" ကျွန် .. ကျွန်တော့်ကို ဒီငါး အ .. အစိပ်သားပေးပါ "
လက်ထဲမှာ တစ်သောင်းတန် တစ်ရွက်ကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ရင်း ဈေးလမ်းထဲ လျှောက်လာခဲ့တာ အသားစိမ်း၊ငါးစိမ်းတန်းကိုတောင် ရောက်လာပြီ။
ASလေးက ငါးကြော်စားချင်သည်တဲ့။ ဒီကလေးက ပူဆာတတ်တာ ရှားတာမို့ သူကလည်း မနေ့ကပြောရင် ဒီနေ့ ရအောင် လုပ်ပေးချင်တာ။ သူသာ အဖေ သူသာ အမေမလို့ ဒီကလေးတွေ
သူ့အရိပ်မှာလည်း လိုတ ရအောင် ထားပေးချင်မိသည်သာ ။
သူ့အနေနဲ့ ဒီအချိန်ကာလလောက် ကောင်လေးရဲ့ရင်ခွင်စီက
ပြေးထွက်လာခဲ့တာ လုံလောက်နေပြီလား ..။
မေတ္တာတရားလေးစီကနေ တွန့်ဆုတ် တွန့်ဆုတ် ဝေးကွာလာတာ ဘယ်အကွာ အဝေးတောင် ရောက်လို့ နေပြီလဲ ။
တစ်ခါတစ်လေ ညတွေမှာ သူ ကြိတ်ငိုခဲ့တယ်။
ဘာကြောင့်လဲ .. ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းတွေဟာလည်း
သူ့စိတ်ထဲ ပဲ့တင်ထပ်နေခဲ့တာ ။
ကောင်လေးရဲ့ဖခင်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ်
ကောင်လေးကိုယ်တိုင်က ပေးဆပ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ သူက အဲ့ဒီလူရဲ့ သားနဲ့ ပျော်ရွှင်စွာ မိသားစုဘဝကို တည်ဆောက်နေလိုက်ရင် တမလွန်ရောက်နေတဲ့ သူ့ဖေဖေနဲ့မေမေအတွက် တရားမျှတမှုက ဘယ်လိုရှာရမလဲ !
သူ့အနေနဲ့ ဆုံးသွားတဲ့မိဘတွေအပေါ် မျက်နှာပြောင်တိုက်ရာ ကျနေပြီမဟုတ်လား ။
ငါးတွေကို တစ်ခါတည်း တုံးဖြတ်ပေးလိုက်တဲ့ ငါးစိမ်းသည်ညီမလေးအပြီးမှာ သူဈေးခြင်းတောင်းထဲကို ငါးအထုပ်လေးထည့်ကာ ထိုနေရာမှ ထွက်လာခဲ့တော့သည်။
သူ ဈေး လမ်းထဲမှ ထွက်လာသည်အထိ အနောက်မှ
တစ်ယောက်ယောက် လိုက်နေသည်ကို ခံစားလိုက်ရ၏။ အဲဒီတစ်စုံ တစ်ယောက်ဟာ သူဟင်းရွက်တန်းမှာ အသီးအရွက်တွေဝယ်
ကတည်းက သူ့နောက်လိုက်နေခဲ့တာ ။
