မောင်Wonderful လေးရဲ့ "ဟုတ်ကဲ့ ကိုကို" ကြောင့် သူ့ဖေဖေက တရှူးရှူးတရှားရှားတွေဖြစ်ပြီး အလုပ်ပင် ပြန်မသွားနိုင်တော့သဖြင့် ငြိမ်းမှာ သားကိုပါ ခွင့်တိုင်ပြီး သားအဖနှစ်ယောက်လုံးကို အိမ်သို့ပြန်ခေါ်လာခဲ့ရသည်...
လေးမောင်နဲ့ ကေသာကလည်း ခြေထောက်ရော လက်ရော ဆလံသ၍ ရင်ဘတ်ကိုယ်စီဖိကာ ရုံးသို့ပြန်သွားကြရသည်...
ကားမောင်းရင်း မျက်နှာကြီးသုန်မှုန်နေသူကြောင့် ငြိမ်း ရယ်ချင်နေရသည်... သားနဲ့သာမတည့်တာ သားကိုအူတိုတတ်လိုက်တာလည်း သူ့အပြင်နှစ်ယောက်မရှိ...
"So sweet ကကွာ... ခုခေတ်ကလေးတွေက ဒီတိုင်းပဲဟာကို"
"ကျစ်! အစ်ကို့သားကို မေးကြည့်ဦး စေ့စပ်တာတွေ လက်ထပ်တာတွေ promise တွေ ပြောနေရအောင် အဲ့ဒါတွေကဘာလဲ နားရောလည်လားလို့"
ငြိမ်းက ပေါင်ပေါ်မှာထိုင်နေသော သားကို ငြိမ်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်ပေးလိုက်ပြီး ပါးလေးနှစ်ဖက်ကို အုပ်ကိုင်လိုက်သည်... မျက်မှန်ဝိုင်းလေးအောက်က မျက်လုံးလေးတွေနှင့် မျက်တောင်ရှည်ကြီးတွေက တစ်အိမ်လုံးကဝိုင်းပြီး အူတိုချင်စရာကောင်းလောက်အောင် သားက လှရက်လွန်းပါသည်...
"သား... ပါပါးမေးဦးမယ်... သားက ကိုကိုနဲ့ စေ့စပ်လိုက်တယ်ပြောရအောင် စေ့စပ်တာ ဘာလဲ သိလို့လား"
"လက်စွပ် ဆင်တူဝတ်တာလေ ပါပါးရဲ့... တီတီကေသာနဲ့ လေးလေးဖြိုးလို"
"အာ"
သားက ဟိုတလောက သူ့တီတီကေသာရဲ့ စေ့စပ်ပွဲမှာ စေ့စပ်လက်စွပ်ဆင်တူဝတ်ကြတာကို မှတ်ထားပြီး ပြောနေခြင်းဖြစ်သည်... ဘေးမှ သူ့ဖေဖေက ဘုကြည့်ကြည့်လာပြီး...
"ကဲ ဒါဆို လက်ထပ်တာကရော ဘာလဲ သိလား ဖေဖေ့ကိုပြော"
"လက်ထပ်တာက...ဝမ်းဖိုးက...အင်း....ဝမ်းဖိုးက"
"အင်း...ဝမ်းဖိုးက ဘာဖြစ်လဲပြောစမ်းပါဦး"
သားက သေချာမပြောတတ်ပဲ စဉ်းစားနေပြီးမှ
"ကိုကို ကနေဒါက ပြန်လာရင် ... ဝမ်းဖိုးက ကိုကိုနဲ့ လက်ထပ်ပြီး ရဲတိုက်ပုံ Lego ဆက်မှာ... ကိုကိုက ဝမ်းဖိုးကို wonderland က ရဲတိုက်ပုံရအောင် ဆက်ပေးမှာတဲ့"
"အမ်...အဟားဟား"
"တွေ့လား တွေ့လား... အစ်ကို့သားက ဘာမှန်းမသိပဲလျှောက်ပြီး ကတိတွေပေးနေတာလို့"
"အင်းလေ...ကလေးက မသိလို့ပေါ့ So sweet ကလည်း... သိရင် ပါပါးသားလေးက ဘယ်ကတိတွေပေးမှာလဲလို့...နော် သား...နော်"
"ဟိတ်ကောင်... Lego က ဖေဖေလည်း ဆက်တတ်တယ်... Wonderland က ရဲတိုက်မပြောနဲ့ အဲလိဇဘက် ဘုရင်မကြီးရဲ့ နန်းတော်ပုံတောင် ဆက်တတ်တယ်... မင်းကိုကိုက အာလကား အာပလာ... ဖေဖေဆက်ပေးမှာ... ဝမ်းဖိုးက လက်မထပ်ရဘူး"
"ပါပါးရေ...ဟင့်!"
