"တီကြီးရေ .... ဝမ်းဖိုး ညီမလေး အသံနားထောင်ဦးမယ်"
သန္တာက အိမ်ရှေ့ခန်းမှ ဆိုဖာခုံမှာ ထိုင်နေတုန်း ဝမ်းဖိုးလေးက သန္တာဗိုက်ကို လက်ကလေးနှင့်လာပွတ်ကာ နားလေးကပ်ပြီးနားထောင်သည်...
"ညီမလေးက အိပ်ပျော်နေတယ်ထင်တယ် တီကြီးကလေးလေးရဲ့"
"ညီမလေးက ဘယ်တော့လာမှာလဲဟင် တီကြီး"
"Next week ဆိုရင် ၀မ်းဖိုးဆီကို လာခဲ့ပါမယ်တဲ့"
"Yayyyy ပျော်စရာကြီး... နော်... တီကြီး"
သန္တာက ၀မ်းဖိုးရဲ့ ခေါင်းလေးကို ငုံ့နမ်းလိုက်ပြီး ပြုံးနေမိသည်... ကိုယ်မွေးတဲ့ကလေး ၀မ်းဖိုးလောက်ပင် ချစ်ပါ့မလား သံသယ၀င်မိသည်အထိ ဒီတူလေးကို သားကဲ့သို့ချစ်ရပါသည်...
သန္တာက နောက်အပါတ်ဆို သမီးကို ဗိုက်ခွဲပြီးမွေးရတော့မည်... မွေးဖွားရက်နီးလာတော့ ပြီးခဲ့တဲ့လကတည်းက အမေက သန္တာ့ကို မြောက်ဒဂုံအိမ်မှာပြန်ခေါ်ထားပြီး ကိုသူရပါ လိုက်နေနေရသည်... နန္ဒာရော ဇေယျာရော နောက်တစ်ပါတ်ဆို ပြန်လာကြမည်... သမီးလေးကို ၀မ်းဖိုးလေးတုန်းကလို လူစုံတက်စုံကြိုဆိုကြပေလိမ့်ဦးမည်... သန္တာကတော့ မွေးဖွားရက်နီးလာလေ ကြောက်စိတ်နည်းနည်း၀င်လာလေ ဖြစ်နေရသည်... ပထမဦးဆုံးမို့စိတ်လှုပ်ရှားနေမိရတာလည်းပါသည်...
ညနေသုံးနာရီလောက်မှာ အဖေကြီးက ရုံးကပြန်ရောက်လာသည်...
"မီးကြီး ဒီနေ့ နေရတာ ဘယ်လိုနေလဲ... ငါ့သမီး အဆင်ပြေရဲ့လား"
"ပြေပါတယ် အဖေကြီးရဲ့... အဖေကြီး ဘာလို့ အစောကြီးပြန်လာတာလဲ နေမကောင်းဘူးလား"
"ကောင်းပါတယ် သမီးရဲ့ ... သူ့မေရော"
"အမေက အိမ်ပေါ်မှာ...အဖွားအခန်းထဲမှာ"
"အေးအေး... အဖေကြီး သွားကြည့်လိုက်ဦးမယ်... ငါ့သမီး အ၀တ်အစားလဲထား... အဖေကြီးနဲ့ အပြင်သွားကြမယ်"
"ဟာ တကယ်လား အဖေကြီး... အတော်ပဲ သန္တာလည်း အိမ်ထဲမှာပဲ နေရတာ ပျင်းနေပြီ"
အမေ့ကိုပြောပြီး သန္တာတို့သားအဖနှစ်ယောက် အပြင်ထွက်ခဲ့ကြသည်.... အဖေကြီးက သန္တာ့ကို အရင်ကနေခဲ့ကြဖူးသည့် ကျောက်မြောင်းက သီတာလမ်းထဲသို့ ခေါ်လာသည်... မရောက်ဖြစ်တာကြာပြီဖြစ်သော သီတာလမ်းထဲ၀င်လိုက်သည်နှင့် သန္တာစိတ်တွေက လှုပ်ရှားနေရပြီ...
