွှေကူ့မှာ နမ်းလိုက်ရလို့ရှက်အားလေးယူနေပါတယ်ဆိုမှ အကိုလေးရဲ့ခပ်ကြောကြောင်ဖြစ်ရပ်ကြောင့် ရှက်အားထက် စိုးရိမ်အားကပို၍များလာတော့သည်။
"အကိုလေး အကိုလေးလို့ "
ရွှေကူလှုပ်ရမ်းအော်ခေါ်လိုက်သည့်အခါ မျက်တောင်လေးခက်လာကာ အကိုလေးကအသိစိတ်လေးပြန်၍ဝင်လာလေတော့သည်။
"ကောင်မလေး ကိုယ်ဘာဘာဖြစ်သွားတာလဲကွ "
"သိဘူး ရွှေကူနမ်းလိုက်တာအဲ့လိုဖြစ်သွားတာပဲ "
"ကောင်မလေးက ဓာတ်လိုက်တယ်ထင်တယ်ကွာ အချစ်စွမ်းအားတွေကြီးပြီး ဓာတ်တွေတအားများနေလို့ကိုယ့်ဆီဓာတ်တွေလိုက်နေတာနေမယ်"
ရွှေကူ့ကိုဖက်လိုက်သည့်အကိုလေးကြောင့် ရွှေကူလဲခါးသို့ပြန်၍ဖက်တွယ်ထားလိုက်သည့်အခါ ရွှေကူ့ဆံနွယ်တွေကို နမ်းရှိုက်လာလေတော့သည်။ ရွှေကူသန်မာဖို့ အကိုလေးယခုလိုအားအင်တွေပေးမှဖြစ်မှာလေ။ နောက်ဆိုအကိုလေးရဲ့အကူညီနှင့် ရွှေကူဒီ့ထက်မကသန်မာအောင် ကြိုးစားပါ့မယ်အကိုလေးရယ်။
"စိတ်သစ် နေရာသစ်နဲ့ ကောင်မလေးဘဝလေးအသစ်စလိုက်တော့နော် စိတ်ညစ်စရာတွေဘာမှကိုမတွေးတော့နဲ့ဟုတ်ပြီလား"
"ဟုတ်.. ရွှေကူကြိုးစားပါ့မယ် "
ရွှေကူချစ်ရသည့်အကိုလေးက ဘေးမှာရှိတာပဲလေ ရွှေကူ့အတွက်ဘာတွေလိုအုံးမှာမလို့လဲရှင်ရယ်။ ဘာတွေပဲ ကြုံလာကြုံလား အကောင်းဆုံးရင်ဆိုင်ဖြေရှင်းပါ့မယ်လို့ ဂတိပေးပါတယ်အကိုလေးရယ်။
Words 3340
18.10.2023 6:00pm
ဆက်လက်ကြိုးစားသွားပါမည်။
Unicode နဲ့ Zawgyi ခွဲပြီးတင်ပေးပါမယ်နော်။