ငြိမ်း ရယ်ချင်စိတ်ကိုမနည်းထိန်းပြီး အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်... သားက ငိုမဲ့မဲ့လေးဖြစ်သွားပြီး ငြိမ်းကိုခေါ်ကာ မော့ကြည့်လာသည်... So sweet က လုံးဝအလျှော့မပေးသေးဘဲ သားကိုလှည့်ကြည့်လာပြီး
"ငိုစရာမဟုတ်ဘဲနဲ့ကိုနော် Wonderful ကတော့ ... အစ်ကို့...ပြောဦးလို့... အစ်ကို့သားက အစ်ကိုပြောမှရတာကိုဗျာ"
"သား... ပါပါးကို ပြောပြပါဦး ကိုကိုနဲ့ ဘာလို့ လက်ထပ်ချင်တာလဲ"
"ဝမ်းဖိုး ကျောင်းမှာလေ မုန့်ထုတ်မဖောက်တတ်ရင် ကိုကိုကဖောက်ပေးတယ်... ဝမ်းဖိုးကို အိမ်သာလဲလိုက်ပို့တယ်... ဝမ်းဖိုးသွားကျိုး သွားတုန်းကလေ... သွေးတွေ များကြီးပဲ... ဝမ်းဖိုးက ငိုတာ ... ကိုကိုက ရေနဲ့လုပ်ပေးတယ် ... ပြီးတော့လေ သွားကျိုးလို့ ဝမ်းဖိုးကို မလှတော့ဘူးလို့ ပြောတဲ့သူတွေကို ကိုကိုက ဆူပစ်လိုက်တာ သိလား ပါပါး"
"ဟာ...တယ်ဟုတ်ပါလားကွ... အဲ့ဒါကြောင့် ပါပါးသားလေးက သွားကျိုးတဲ့နေတုန်းက မငိုဘဲ အိမ်ပြန်လာတာပေါ့ ဟုတ်လား"
"ဟုတ်... ကိုကိုက သွားကျိုးသွားတာ မဟုတ်ဘူးတဲ့... ဝမ်းဖိုးသွားမှာ ပြုတင်းပေါက်လေး ခဏဖောက်ထားတာတဲ့"
"အမယ်"
"ဟိတ်ကောင် မင်း ကိုကိုဋီကာချဲ့မနေနဲ့...ဒီမှာ ဖေဖေပြောပြမယ်... သား လက်ထပ်လိုက်ရင်လေ တီကြီးလို အိမ်ခွဲနေရမှာနော် ... ပါပါးနဲ့ လည်းမနေရတော့ဘူး ဖေဖေနဲ့လည်း မနေရတော့ဘူး ဖေဖေကြီးတို့ မေမေကြီးတို့ တီတီတို့နဲ့ရောပဲ...အဲ့လို ခွဲနေနိုင်လို့လား ပြော"
သားက သူ့ဖေဖေရဲ့ စကားကြောင့် တွေတွေလေးဖြစ်သွားပြီး...
"ဟင့်! ဝမ်းဖိုး နေနိုင်ဘူး"
So sweet မျက်နှာက အောင်နိုင်သူလို ပြုံးသွားပြီး သူ့သားကို သူစည်းရုံးလိုက်နိုင်ပြီဟု ပျော်သွားသည်... သို့သော် ထိုအပျော်လေးမှာ ၁ မိနစ်ပင်မခံလိုက်ရှာ...
"ဒါဆို ဝမ်းဖိုး ကိုကို့ကို အိမ်မှာခေါ်ထားလိုက်မယ်နော် ဖေဖေ့"
"ဘာ! အား!!!! ဒေါ်ခင်ခင်မျိုးဆွေရေ!!!!"
"အဟားဟား"
............................................................................
အာကာ ညနေရုံးစောစောဆင်းလိုက်ပြီး အစ်ကို့ရုံးကို ၀င်ခေါ်ကာ သားကိုသွားကြိုရသည်... မနေ့ညက နံပါတ်စိမ်းနဲ့ ဖုန်းတစ်ကောဝင်လာပြီး "နေမျိုးထင်" ဟုခေါ်သောလူတစ်ယောက်က သူ့ကိုယ်သူ သူ့ထက်နိုင် ရဲ့ အဖေပါဟု မိတ်ဆက်လာသည်... ထို့နောက် လက်စွပ်ကိစ္စတောင်းပန်ရှင်းပြရင်း သူတို့ကနေဒါ မပြန်ခင် အာကာတို့ မိသားစုနှင့် တွေ့ပါရစေဟု ခွင့်တောင်းလာခဲ့သည်...