"ငါ့သမီး သီတာလမ်းက နံရိုးပေါင်း ခေါက်ဆွဲမစားရတာ ကြာပြီမဟုတ်လား"
အဖေကြီးနှင့် နှစ်ယောက်အတူ နံရိုးပေါင်းခေါက်ဆွဲဆိုင်လေးထဲကို ၀င်လိုက်တော့ ရင်ထဲမှာ အတိတ်ရဲ့ အရိပ်လေးတွေက ဖြည်းဖြည်းချင်းလှုပ်ခတ်လာကြသည်... သားအဖနှစ်ယောက်သား အငယ်တွေမသိအောင် ခဏခဏ ခိုးပြီးလာကြဖူးသည် မဟုတ်လား...
သန္တာတို့ သားအဖနှစ်ယောက် ဆိုင်ရှေ့ သစ်ပင်အောက်ရှိ လူရှင်းသည့် စားပွဲတွင်ထိုင်လိုက်ကြသည်... ဆိုင်ရှင် အန်တီကြီးကတော့ ဆုံးသွားပြီး သူ့သားသမီးတွေ ဆက်ရောင်းနေကြပေမဲ့ လက်ရာကတော့ အရင်အတိုင်းပင်...
"မီးကြီး ကြံရည် နည်းနည်း သောက်မယ်မလား... စတိလေးပဲသောက်နော်... ညနေဘက်ကြီး ရင်ပြည့်နေမှာစိုးလို့"
"ဟုတ် အဖေကြီး"
သန္တာကိုယ်၀န်ရပြီးမှ ကိုယ်၀န်ဆိပ်တက်တာကြောင့် အရင်ထက်ပိုပြီး အစားအသောက်နည်းသွားသဖြင့် အဖေကြီးက စိတ်မကောင်းဖြစ်နေခဲ့သည်... ဒီနေ့တော့ စားကောင်းကောင်းနှင့် စားလိုက်တာ တစ်ပွဲလုံးကုန်သွားသည့်အပြင် တိုဟူးကြော်တွေပါ မှာစားပစ်လိုက်သေးသည်... အဖေကြီးက သန္တာ့ကိုပြုံးကြည့်နေပြီး ကျေနပ်နေသည့်ပုံပင်...
သန္တာက ကြံရည်ကို ပိုက်နှင့်ဖြည်းဖြည်းချင်းစုပ်သောက်နေတုန်း အဖေကြီးက ပြောလာသည်...
"ဟိုနေ့က သူ့မေပြောတယ်... မီးကြီးက ကလေးမွေးရမှာကြောက်နေတာဆို"
"ကြောက်တယ်ရယ်လဲ မဟုတ်ပါဘူး အဖေကြီးရယ် ပထမဆုံးဆိုတော့ ဒီလိုပဲ စိတ်လှုပ်ရှားတာပေါ့... အဲ့ဒါကြောင့် သန္တာက အမေ့ကို မေးကြည့်တာ... အမေ သန္တာ့ကိုပထမဦးဆုံးမွေးခဲ့တုန်းက ဘယ်လိုခံစားရလဲလို့"
"သမီးတို့ အမေက စိတ်မာတာ သမီးတို့လဲအသိပဲ... အဲ့ဒီတုန်းကဆို အမေက မကြောက်ဘူး အဖေကြီးက ကြောက်နေခဲ့တာ... အဟားဟား"
"အဖေကြီးက အမေ့ကို စိတ်ပူနေခဲ့တာလားဟင်"
"အမေ့ကိုလည်း စိတ်ပူတယ်... ငါ့သမီးကိုလဲ စိတ်ပူတယ်... ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာနဲ့ လှလှပပလေး ထွက်လာစေချင်ခဲ့တာလေ.... အမေဗိုက်နာလို့ မွေးခန်းထဲ၀င်သွားကတည်းက အဖေကြီးမှာ တစက်ကလေးမှ မထိုင်နိုင်ဘူး ရသမျှဘုရားစာတွေ ဆိုပြီး အပြင်မှာစောင့်နေခဲ့တာ... နောက်ဆုံး သမီးမျက်နှာလှလှလေးကို မြင်လိုက်ရမှ သက်ပြင်းချနိုင်တော့တာ... သမီးမျက်နှာကို မြင်လိုက်ရတဲ့ အချိန်မှာ ပူပင်မှုတွေဆိုတာ တကယ်ကို ပျောက်ခြင်းမလှပျောက်သွားတာကွာ"