ဒါပေမဲ့ စိတ်အထင်ကြောင့်နေမှာပါလို့သာ မှတ်လိုက်ရင်း သူ့အနေနဲ့လည်း သူလုပ်စရာရှိတာကို လုပ်လိုက်ခြင်း ။ အခုတော့ ဒါဟာ အထင် ဟုတ်မနေ ။ ဒီလို ဈေးအပြင် လမ်းမထက်ရောက်သည်အထိ ၎င်းတစ်စုံတစ်ယောက်က သူ့အနောက် လိုက်နေသေးသည်။
သူလည်း ဘယ်သူဘယ်ဝါဆိုတာ အဖြေရှာမနေချင်တော့ဘဲ ခြေလှမ်းကိုသာ ခပ်သွက်သွက် လျှောက်လိုက်မိတော့၏။
" ဟို.. ညီ .. ညီ ခဏလောက် နေပါဦး "
" ဘာ.. ဘာလဲဗျ လွှတ်"
သူ့ရဲ့ခြေလှမ်းတွေကို အရှိန်တင်လိုက်မိတော့
အဲဒီတစ်စုံတစ်ယောက်ဟာ ပြေးလာပြီး သူ့လက်တွေကို ဆွဲလာ၏။
သူလည်း လန့်ဖြန့်ကာ လက်ကိုခါချရင်း လွှတ်ဖို့ပြောမိတော့သည်။
" အစ်ကို့ကို မမှတ်မိဘူးလား
သဏ္ဌာန်လေးတို့ကျောင်းက ဆရာပါ
အစ်ကိုကတော့ ညီ့ကို အမြဲ သတိထားမိနေတာ ကြာပြီ
ညီ့နာမည်က ပုံနှုန်းညီမလား ညီလို့ခေါ်မယ်နော်"
သူ့အားတွေ့သည်နှင့် စကားတွေ တရစပ်ပြောနေသော ကျောင်းဆရာလား သူ မျက်မှောင်ကြုံ့လျက်ကြည့်မိ၏။
ဘယ်ရုံမြင်လို့ ဘယ်ခြုံထွင်နေသည်ဆိုတာ ထုံးစံလိုကိုဖြစ်နေသည်မို့ သူတန်းသိလိုက်သည်။
ထို့ကြောင့်လည်း ပြတ်ပြတ်သားသား လုပ်ထားချင်သည့်အတွက် မရှိခဲ့သည့် မယားကိုသာ တပြလိုက်မိတော့သည်။
" ဟုတ် ကျွန်တော် မှတ်..မှတ်ထားပါ့မယ် စိတ်.. စိတ်တော့ မရှိနဲ့
ကျွန်..ကျွန်တော့် ဇနီး စောင့်နေမှာမလို့ သွား .. သွားလိုက်ပါဦးမယ်"
"ခဏ ညီ !"
"ခင် .. ခင်ဗျား "
လက်ကိုထပ်ကာ ဆွဲလာရုံမက ရုန်းရင်း ဆန်ခတ်အခြေအနေပါ ဖြစ်သွားရသည်မို့ လက်ထဲမှ ဈေးခြင်းပါ အောက်သို့ ဘုတ်ကနဲ
ပြုတ်ကျသွား၏။ ငါးထုပ်ကလေးကလည်း သဲပေသွားကာ
အရွက်များကလည်း ထွက်ကျလျက် မွစာကျဲနေတော့သည်။
"တောက်!! ကျောင်း .. ကျောင်းဆရာ
ဘာလို့ အဲ့ .. အဲ့လို လာလာ ဆွဲနေတာလဲ "
" ညီ့ကို စိတ်ဝင်စားနေခဲ့လို့ပါ
သဏ္ဌာန်လေးတို့ကို လာလာကြိုကတည်းက အစ်ကိုက ညီ့ကို မျက်စိကျနေခဲ့တာ .. ညီက ဘာလဲဆိုတာ သိပါတယ်၊ ပြီးတော့ အခု ညီမှာ သက်ဆိုင်သူ မရှိဘူးမလား အစ်ကိုက ညီ့ကိုစောင့်ရှောက်.."
" အ.. အမျိုးသား ရှိတယ် !