အာကာစိတ်နှင့်သာဆိုရင်တော့ ထွေထွေထူးထူးတွေ့စရာအကြောင်းလဲမရှိသဖြင့် ငြင်းလိုက်မိမည်သာ... သို့သော်လည်း တစ်မိုးအောက်တစ်ယောက် အာကာ့ရဲ့ အိမ်ကလေးက သွားတွေ့ပါမည်ဟု ဆိုလာသဖြင့် လက်ခံပေးလိုက်ရသည်... ညနေ သားကိုကျောင်းသွားကြိုရင်း ကျောင်းနားက ကော်ဖီဆိုင်မှာပဲ တွေ့ဖို့ချိန်းလိုက်ကြသည်...
အာကာတို့ ကျောင်းကိုရောက်တော့ သားက အိမ်ကလာမကြိုခင် ကျောင်းကစားကွင်းထဲမှာ ဗြောင်းဆန်နေအောင် ဆော့ထားပြီး ချွေးတွေပင် ရွဲနစ်နေတော့သည်... အာကာတို့ကိုမြင်တော့ ကစားကွင်းထဲကနော အော်ဟစ်ပြီး ပြေးထွက်လာသည်...
"ဖေဖေရေ...ပါပါးရေ"
"သား...အရမ်းတွေဆော့ထားတာကွာ ချွေးတွေလဲရွှဲနေတာပဲ...ကျောပိုးအိတ်နဲ့ ထမင်းဗူးတွေရော"
"ကိုကို့ ဆီမှာ"
အစ်ကိုက သားဆံပင်တွေနဲ့ ချွေးတွေကို တစ်ရှုးနဲ့ သုတ်ပေးပြီး မေးနေတုန်း အာကာတို့ရှေ့မှာ ကောင်လေးတစ်ယောက်က လာရပ်သည်...
"ဟော... သား...သူ့ထက်နိုင်"
အစ်ကိုက နှုတ်ဆက်တော့ သူ့ထက်နိုင်က အစ်ကို့ကိုပြုံးပြသည်... ညာဘက်လက်ထဲမှာ သားရဲ့ ကျောပိုးအိတ်နဲ့ ထမင်းဗူးထည့်တဲ့ ခြင်းတောင်းကို ကိုင်ထားပြီး ဘယ်ဘက်လက်က ဘောင်းဘီအိတ်ကပ်ထဲကိုထည့်ကာ ရပ်နေသည်... ကျောင်းဝတ်စုံတွင် တွန့်ကြေရာ တစ်နေရာမှမရှိဘဲ သပ်ရပ်နေပြီး ချွေးလဲတစ်စက်မှရှိမနေသဖြင့် ဆော့ထားပုံမရပေ... အာကာက သူ့ထက်နိုင် လက်ထဲမှ ကျောပိုးအိတ်နဲ့ ထမင်းဗူးခြင်းတောင်းကို လှမ်းယူလိုက်သည်...
"ထည်ဝါ့ကို ကူစောင့်ပေးနေတာပါ ဦးဦး"
"ဟုတ်ပြီ...ကျေးဇူးပဲ"
အာကာ့လေသံက နည်းနည်းမာတောင့်တောင့် ဖြစ်နေသဖြင့် အစ်ကိုက ပြုံးစိစိလုပ်နေသည်... ကလေးနှင့်ဖက်ပြီး ဖြစ်နေသည်ဟု လူကိုလှောင်ချင်နေမှန်း အာကာသိသည်...
"အဟမ်း... မင်း အိမ်ကလာကြိုမှာမဟုတ်လား"
"ဟုတ်ကဲ့"
"သား...သူ့ထက်... ဒါဆို ဦးဦးတို့ သွားတော့မယ်နော်... ခဏနေရင် ကော်ဖီဆိုင်မှာတွေ့ကြမယ်နော်"
"ဟုတ်ကဲ့ ဦးဦး"
အာကာကသာ တစ်မျိုးဖြစ်နေရသော်လည်း အစ်ကိုကတော့ သူ့ထုံးစံအတိုင်း အေးအေးဆေးဆေးလေးပင်... သားတော်မောင်ကလည်း သူ့ပါပါးချီထားသည့်ပေါ်မှ လှမ်း၍ လက်ကလေးရမ်းကာ နှုတ်ဆက်သည်...
"ကိုကိုရေ တာ့တာ"
"တာ့တာ"
အာကာ လေပူတွေကို မှုတ်ထုတ်လိုက်မိသည်... ကလေးတွေ သူ့တို့ဟာသူတို့ ပြောချင်ရာပြောနေကြတာကို ကိုယ်တစ်ယောက်တည်း ရေးကြီးခွင်ကျယ်လုပ်မိနေပြီထင်၏...