"အဖေကြီး သန္တာ့ကို မွေးတော့ ပျော်လားဟင်"
"ဖော်ပြစရာစကားလုံးတောင် မရှိပါဘူး ငါ့သမီးရယ်... အမေက တစ်နေကုန်ကလေးနဲ့ အိမ်အလုပ်နဲ့ ပင်ပန်းထားတော့ ညဘက်တွေဆို ငါ့သမီးငိုရင် အဖေကြီးပဲ ဒိုင်ခံထပြီးချော့ခဲ့တာ... အဖေကြီးပုခုံးပေါ်ထမ်းသိပ်လိုက်တာ နဲ့ငါ့သမီးက တန်းအငိုတိတ်တာပဲ...အဖေကိုလဲ အရမ်းသိတာ...အဖေကြီးအပြင်ကပြန်လာပြီဆို တံခါးမှာကွယ်ပြီး သမီးရေလို့ အသံပြုလိုက်တာနဲ့ ငါ့သမီးက အဖေကို ရှာတော့တာပဲ"
"အဟားဟား"
အဖေကြီးက ရယ်မောပြီးပြောနေခဲ့ရာမှ ရုတ်တရက်ငြိမ်ကျသွားခဲ့သည်... ထို့နောက် သန္တာလက်ကိုဆွဲယူဆုပ်ကိုင်လာပြီး....
"အားနာနေခဲ့တာ"
"ဘာလဲဟင် အဖေကြီး"
"အဖေကြီးက တစ်လျှောက်လုံး မီးကြီးကို အားနာနေခဲ့တာ"
"ဘာလို့လဲ အဖေကြီးရယ်"
"အဖေကြီးက မောင်နှမအရင်း မရှိတဲ့ တစ်ဦးတည်းသောသားဖြစ်ခဲ့ရတော့ ကိုယ့်မိသားစုကို ကလေးတွေအများကြီးနဲ့ သိုက်သိုက်၀န်း၀န်း နေချင်ခဲ့တာမလို့ အငယ်တွေ ဆက်တိုက်ယူဖြစ်ခဲ့ကြတယ်... မီးကြီးက ၂ နှစ်အရွယ်လေးကနေစပြီး အငယ်တွေက ၂ နှစ်ခြားတစ်ယောက်ဆိုသလို ဆက်တိုက်တွေ ရောက်လာကြတော့ ကလေးငယ်လေးတစ်ယောက်အနေနဲ့ မိဘဆီက ရသင့်တဲ့ တချို့အခွင့်ရေးလေးတွေ ဆုံးရှုံးခဲ့ရတယ်မဟုတ်လား... မီးကြီးမှမဟုတ်ပါဘူး နာနာရော...ကေသာရော...အဖေကြီးကလေးတွေ အကုန်လုံးက အငယ်တွေကို အပြန်အလှန်ညှာပြီး ကြီးပြင်းခဲ့ရတော့ အဖေကြီးက အားနာခဲ့ရတယ်"
"မဟုတ်တာ အဖေကြီးရယ်... အဖေကြီးနဲ့ အမေ့လောက် သားသမီးတွေအပေါ်ဖြည့်ဆည်းပေးနိုင်ခဲ့သူ မရှိပါဘူး... သန္တာတို့ အဖေကြီးကြောင့် ဘယ်တုန်းကမှ မျက်နှာမငယ်ဘဲ နေခဲ့ကြရတာပဲကို"