ကျွန်.. ကျွန်တော့်မှာ ကာမပိုင်ယောကျ်ားရှိနှင့်နေပြီးပြီ"
သူက အံကိုကြိတ်လျက် တုန်ရီနေသည့်ကြားမှ ထိုစကားတို့ကို တိကျပြတ်သားစွာ ပြောလိုက်မိ၏။ ကောင်လေးရဲ့ အရိပ်အောက်မှာ မနေရတဲ့ရက်တွေဟာ သူ့အတွက် မလုံခြုံ။
တစ်ချို့ကပြောတာတော့ အညှီရှိရာ ယင်အုံတယ်တဲ့၊ အချို့ကလည်း ပြောပေးရှာတယ် ပန်းရှိရာ လိပ်ပြာလာတာပါတဲ့။
ရှုပ်လိုက်တာ .. သူက မောင့်တစ်ယောက်ထဲ အပိုင် ။
သူ့အနား ဒီလိုတွေ ရှိနေတာကိုက သူမကြိုက်။
ကောင်လေး သိလျှင်လည်း ကြိုက်မည်မထင်။
" အစ်ကိုကတော့ မယုံဘူး
အစ်ကို စုံစမ်းပြီးပြီ ညီ့မှာ ဘာယောကျ်ားမှ မရှိဘူး!
အစ်ကို့ကို လက်ခံပါနော် ကလေးတွေကိုလည်း
အဖေအရင်းတစ်ယောက်လို အစ်ကိုက ချစ်နိုင်ပါတယ် "
"မဟုတ်ဘူး .. ကျွန်.. ကျွန်တော့်မှာ လင်ယောကျ်ားရှိတယ်"
သူက ထိုအမျိုးသားရဲ့ လက်ထဲမှ သူ့လက်ကောက်ဝတ်သေးသေးလေးကို အားနှင်းရုန်းရင်း ငြင်း၏။ ကျောင်းဆရာကလည်း ခေါင်းမာသည် သူအလိုမတူသည့်တိုင် သူ့လက်ကို ခပ်တင်းတင်းကိုင်ကာ
လွှတ်မပေးသေး။ သူ၏ ဆန္ဒကိုသာ တတွတ်တွတ်ဆို၏။
" အစ်ကို့ကို လက်ခံပေး .. "
"နှုန်း ! "
ဒုတ်*
အသက်တမျှ ရင်းနှီးနေခဲ့သည့် အသံခပ်ရှရှကို ကြားလိုက်ရသည်နှင့် သူ၏ နှလုံးခုန်သံဟာ ဒုတ်ကနဲ ဖြစ်သွားရတော့သည်။
မောင် .. ဒါဟာ သူ့ပိုင်ရှင်လေး ။
ကောင်လေးလား .. တကယ် ကောင်လေးက သူ့ကို လာရှာပြီလား။
သူကိုယ်တိုင်က ရှောင်ပြေးနေခဲ့တဲ့သူပေမဲ့ ဒီလို သူ့ကိုရှာတွေ့မဲ့နေ့ကို သူ့ရဲ့မသိစိတ်က ဘယ်လောက်စောင့်ခဲ့ရသလဲ ။
ကြာလိုက်တာ မောင် ..နှုန်း မောင့်ကို ဘယ်လောက်စောင့်ခဲ့ရလဲ။
မောင်မရှိတဲ့ညတွေဟာ သူ့အတွက် ရာသီသုံးပါးလုံးမှ အေးစက်တယ်။ ရင်ခွင်ကျယ်ကျယ်ဟာ အနွေးဓာတ်တို့ကိန်းအောင်းရာ အရင်းမြစ်လေး ။ မောင့်ရင်ခွင်ကို မျက်နှာအပ်ရင်း မောင့်ကို စကားတတ်ခဲ့ရတဲ့ နေ့တွေကို သူလွမ်းနေခဲ့တာ ဘယ်နှနှစ်ရှိပြီလဲ။
'ကိုယ်' လို့ ပြောတတ်တဲ့ ကောင်လေး .. ကောင်လေးလို့ခေါ်တိုင်း Baeလို့ သူ့ကို ပြန်ခေါ်တတ်တဲ့ သူ့ရွှေရောင်နှင်းဆီခိုင်လေး ။
"အချစ်ရယ်.." လို့များ ဒီကောင်လေးက ပြောလိုက်ရင် သူ့ရင်အစုံဟာ မောဟိုက်တဲ့အထိ ခုန်နေခဲ့တာ!
လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ရဲ့ဖြစ်တည်မှုကို ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် လက်ခံပြီး ချစ်ပေးနိုင်တယ်ဆိုတာ
ဒီကောင်လေးနဲ့ကျမှ သူသိခဲ့ရတာ!
"Bae.." ဆိုတဲ့ ခေါ်သံ လေးဟာ သူ့ကမ္ဘာရဲ့ အသာယာဆုံး
ဆည်းလည်းလေးဖြစ်ခဲ့ပုံများ ။
ဒီနှင်းဆီလေးကို သူ ဘယ်လောက်လွမ်းခဲ့ရလဲ သူသာ အသိဆုံး ။
" ကောင် ... ကောင်လေး !"
"အင်း .. နှုန်းရဲ့လင် "
ဘေးမှာ ရပ်လျက် သူ့ရဲ ခါးကို ဆွဲဖက်လိုက်တဲ့ကောင်လေးကြောင့် သူ့လက်ဟာလည်း ကျောင်းဆရာ၏ လက်ထဲမှ လွတ်ထွက်သွားကာ သူ၏ ခန္ဓာကိုယ်သည်လည်း ကောင်လေးရဲ့ ရင်ခွင်ထဲ မြုပ်သွားတော့၏။
သူက ကောင်လေးလို့ ခေါ်လေတော့ သူ၏ ပိုင်ရာဆိုင်ရာဖြစ်ကြောင်း မဏ္ဍပ်တိုင်တပ်ပြလာတဲ့ကောင်လေးဟာ သူ့အမြင်မှာ ချစ်စရာ ကလေးလေးလိုပင်။
ကောင်လေးက သူ့အား ရင်ခွင်ထဲ ထည့်လျက် သူ၏ ခပ်တိုတို
ဆံပင်တွေကို လက်နှင့်ထိုးဖွကာ စိတ်ဝင်တစား ကြည့်နေ၏။
သူ၏ စိတ်တို့ကို ပြင်ဆင်ထားပေမဲ့ အခုလို ယောကျ်ားတစ်ယောက်ပုံစံနဲ့ ကောင်လေးရှေ့မှာရှိနေတာဟာ သူ့ကို အနေရခက်သွားစေ၏။
ကောင်လေးကလည်း သူ၏ ဆံပင်တိုတွေကိုပဲ လက်နဲ့ ထိုးဖွနေသည်။
"Baeက ပိုလှလာတယ် .. ကိုယ်လွမ်းနေတာ .. အထူးသဖြင့်
ဒီနှုတ်ခမ်းလေးကိုပေါ့ "
စေးမူးဟာ တမင်ပင် နှုတ်ခမ်းလေးကို လက်လေးနှင့် ပွတ်ဆွဲလျက် လွမ်းကြောင်းပြောလေတော့ Baeက အရင်လို ရှက်မြဲ ရှက်ဆဲ။
အရှေ့မှ ဟိုလူရှိနေတာကို သူမေ့နေတာမဟုတ်။
တမင်ကို Baeကသူပိုင်တဲ့ သူ့လူဖြစ်ကြောင်း ပြချင်တာ ။
" ကိုယ် နမ်းချင်တယ် !"