"သားက ညစ်ပေတူးလေးကွာ... အရမ်းတွေဆော့ထားတာပဲ... လာ... ပါပါး အင်္ကျီလဲပေးမယ်နော်"
"ဟုတ်ကဲ့ ပါပါး"
အာကာတို့ ကော်ဖီဆိုင်ရောက်တော့ သူ့ထက်နိုင် နှင့်အတူ ရည်ရည်မွန်မွန်နှင့် လူတစ်ယောက်ထိုင်နေသည်ကိုတွေ့ရသည်...
"ဖေဖေ ဟိုမှာ ကိုကိုတို့"
သားက အာကာ့လက်ကို လှုပ်ရမ်းပြီး လက်ညှိုးထိုးပြသည်... ထိုလူက အာကာတို့ကိုမြင်တော့ ထိုင်နေရာမှထ၍ နှုတ်ဆက်ပြီး ကြိုဆိုသည်...
"လာကြပါ ငါ့ညီတို့...တွေ့ရတာဝမ်းသာပါတယ်ကွာ... ကိုယ်က သူ့ထက်နိုင်ရဲ့ ဒယ်ဒီ နေမျိုးထင်ပါ"
"ကျွန်တော်က အာကာကြည်ညွှန်းပါ အစ်ကို ဒါကျွန်တော့်အမျိုးသား ကိုငြိမ်းအေးအိမ် ပါ"
"ထိုင်ကြပါဦး"
အာကာတို့ မိသားစုက မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်...
"ထည်ဝါ... ကိုကိုနဲ့ ချောကလက်ကိတ်သွားမှာစားကြမယ်"
"ဟုတ်ကဲ့ ကိုကို"
သားကပြန်ဖြေပြီး သူပါပါးကိုလှည့်ကြည့်လာသည်... မောင် Wonderful လေးကလှည့်ကြည့်ဖော်ရလို့တော်သေးတော့သည်... အစ်ကိုက ခေါင်းညိတ်ပြလိုက်တော့မှ နှစ်ယောက်သား လက်ဆွဲပြီး ထွက်သွားကြသည်...
"တကယ်တော့ ကိုယ်က ငါ့ညီတို့ကို တွေ့ချင်နေခဲ့တာကြာပါပြီ... ဟိုနေ့က လက်စွပ်ကိစ္စကြောင့် အရမ်းလန့်သွားကြမယ်ထင်တယ်"
"ဟုတ်ကဲ့ ကျွန်တော်တို့လည်း အဲ့ဒီကိစ္စနဲ့ ကလေးမိဘတွေကိုတွေ့ချင်နေတာပါ"
အစ်ကိုက ပြောတော့ ကိုနေမျိုးထင်က ခေါင်းညိတ်သည်...
"Sorry ပါကွာ... တကယ်တော့ သားက ကျောင်းပြောင်းရတော့မှာမလို့ ထည်ဝါလေးအတွက် လက်ဆောင် တစ်ခုခုပေးခဲ့ချင်တယ်လို့ပြောတာနဲ့ ကိုယ်တို့ သားအဖနှစ်ယောက်တိုင်ပင်ပြီး ကိုယ်ကစိန်လက်စွပ်ကလေး စီစဉ်ပေးဖြစ်သွားတာ ... သားက ထည်ဝါ့ရဲ့လက်ကလေးကို စာရွက်ပေါ်မှာတင်ပြီး ဘောပင်နဲ့ လက်ပုံစံလေး ဆွဲလာခဲ့တယ်လေ"
"လက်ဆောင်ဆိုပေမဲ့ ကလေးငယ်ငယ်လေးတွေကို ဒီလောက်တန်ဖိုးကြီးတာမျိုးကျတော့...ကျွန်တော်တို့က"
"တန်ဖိုးရှိတဲ့ ကလေးလေး မလို့ပါ"
အာကာ့စကားကို ကိုနေမျိုးထင်က ဖြတ်ပြောလာသည်...
"ပြောရရင်တော့ အစကနေ စပြောရမှာပဲ...ငါ့ညီတို့ သည်းခံပြီးနားထောင်ပေးစေချင်တယ်"
"ပြောပါခင်ဗျ"
ကိုနေမျိုးထင်က ကောင်တာအရှေ့မှာ ကိတ်မုန့်တွေရွေးနေကြသော ကလေးနှစ်ယောက်ကို လှမ်းကြည့်ပြီး သက်ပြင်းချလိုက်သည်...
"ပြီးခဲ့တဲ့၂ နှစ်က သူ့ထက်နိုင်ရဲ့ မာမီဆုံးသွားခဲ့တယ"
"ဟာ ဟုတ်လား... ကြားရတာ စိတ်မကောင်းပါဘူးဗျာ"
အစ်ကိုက ကိုနေမျိုးထင်ကို ပြန်ဖြေလိုက်သည်... အာကာ့စိတ်ထဲမှာလည်း တစ်မျိုးဖြစ်သွားရသည်...