"အဖေကြီးရော အမေရောက သားသမီးတွေရဲ့ စိတ်ခံစားချက်ကို အရမ်းဂရုစိုက်ပြီးနေပေးခဲ့ကြတယ်ဆိုပေမဲ့ စီးပွားရေးတစ်ဖက်နဲ့ ဆိုတော့ လစ်ဟင်းခဲ့တာလေးတွေလဲ အများကြီးရှိတာပေါ့သမီးရယ်... အသေးအမွှားမပြောပလောက်တာလေးတွေ ဆိုပေမဲ့ လစ်ဟင်းခဲ့တာကို သတိထားမိတဲ့အခါတွေမှာ အဖေကြီးက အများကြီးစိတ်မကောင်းဖြစ်ရတယ်"
သန္တာ့ရင်ထဲမှာ လှိုက်နေအောင် ၀မ်းနည်းလာရသည်... အဖေကြီးက ဒီအားနာစိတ်နဲ့ပဲ တစ်လျှောက်လုံး သန္တာ့အပေါ်မှာ သနားအချစ်ပိုခဲ့ရသည်ထင်ပါ၏... အငယ်တွေအိပ်နေချိန်ဆို သန္တာ့ကိုပိုပြီးအချိန်ပေးတတ်သည်... ရံဖန်ရံခါလည်း ဒီနံရိုးပေါင်းခေါက်ဆွဲဆိုင်လေးကို သားအဖနှစ်ယောက် ခိုးခိုးပြီးရောက်လာခဲ့ကြသေးသည်... မောင်နှမတွေကြားမှာဆို ထုံးစံအတိုင်း အကြီးဆုံးတွေက အလျှော့ပေးရဆုံးတွေ ဖြစ်တတ်ကြသည်မဟုတ်လား... ဒါပေမဲ့ ငယ်ဘ၀ကို ပြန်တွေးကြည့်လိုက်တိုင်း သန္တာက ပျော်ခဲ့ရပါသည်... စိတ်ရှုပ် ၀မ်းနည်း ရန်ဖြစ်ခဲ့ရတာတွေ ရှိပေမဲ့ သိုက်သိုက်၀န်း၀န်း နွေးနွေးထွေးထွေး နေခဲ့ကြရသည့်ရက်တွေကို အမြဲလွမ်းနေခဲ့ရသည်ချည်းပင်... ပါးပေါ်လိမ့်ဆင်းကျလာသော မျက်ရည်တို့ကို လက်နှင့်ပွတ်သုတ်လိုက်ပြီး သန္တာက အဖေကြီးကိုပြုံးပြလိုက်သည်...
"အဖေကြီးကလည်း... သန္တာက ပျော်ခဲ့ရပါတယ်"
"ငါ့သမီး မှတ်မိသေးလားမသိဘူး အဖွားဆေးရုံးတက်ရတော့ အဖေကြီးရော အမေရော ရုတ်တရက်ကြီး ဆေးရုံကိုပြေးကြရတာလေ... မီးကြီးက ၅ တန်းတက်နေရတဲ့အချိန်ထင်တယ်... ကလေးတွေနဲ့ မီးကြီးကို အိမ်မှာ ခဏထားခဲ့ရတာ...ဘေးအိမ်ကို အပ်ခဲ့ပြီးတော့ပေါ့... အဖေကြီးတို့ စီစဥ်စရာရှိတာ စီစဥ်ပြီး အိမ်ပြန်လာတော့ မီးကြီးက အငယ်တွေကို ရေတွေချိုးပေးပြီး သနပ်ခါးတွေ ဘဲကြားလိမ်းပေးထားတာ So sweet လေးခေါင်းမှာဆို အုန်းဆီတွေတောင် ရွဲစိုနေအောင် လိမ်းထားပေးလိုက်သေးတယ်လေ... အဖေကြီးမှာ ငါ့သမီးကြီး အရွယ်ရောက်ပြီ အားကိုးနေရပြီဆိုပြီး အိမ်သာထဲမှာ ခိုးပြီး မျက်ရည်ကျခဲ့ရသေးတယ်"
အဖေကြီးက အတိတ်ကို တကယ်ပင်လွမ်းလွမ်းဆွေးဆွေးနှင့် ပြန်ပြောပြနေခဲ့ပြီး သန္တာလက်ကိုလည်း နွေးနေအောင် ဆုပ်ကိုင်ထားပေးခဲ့သည်...