"ကောင် .. ကောင်လေး ဟို .. လူတွေရှိ"
" ကိုယ်က Baeကို နမ်းမှာ .. အဲ့လူတွေကို မဟုတ်ဘူး
ရှိပစေပေါ့ ကိုယ် ဂရုမစိုက်ဘူး
ကိုယ် ဂရုစိုက်တာ ဒီနှုတ်ခမ်းလေးကိုပဲ .. "
၎င်းစကားနှင့်အတူ သူ့နှုတ်ခမ်းတွင် ခပ်နွေးနွေးအထိအတွေ့ကို
ရလိုက်တော့၏။
တဇွတ်ထိုး အမြဲလုပ်တတ်တဲ့ စေးမူးကြောင့် သူအရင်ကတည်းက အငွေ့ပျံချင်ခဲ့တဲ့ အချိန်တွေက အများသား။ အခုတော့ ပိုဆိုး။
လောလောလတ်လတ် သူအား ရည်းစားစကားပြောထားတဲ့လူရှေ့မှာ သူ့နှင်းဆီလေးက သူ့ကို နမ်းလိုက်သည်လေ။
ဒါပေမဲ့ ဒီတစ်ခါတော့ သူရှက်ပေမဲ့ ကျေနပ်စိတ်တို့က
ပိုပိုသာသာဖြစ်နေခဲ့၏။
သူ မောင့်ကို လွမ်းနေခဲ့တာ။
မောင့်နှုတ်ခမ်းတွေကိုရော .. ရူးမတက် နမ်းချင်နေခဲ့တာ။
" ဒီထက် ပိုနမ်းချင်တယ်
ခင်ဗျားနှုတ်ခမ်းတွေ ပေါက်သွားတဲ့အထိ နမ်းချင်တယ် နှုန်း
နောက်ပြီး ခင်ဗျားက ကျွန်တော့်မိန်းမ .. ကျွန်တော်က
ခင်ဗျားယောကျ်ား .. လင်မယားတွေ ဘာလုပ်ကြလဲ
သိတယ်မလား "
စေးမူးဟာ အဲ့စကားတွေကို အစမှာ ချစ်ရသူရဲ့မျက်နှာကို ကြည့်ကာပြောနေပေမဲ့ အဆုံးမှာတော့ သူတို့ရှေ့ရပ်နေတဲ့ လူစိမ်း၏ မျက်လုံးအား စိုက်ကြည့်ကာ ပြောလိုက်ခြင်း။
သူ၏ အကြည့်တို့အား အေးစက်နေပြီး သတိပေးခြင်း
အရိပ်အယောင်တို့ဖြင့်။
'ဒါက ငါ့အပိုင် ၊ စိတ်နဲ့တောင် မပစ်မှားနဲ့' ဆိုသည့် အကြည့်မျိုး။
" အစ်ကို ပြန်လိုက်ပါဦးမယ် ညီလေးတို့ "
ရှေ့မှ လူကလည်း အလိုက်တသိပင် ထိုနေရာမှ ထွက်သွားတော့၏။
စေးမူးက နှုတ်ခမ်း တစ်ဝက်ကိုသာပင့်လျက်
ခနဲ့သလိုပြုံးလိုက်မိသည်။
သူ့အပိုင်လေးက သိပ်လှတာ သူသိတာပေါ့။
သူ့လိုလူကလွဲရင် ဘယ်သူနဲ့မှတောင် တန်မယ်မထင်ဘူး။
သူရင်ခွင်မှာ နန်းတက်ရမဲ့ ဧကရာဇ်လေး..!
နှုန်းဟာ အဲ့သည်လို သူတစ်ယောက်ထဲပိုင်ရမဲ့ သူ့အပိုင်!
" ကိုယ့်ကို .. ကြည့် ပါဦး ကိုယ့်ပိုင်ရှင်လေးရယ်"
ခေါင်းကို ငုံ့လျက် သူ့ရင်ခွင်ထဲ နစ်ဝင်နေဆဲ ချစ်ရသူရဲ့မေးဖျားကို လက်ဖြင့် ပင့်တင်လျက် သူနှင့်အကြည့်ချင်းဆုံစေသည်။
ဒီအမျိုးသားလေးဟာ သူ့အပေါ် စိမ်းသက်သွားတာတော့မဟုတ်။ ပြောင်းလဲသွားတဲ့အသွင်အပြင်ကြောင့်နေရခက်နေသလား။
နှုန်းက ဘယ်လိုပဲ ဝတ်စားဆင်ယဉ်နေပါစေ။ ဘယ်လိုပုံသဏ္ဌာန်ပဲဖြစ်နေပါစေ သူ့အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အနုပညာလေးပင်။
ဒီဆံသားတွေဟာ တိုတို၊ရှည်ရှည် အထိအတွေ့ကတော့ သူ့ကို ယစ်မူးစေတုန်း၊ နှုတ်ခမ်းသားလေးတွေဟာ နူးညံ့ပြီး နွေးနေတုန်း။
" ကိုယ် နှုန်းကို သိပ်လွမ်းနေခဲ့တာ ..