"သားက သူ့မာမီကို သိပ်ခင်တွယ်တာ... သူ့မာမီမရှိတော့တဲ့ နောက်ပိုင်းမှာ အရယ်အပြုံးရယ်လို့ မရှိတော့ဘဲ အရမ်းတိတ်ဆိတ်သွားခဲ့တာ... ကိုယ်တို့မိသားစုလည်း နည်းမျိုးစုံနဲ့ နှစ်သိမ့်ကြပါတယ်... အချည်းအနှီးပဲ... ဒါပေမဲ့ မနှစ်ကမှ စပြီး ထည်ဝါကြည်ညွှန်းလေးရဲ့ Youtube channel လေးကို သူတွေ့သွားခဲ့တယ်... Wonderful Monday V log လေးတွေကြည့်ပြီး ပြုံးပြုံးရယ်ရယ် နည်းနည်းပြန်ဖြစ်လာတယ်... သားက Monday တွေဆိုရင် ထည်ဝါလေး video အသစ်တင်တာစောင့်ကြည့်ဖို့လည်း တက်ကြွနေတတ်တယ်"
"ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အပြုမူအပြောဆိုလေးတွေကို သူကခင်တွယ်မိတယ် ထင်ပါတယ်ဗျာ... ထည်ဝါလေးကလည်း တကယ်ကို Healing Pill လေးပါ...
သား အဲ့လိုတက်ကြွနေတဲ့ပုံလေးကို ကိုယ်ကပျောက်မသွားစေချင်ဘူး အဲ့ဒါကြောင့် သားကို ထည်ဝါလေးတက်နေတဲ့ကျောင်းမှာစုံစမ်းပြီး ကိုယ်ပြောင်းထားပေးခဲ့တယ်... သားက ဒီနှစ်တစ်နှစ်လုံးပျော်နေခဲ့တာပါ"
"ဒါနဲ့ အခု အစ်ကိုတို့က ကနေဒါပြောင်းတော့မှာဆိုတာက"
"ဟုတ်တယ်... ကိုယ့်အလုပ်တွေက ဟိုမှာဆိုတော့ ပြန်သွားရတော့မယ် သားကို ထားခဲ့ဖို့ကလည်း အရမ်းငယ်နေသေးတဲ့ အနေထားမို့ အဆင်မပြေလို့ ပြန်ခေါ်သွားရမှာ... အဲ့ဒါသားနဲ့ ကတိတစ်ခုထားပေးထားရတယ်... ကျောင်းပြီးလို့ ကိုယ်ပိုင်ဝင်ငွေရှာနိုင်ပြီဆိုတာနဲ့ အချိန်မရွေးပြန်ခွင့်ပြုမယ်လို့"
"လက်စွပ်လေးကတော့ ကိုယ့်အတ္တပါ... သားကို အရွယ်ရောက်လာလို့ သူပြန်လာတဲ့အခါ သူ့ရဲ့ Healing Pill လေးနဲ့ ပြန်တွေ့စေချင်မိတယ်... သူငယ်ချင်း...မိတ်ဆွေ...ဘယ်လိုအနေထားပဲဖြစ်ဖြစ် သူတို့သာရေစက်ပါခဲ့မယ်ဆိုရင်ပေါ့...ဘာလို့ဆို အခုက သူပျော်နေချိန်လေးမှာ ကိုယ်ကခေါ်ထုတ်သွားခဲ့မိသလိုဖြစ်သွားရလို့ပါ...ဒီက ညီတို့ ၀န်ထုတ်ဝန်ပိုးမဖြစ်ဘူးဆိုရင် အဲ့ဒီလက်စွပ်လေးကို ထည်ဝါလေးနဲ့ တူတူသိမ်းထားပေးစေချင်ပါတယ်"
"သိမ်းထားတာက သိမ်းထားလို့ရပေမဲ့ ဒီလက်စွပ်နဲ့ ကျွန်တော်တို့သားကို ချည်နှောင်မှာမျိုးတော့ လက်မခံနိုင်ဘူးဗျ... ကျွန်တော်တို့က သားကို သူ့စိတ်နဲ့သူ့ကိုယ် လွပ်လွပ်လပ်လပ်ပျံသန်းခွင့်ပြုမှာမို့ပါ"
"ဟာ မဟုတ်တာ...မဟုတ်တာ... ချည်နှောင်တဲ့ သဘောမျိုးမဟုတ်ပါဘူး... ခုနက ကိုယ်ပြောခဲ့သလိုပဲ သူတို့ရေစက်ပါခဲ့ရင်ပေါ့... ကိုယ်က သားအပေါ်မှာ လုပ်ပေးနိုင်တာလေးတစ်ခုဖြစ်ဖြစ် လုပ်ပေးချင်မိရုံပါ"
"ဒါပေမဲ့"
အစ်ကိုက အာကာ့လက်ကို အုပ်ကိုင်ကာ ဖျစ်ညှစ်လာပြီး...