"ငါ့သမီးကြီးက လူကောင်သေးသေးလေးပေမဲ့ အရမ်းကိုသန်မာခဲ့တာ... ၄ တန်း ၅ တန်းအရွယ်လေးကစပြီး မိဘတွေကိုကူပြီး အငယ်တွေကို ကြည့်ပေးတတ်နေခဲ့တာ... မီးကြီးမလုပ်နိုင်တာဆို ဘာမှမရှိဘူး... ကျောင်းမှာအငယ်တွေ ရန်ဖြစ်ရင်လည်း ရှေ့ဆုံးကနေ သွားစွာပြီး ကာကွယ်ပေးခဲ့တာ... So sweet လေးဆို ဘယ်ချိန်မေးမေး မကြီးကို အချစ်ဆုံးလို့ပဲ ဖြေခဲ့တာလေ"
သန္တာ မျက်ရည်တွေဝဲနေသည့်ကြားက ရယ်လိုက်မိသည်... So sweet ငယ်ငယ်ကဆို မကြီးကိုအချစ်ဆုံးဟုပဲ အမြဲပြောခဲ့တာဖြစ်သည်... ကိုယ့်မှာလည်း ချစ်လိုက်ရတာမှ အခု၀မ်းဖိုးလေးအထိပင် သည်းသည်းလှုပ်နေရတော့သည်သာ...
"အဖေကြီး ပြောချင်တာကလေ... မီးကြီးမှာ အဖေကြီးရော အမေရော အပြင် မောင်နှမတွေအကုန်ရှိတယ်... သူရကလည်း မီးကြီးကို ချစ်ရှာပါတယ်... အားကိုးရတယ်မဟုတ်လား... ငါ့သမီးဘာမှ ကြောက်စရာလည်းမလိုဘူး အားငယ်စရာလည်းမလိုဘူး... အဖေကြီးတို့ပေးတဲ့ မေတ္တာတွေကြောင့် မီးကြီးက မြေးငယ်လေးကို ကောင်းကောင်းမွေးဖွားနိုင်မှာ...ဟုတ်ပြီလား... အဖေကြီးကို wonderful လေးနဲတူတူလုမဲ့ သေးသေးလေးကို အဖေကြီးက မြင်ချင်နေပြီမို့ ငါ့သမီးက သတ္တိရှိရှိနဲ့ မွေးရမယ်... နော်"
"ပြီးတော့ စကားပုံရှိတယ်မဟုတ်လား အဖေတွေက သမီးတွေရဲ့ အချစ်ဦးတဲ့... အဖေကြီးဘဝမှာ အပျော်ဆုံးကလည်း သန္တာကြည်ညွှန်းလေးရဲ့ အချစ်ဦးဖြစ်ခဲ့ရတာပါပဲ... သူရကလည်း မြေးငယ်လေးရဲ့ အချစ်ဦးဖြစ်ချင်ရှာမှာပဲ... အဖေကြီးတို့ မီးကြီးနဲ့တူတူရှိနေပေးမှာ မလို့ ငါ့သမီးက ယုံကြည်မှုအပြည့်နဲ့ မွေးရမယ်နော်"
အဖေကြီး စကားတွေကြောင့် သန္တာက အခုချက်ချင်းပင် အေးအေးဆေးဆေး မွေးဖွားနိုင်လောက်တဲ့အထိ သတ္တိတွေရခဲ့ရသည်... အားအင်တွေလည်းပြည့်ခဲ့ရပြီ... အဖေကြီးက သန္တာတို့မောင်နှမတွေအတွက် ဘက်စုံသုံး အားဆေး Multivitamin လို့ပင်ပြောလို့ရလေသည်...