နှုန်းကတော့ နေနိုင်တယ်မဟုတ်လားဗျ "
"အယ် .. "
မျက်ဝန်းတွေထဲက မျက်ရည်စအချို့ဟာ မျက်ဝန်းအိမ်ကို
ကျော်လွန်လျက်လျှံကျလာတော့၏။
ကောင်လေးက ငိုနေတာလား ..
ဒီအမျိုးသားကလေ သူ့အတွက် မျက်ရည်ကျတာလား
ဒီလို အေးစက်မာကျောလွန်းတဲ့ ဒုတိယသခင်လေးကလေ .. ကလေးလေးလို ငိုသည်တဲ့လား ။
" နှုန်းက နေနိုင်တယ် .. ကိုယ်က .. ကိုယ့်မှာ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေနဲ့ ရူးနေခဲ့တာ ၊ နှုန်း သိလား ကိုယ်က မင်းပြုသမျှ
နုချင်တဲ့ကောင် .. မင်း ချန်ထားခဲ့ရင် အဲ့နေရာမှာ ကိုယ် ငြိမ်ငြိမ်လေး နေခဲ့မှာ .. ကိုယ် နေခဲ့တာ ..ဒါပေမဲ့ မင်းသိလား နှုန်း.. အဲ့ရက်တွေမှာ ..မင်းအထိအတွေ့ မရတဲ့ အဲ့ရက်တွေမှာလေ ဒီကောင့်မှာ
သေမလိုပဲ.. မင်းက ဒီတစ်ခါတော့ သိပ်ရက်စက်တာ .. ဒါပေမဲ့ ကိုယ် အချစ်ကို ဘာမေးခွန်းမှ မထုတ်ခဲ့သလို အပြစ်လည်း မမြင်မိဘူး
ကိုယ် မင်းကို ဘယ်အခြေအနေမှာမဆို နားလည်ဖို့ ကြိုးစားမှာ .. ဒီကောင်ကလေ အကုန် မင်းဆန္ဒ မင်းသဘော မင်းစိတ်.."
"ဟင့် .. မောင်! ငါ .. ဟင့် ငါ တောင်းပန်.. "
"အဲ့စကားကို မင်းပြောစရာမလိုဘူး အချစ်ရာ သိလား
ကိုယ်ကပဲ တောင်းပန်ပါတယ် .. ဘာအတွက် နှုန်း ဒီလို လုပ်လိုက်ရလဲ မသိပေမဲ့ မင်းကို စိတ်ပင်ပန်းစေခဲ့တဲ့အရာအတွက်
ကိုယ် တောင်းပန်ပါတယ် "
သူ့အား ရင်ခွင်ထဲ ထည့်ထားရင်း သူ့ဆံပင်တွေကို ပွတ်သပ်လျက် တောင်းပန်စကားကို ဆိုနေတဲ့ ကောင်လေးကြောင့် သူလည်း ဟန်မဆောင်နိုင်စွာ ငိုမိတော့၏။
ပြီးဆုံးသင့်ပြီ.. ကောင်ရဲ့ဖခင်လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ ကောင်လေးနဲ့မဆိုင်ဘူး။ ဖေဖေနဲ့မေမေအတွက် မတရားဘူးလို့ ယူဆမိလို့
ကောင်လေးကိုလည်း သူ့သွေးသားတွေနဲ့ ဒီလောက်အထိ ကွဲကွာစေခဲ့ပြီးပြီ။ တော်လောက်ပြီလေ .. သူလုပ်ခဲ့တဲ့ အပြစ်တွေဟာ ကလေးတွေအပေါ်မှာရော ကောင်လေးအပေါ်မှာပါ ပြင်းထန်လွန်းနေပြီ။
ဒါပေမဲ့ ချင်ခြင်းမေတ္တာမှာ တောင်းပန်ခွင့်တောင်မရှိဘူး၊
တောင်းပန်ဖို့ အခွင့်တောင်မပေးဘဲ တစ်ဖန်ပြန်တောင်းပန်နေလေရဲ့။ ဒီလောက် နွေးထွေးလုံခြုံတဲ့ရပ်ဝန်းလေးကို သူခြေစုံ
ပြန်ပစ်ဝင်သင့်ပြီ။
" ကိုယ့်အရိပ်ထဲ ပြန်လာခဲ့ပါတော့ .. ဒီတစ်ခါဘယ်တော့မှ ကိုယ့်အနားက ထွက်မသွားပါနဲ့တော့ ၊ ကိုယ် ရူးတော့မလို့ "
" ငါ ... ငါ တောင်းပန် .."