"ရပါတယ် အစ်ကို...ကျွန်တော်တို့ သိမ်းထားပေးပါ့မယ်.... ဒါပေမဲ့ သားအရွယ်ရောက်လာတဲ့အခါ ဒီလက်စွပ်အပေါ် ဘယ်လိုသဘောထားမလဲဆိုတာကတော့ သားရဲ့ သဘောထားအတိုင်းပဲမို့ နားလည်ပေးစေချင်ပါတယ်"
"ရတာပေါ့ဗျာ...သိပ်ရတာပေါ့...ခုလိုလေး လက်ခံပေးတာနဲ့တင် ကိုယ်က ကျေးဇူးတင်နေပါပြီ... သူ့ထက်နိုင်လေးကိုလည်း ဒါဟာချည်နှောင်မှုတစ်ခု မဟုတ်တဲ့အကြောင်းကိုလည်း သေသေချာချာ ပြောပြပေးသွားမှာပါ"
အာကာတို့ ဟိုအကြောင်း ဒီအကြောင်း စကားတွေဖလှယ်ကြရင်း ကိုနေမျိုးထင်နဲ့ စကားပြောရတာ သက်တောင့်သက်သာ ရှိလာကြသည်... ကိုနေမျိုးထင်က သူ့သားကို ငယ်ငယ်လေးကတည်းက အစအစအရာရာ တလေးတစား တိုင်ပင်ပြောဆိုတတ်သည့် အကျင့်ကို လုပ်ထားသည်ဟု ပြောပြသည်... ဒါကြောင့်မလို့ ဒီကောင်လေးက အရွယ်နှင့်မလိုက်အောင် ရင့်ကျက်တည်ငြိမ်နေပုံရခြင်းဖြစ်မည်...
အစ်ကိုက ပြန်ခါနီးမှာ ကိတ်မုန့်တူတူစားနေသော ကလေးနှစ်ယောက်ကို အမှတ်တရ ဓာတ်ပုံရိုက်ယူထားလိုက်ပြီး...
"ကဲ.. Wonderful လေး... ပါးပါးတို့ ပြန်ကြမယ် ဦးဦးနဲ့ ကိုကို့ကို နှုတ်ဆက်နော်"
"ဟုတ်ကဲ့ ပါပါး... ကိုကိုရေ ဝမ်းဖိုးတို့ ပြန်တော့မယ်နော် ... ဦးဦးရေ တာ့တာ"
"တာ့တာပါဗျာ... လာတွေ့ပေးလို့ ဦးဦးက သားသားကို ကျေးဇူးတင်ပါတယ်ဗျာ"
ကိုနေမျိုးထင်က ပြန်နှုတ်ဆက်ပေမဲ့ ဟိုကိုယ်တော်လေးက မျက်နှာတည်တည်နှင့် အလိုမကျမှုတို့ကို မျက်လုံးမှာ ဖော်ပြနေသည်... သားက အာကာနှင့် အစ်ကို့ကို မော့ကြည့်လာပြီး သူ့ထက်နိုင် ရဲ့ နားနားကို တိုးတိုးကပ်ပြောဟန်ပြင်တော့ သူ့ထက်နိုင်က သားအရပ်မီစေရန် ကိုယ်ကိုငုံ့ကိုင်းပြီး နားထောင်ပေးသည်... သားတော်မောင်ကလည်း ခြေဖျားထောက်ကာ လက်ကလေးနှင့်ပင် ကွယ်ပြီး ပြောနေလိုက်သေးသည်...
"နော် ကိုကို့"
"အင်း"
သားက ဘာတွေပြောလိုက်လဲမသိ သူ့ထက်နိုင်က ပြုံးသွားပြီး သားရဲ့ခေါင်းလေးအုပ်ကိုင်ပြီး "အင်း" ဟုပြန်ဖြေသည်... ကိုနေမျိုးထင်နှင့် အစ်ကိုကပြုံးနေကြပေမဲ့ အာကာတစ်ယောက်သာ ဘဝင်မကျ ဖြစ်နေရပြီး သားကိုစွေ့ခနဲကောက်ချီပစ်လိုက်မိသည်...
"ကျွန်တော်တို့ကို ခွင့်ပြုပါဦးဗျ"
"ကောင်းပါပြီဗျာ"
ငြိမ်းတို့ ကားပေါ်နေရာ တကျထိုင်ပြီးသည်နှင့် So sweet က သားကို ခုနဘာပြောခဲ့တာလဲ ဆိုပြီးရစ်တော့သည်...