နန္ဒာနဲ့ ဇေယျာက သန္တာမီးဖွားခါနီးနှစ်ရက်အလိုတွင် အမှီပြန်ရောက်လာကြသည်... အဖေကြီးပေးတဲ့ အားအင်တွေနှင့် ချစ်ရတဲ့ ခင်ပွန်း...မောင်နှမတွေစုံစုံလင်လင် အားပေးမှုနဲ့အတူ သမီးငယ်လေးကို အောင်အောင်မြင်မြင်ချောချောမွေ့မွေ့ မွေးဖွားနိုင်ခဲ့ပြီး စကားတွေတွတ်တွတ်တာတာ များတော့မည့် သောကြာသမီးလေးမို့ ကိုသူရကိုယ်တိုင် ပေးခဲ့သည့် နာမည်လေးက "သာယာကြည်ညွှန်း"...
ကိုသူရကိုယ်တိုင်ကလည်း ကြည်ညွှန်း Family ကြီးရဲ့ မေတ္တာတွေကို ခံစားနားလည်ထားခဲ့သူမို့ သမီးလေးကိုလည်း ကြည်ညွှန်း မိသားစု၀င်တစ်ဦးဖြစ်သည့်အလျှောက် ကြည်ညွှန်းနာမည်လေး ပါစေချင်ခဲ့သည်...
အခုဆိုရင်တော့ ကြည်ညွှန်း Family ကြီးရဲ့ မျိုးဆက်သစ်လေး နှစ်ယောက်ဖြစ်တဲ့ ထည်ဝါကြည်ညွှန်း နဲ့ သာယာကြည်ညွှန်းလေးကို သိပ်ချစ်ကြတဲ့ မောင်နှမတွေ အဖြစ်နဲ့ အားလုံးက ကြည်နူးစွာ မြင်ကြရပေဦးတော့မည်...
...........................................................................
ဒီနေ့ တစ်အိမ်လုံးက တာမွေအိမ်က ဘုန်းကြီးဆွမ်းကပ်ကို အမျိုးတွေ စုံစုံလင်လင်တွေ့ဖို့ မနက်အစောကြီးကတည်းက ထွက်သွားကြပြီ... ဝမ်းဖိုးလေးပါ ပါသွားသည်...
အိမ်မှာ အာကာနှင့် အစ်ကို နှစ်ယောက်ပဲ ကျန်ခဲ့ကြသည်...
အာကာ ခြံထဲမှာထိုင်ပြီး အလုပ်လုပ်နေတုန်း အစ်ကိုက ကော်ဖီနှစ်ခွက်ဖျော်ကာ အနားရောက်လာသည်...
"So sweet ခဏ နားဦးလေ"
"အစ်ကို့ ဒီနေ့တိမ်တွေ လှတယ်နော်"
အစ်ကိုက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြုံးသည်...
"အင်း... အများကြီးပဲ... ဒီနေ့ တိမ်တွေထူနေတယ်"
အာကာ ထိုင်ရာမှထကာ အစ်ကို့လက်ကိုဆွဲလိုက်ပြီး မြက်ခင်းပေါ်သို့ဆင်းကာ ပက်လက်လှန်လှဲပစ်လိုက်သည်...
"အစ်ကို့...လာ... ဒီလိုကြည့်ရင် တိမ်တွေက ပိုလှတယ် ပိုပြီးနီးနီးကပ်ကပ်မြင်ရတယ်လို့ ခံစားရတယ်"
အစ်ကိုက အာကာ့ဘေးမှာလှဲအိပ်လိုက်ပြီး တိမ်တွေကိုကြည့်သည်... ထို့နောက် လက်ကလေးတစ်ဖက်ကို ဆန့်တန်းလိုက်ပြီး...