"ဝမ်းဖိုးနော် ဖေဖေမေးနေတယ်လေ... ခုန ဘာတိုးတိုးပြောခဲ့တာလဲလို့"
"ဟင့်အင်း"
"ကျစ်! သားကို ဖေဖေပြောထားတယ်လေ... လိမ္မာတဲ့ကလေးက လူကြီးတွေမသိအောင် ဘာမှခိုးမလုပ်ရဘူးလို့... အခု ဝမ်းဖိုးက ဖေဖေနဲ့ ပါပါးမသိအောင် ခိုးပြီးပြောတာ... ဝမ်းဖိုး လိမ္မာတဲ့ကလေး မဟုတ်တော့ဘူး"
"ဝမ်းဖိုး လိမ္မာတယ်"
"အေး အဲ့ဒါဆို ပြောလေ"
"ဟင့်အင်း ဖေဖေဆူမှာ"
"ကျစ်! ဖေဖေ မဆူဘူးကွာ ကတိပေးတယ်"
So sweet က တကယ်ကို မသိရရင် မနေနိုင်နဲ့ပုံဖြစ်နေသဖြင့် ငြိမ်းက သားကိုကူမေးပေးရတော့သည်...
"သား ဖေဖေ့ကိုပြောပြလိုက်လေ... လိမ္မာတဲ့ကလေးလေးက လူကြီးတွေမသိအောင် မလုပ်ရဘူးလေ"
"ဝမ်းဖိုးက... ကိုကို့ကို Promise လို့ပြောတာ"
"ဘာ Promise လဲလို့"
"ကိုကိုပြန်လာရင် ဝမ်းဖိုးနဲ့ လက်ထပ်ပြီး ရဲတိုက်ပုံ Lego တူတူဆက်ကြမှာလို့ပြောတာ... ပြီးတော့ ကိုကိုက ဝမ်းဖိုးအတွက် Unicorn ပုံဆွဲပေးမှာတဲ့"
"ဝမ်းဖိုး! Promise တွေလျှောက်မပေးရဘူးလို့ ဖေဖေပြောထားတယ်လေ!"
"ဟင့်... ပါပါးရေ... ဖေဖေက ဝမ်းဖိုးကိုမဆူဘူးပြောပြီး ဆူနေပြီ"
သားအဖနှစ်ယောက် ကောက်ကြချိတ်ကြတော့ဖို့ အစပျိုးနေပြီဖြစ်သဖြင့် ငြိမ်းက ကြားဝင်ရတော့သည်...
"သား နောက်ဆို ကတိတွေလျှောက်မပေးတော့ပါဘူးလို့ ပြောနော်... ဖေဖေရေ ကမ်းနားလမ်းဘက်က မောင်းပါဟေ့...ပါပါးတို့ အာတာပူစီသွားဝယ်စားကြမယ်ဟေ့...နော် သား စားမှာလား"
"ဟင်... အာတာပူစီလား... စားမှာ... ဝမ်းဖိုးစားမှာ... ဖေဖေရေ ဝမ်းဖိုးတို့ ဒီနေ့ တိမ်တွေစားကြမယ်ဟေ့"
သားက ငြိမ်းပြောသလိုလေး လိုက်အော်ပြီး ကားမောင်းနေသော သူ့ဖေဖေ လက်မောင်းကို ခေါင်းလေးနှင့်သွားခွေ့တော့ သူ့ဖေဖေက ပြုံးသွားသည်...
ငြိမ်းအတွက် ဒီသားအဖလောက် ချော့ရလွယ်တာမရှိတော့သလိုပင်...
ကမ်းနားလမ်းမှာ အာတာပူစီသည် တွေ့တော့ လမ်းမဟိုဘက်ခြမ်းမှာဖြစ်နေသည်... ငြိမ်းက သားကိုချီပြီး ကားပေါ်ကဆင်းလိုက်သည်...
"အစ်ကို့...နေဦး"
So sweet က ကားသော့ကိုဖြုတ်လိုက်ပြီး ကားပေါ်မှဆင်းကာ သားကိုချီပြီး ငြိမ်းလက်ကိုဆွဲသည်... ငြိမ်းတို့သားအဖကို So sweet က လမ်းကူးရန် ဘယ်တော့မှ စိတ်မချတတ်ပေ...
"ဖေဖေ့ ဝမ်းဖိုးကို ဟိုးမှာမြင်ရတဲ့ တိမ်လောက်ကြီး အကြီးကြီး ဝယ်ပေးနော် ဖေဖေ့"
"အင်း ဖေဖေက ဟိုးဘက်က တိမ်လိုမျိုး ... သားက ဒီဘက်ကဟာမျိုး"
တိမ်တွေကို လက်ညှိုးတစ်ထိုးထိုးနှင့် သားအဖနှစ်ယောက်က အာတာပူစီတွေဝယ်ပြီးကြတော့လဲ မပြီးနိုင်မစီးနိုင် မိုးပေါ်ထောင်ပြီး ဓာတ်ပုံတွေရိုက်နေကြသေးသဖြင့် ငြိမ်းမှာ စိတ်ရှည်ရှည်နှင့်စောင့်ပေးနေရသည်...
ငြိမ်းတို့ အိမ်ပြန်ရောက်ကြတော့ သားကိုဟေမာက ရေချိုးပေးမယ်ဆိုပြီး ခေါ်သွားသဖြင့် ငြိမ်းတို့ကအခန်းထဲမှာ နားနေကြသည်... ခဏကြာတော့ သားကရေချိုးပြီးကာစ မွှေးမွှေးကြိုင်ကြိုင်လေးနှင့် အခန်းထဲရောက်ချလာသည်...
"ပါပါးရေ... ဝမ်းဖိုးတို့ Lego ဆက်ရအောင်နော်"
"ပါပါးရေချိုးလိုက်ဦးမယ် ဖေဖေနဲ့ဆက်နော် အချစ်ကလေး"
"ဟာ...အစ်ကို ရေချိုးတော့မှာလား"
"အင်း... သားနဲ့ ဆော့ပေးလိုက်ဦး"
"ကျွန်တော်လည်းချိုးမယ်လေ... သား ... ဖေဖေ့အသည်းနှလုံးလေး အောက်မှာ လေးမောင်နဲ့ သွားဆော့နော်... ဖေဖေ ရေအရင်းမြစ်ခြွေတာဖို့ ပါပါးနဲ့တူတူရေချိုးလိုက်ဦးမယ်...နော်"
"ဝမ်းဖိုး ဒီမှာစောင့်နေမယ်လေ ဖေဖေရဲ့... အကြာကြီးမချိုးနဲ့ပေါ့လို့...ဝမ်းဖိုးဆို ခဏလေးပဲချိုးတာလေ"
"ကြာမှာ သားရဲ့... သားပါပါးကို ဖေဖေက ချေးတွန်းပေးရဦးမှာ ပါပါးချေးထူလို့"
"ဖေဖေနော် မဟုတ်ဘဲနဲ့... ပါပါးနားကဒီလောက်မွှေးတာ... ဘာမှချေးမထူဘူး"
"အင်းလေ မင်းပါပါး အဲ့လိုလေး မွှေးနေအောင် ဖေဖေက ချေးတွန်းပြီးရေအကြာကြီးချိုးပေးရမှာကွ"
"So sweet ကလေးကို ဘာတွေလျှောက်ပြောနေတာလဲ...ဟမ်"
ငြိမ်းက နောက်မှနေ၍ So sweet ခေါင်းမှ ဆံပင်တွေကို လက်နဲ့ဆုပ်ပြီးဆွဲပစ်လိုက်သည်...
"အ! နာတယ်လို့... ဆံပင်က အခုမဆွဲသေးနဲ့ဦး ခဏနေ ရေချိုးခန်းထဲကျမှဆွဲ"
"So sweet နော်!"
"သွား...လိမ္မာတယ် ဖေဖေ့အချစ်ကလေး အောက်မှာ လေးမောင်နဲ့ သွားဆော့နော်"
"အား... ပါပါးရေ ... သွားချင်ဘူးလို့"
So sweet က သားကိုယ်လုံးလေးကို အခန်းပြင်ဘက်သို့ တွန်းပို့ပြီး တံခါးပိတ်ကာ လော့ခ် ချလိုက်သည်...
သားတောင် ဒီအရွယ်ရောက်နေပြီ ငြိမ်းအပေါ်ခုချိန်ထိဆိုးချင်နေသူကို မျက်မှောင်ကျုံ့၍ကြည့်ပစ်လိုက်သည်... လူကိုမျက်စိတစ်ဖက်မှိတ်ပြကာ အင်္ကျီတွေချွတ်ရင်း ပြီတီတီလုပ်ပြနေသည်... ငြိမ်းက မျက်စောင်းထိုးကာ ရေချိုးခန်းထဲသို့ဝင်လိုက်ရင်း...
"ရုပ်ကိုက...မင်း... တွေ့မယ် နေနှင့်ဦး"
"တွေ့ချင်နေတာ...လာပြီ...အခု"
...........................................................................
<3 DiDi Zaw
(10/02/2023)
စာလုံးရေ အရမ်းများနေလို့ ၂ ပိုင်းခွဲလိုက်ရတယ်
နောက်တစ်ပိုင်းမှာ ဆက်ဖတ်ပေးပါဦးနော်