"လက်နဲ့တောင်ထိတော့မလိုပဲနော်"
"Sapa မြို့ကိုတောင် လွမ်းသွားပြီ... ကျွန်တော်တို့ နှစ်ယောက်တည်း တစ်ခေါက်လောက်ထပ်သွားရအောင်လေ အစ်ကို့"
"အင်း တောင်ပေါ်က စပါးခင်းတွေမရိပ်ခင် သွားကြမယ်လေ"
"Sapa ရောက်ရင် အစ်ကိုလက်ကို ဆွဲပြီးဈေးထဲမှာ လျှောက်ပတ်မယ်"
"အင်း...မင်းကို ဂေါ်ရခါးညွှန့်တွေပါတဲ့ Hotpot အတင်းစားခိုင်းဦးမယ်"
"အစ်ကိုအသက်ရှုကျပ်မှာ ကြောက်ပေမဲ့ ဖန်စီပန်တောင်ပေါ်က တိမ်တွေကြားထဲမှာ အစ်ကို့ကို နမ်းချင်သေးတယ်"
"ကိုယ့်လက်ကို ဆုပ်ကိုင်ထားပြီး မျက်ရည်တွေနဲ့ ငိုနေတဲ့ကောင်လေးကို ထပ်မကြည့်ရက်ပေမဲ့လည်း တောင်ထိပ်က တိမ်တွေကြားထဲမှာ သကြားလုံးလေးကို နောက်တစ်ကြိမ်ကောက်ရချင်သေးတယ်"
"ဟော်တယ်ခန်းထဲမှာ ကာတွန်းကားတူတူကြည့်ရင် ညာတာပါတေးနဲ့ အစ်ကို့ကို ဖက်အိပ်ချင်သေးတယ်"
"ကိုယ်က ရိုးရာအင်္ကျီတွေ၀တ်ပြီး ကောင်လေးတစ်ယောက်ကို စိတ်ကောက်အောင် လုပ်ချင်သေးတယ်"
"ကျွန်တော်က တစ်ယောက်အိပ် အိပ်စင်ပါတဲ့ကားပေါ်မှာ နှစ်ယောက်ပူးပြီး ကျပ်ညပ်နေအောင်စီးချင်သေးတယ်"
"ကိုယ်က ဟနွိုင်းက Old Quarter ထဲမှာ ညဘက်ကြီး ရေခဲမုန့်စား ဆေးလိပ်သောက်ပြီး လမ်းတွေလျှောက်ချင်သေးတယ်"
"အဟား.... အခုတောင် ပြန်သွားချင်လာပြီဗျာ"
"တိမ်တွေက ဒီနေ့ တကယ်ကို ထူထပ်ပြီး လှနေတာပဲ"
"အစ်ကို့"
"ဟင်"
"တိမ်တွေစီးကြရအောင်လေ"
"အာ"
"နော် အစ်ကို့... နော်"
.......................................................................................................................................................
Extra End!
<3 DiDi Zaw
(10/02/2023)
အစကတော့ Extra ၄ ပိုင်းလောက်ရေးပေးမလို့ပါပဲ... ဒါပေမဲ့ အဆိုးလေးတွေက Comments တွေမှာ S2 လို့ အော်နေကြပြီး messenger အထိပါ လာပူဆာကြတော့ DiDi က အလိုလိုက်ချင်မိရပြန်ရော...
DiDi ၀မ်းဖိုးတို့ကို S2 ရေးပေးမယ်နော်... ဒါပေမဲ့ အချိန်လေး နည်းနည်းတော့ ပေးဦးနော်... အသစ်တွေရေးတိုင်း ပိုကောင်းချင်တာမို့ Plots လေးတွေ သေချာပြင်လိုက်ပါဦးမယ်...
DiDi နဲ့ တူတူရှိပေးကြဦးနော်... Ongoing လိုက်တဲ့ Comments လေးတွေမြင်မှ အားရှိပြီး ရေးချင်စိတ်ပိုရှိရတာ မို့ပါ...
ချစ်တယ်နော်...♥️