"ပြွတ်"
" ဟို .. စေးမူး ငါ တ..တကယ် တောင်း .."
"ပြွတ် .. ပြွတ်"
"ဟင့် .. မင်း .. ချစ် .. ဟင့် ချစ်တယ် "
ချစ်ခြင်းမေတ္တာဟာ သူ့ကို တောင်းပန်ခွင့်တောင်မပေး။
အရာအားလုံးကို ခွင့်လွှတ်သည်တဲ့လေ။
ဝေ့တက်လာပြန်တဲ့ မျက်ရည်တွေနဲ့အတူ သူ့ဦးတည်ရာဟာလည်း အမြဲ ဒီအမျိုးသားရဲ့ ရင်ခွင်ကျယ်ကြီးပဲ ဖြစ်နေမှာ။
ဒါဟာ သူပိုင်တဲ့ သီးသန့်ခိုလှုံရာ အိမ်ငယ်လေး။
သူ ပြေးဝင်ချင်တဲ့ သူ့အပိုင်အရိပ်လေး။
ကောင်လေးက သူ့ရဲ့သက်ဆိုင်ရာ အမျိုးသားလေး။
" ကိုယ် Baeတောင်းပန်တဲ့ စကားကို ထပ်မကြားချင်ဘူး
ဒါပေမဲ့ ရှင်းပြတာမျိုးတော့ လိုချင်တယ်၊ဒါကလည်း Baeဆန္ဒရှိမှပါ၊
ဒီလို သိချင်တာကလည်း Baeစိတ်ထဲက အစိုင်အခဲကို ကိုယ်က
နှုတ်ပေးချင်ရုံပဲ၊ ဘယ်အရာက မင်းကို ကိုယ့်အနားက ဆွဲထုတ်သွားခဲ့တာလဲ "
ကောင်လေးက အဲ့သည်လို ဆိုလာတော့ သူရဲ့နှုတ်ခမ်းတွေကို
ခပ်တင်းတင်းစေ့လိုက်မိရင်း ကောင်လေးနဲ့ မျက်နှာချင်းဆိုင်လိုက်မိတော့သည်။
"ဒါက မင်း မိသားစုနဲ့ ပတ် .. ပတ်သတ်နေခဲ့တာ ၊
ကိုကိုကြီးရော သိ .. သိ သင့်တယ် ၊ နောက် .. နောက်ပြီး ငါ မင်းနဲ့ မင်းကလေးတွေကို .. ခွဲထားသလို ၊ ကို .. ကိုကြီးတို့ အတွက်ကျလည်း သူတို့ရဲ့ တူ .. တူမတွေနဲ့ ခွဲထားမိတာလေ .. ငါ
ကိုကိုကြီးတို့ကိုလည်း ဝန်ချ တောင်း .. တောင်းပန်"
"မလိုဘူး ! Baeကို ကိုကိုကြီး နားလည်ပေးတယ်
အကုန် ကိုယ်မသိခဲ့တာ ကိုယ့်အမှားတွေမလို့"
နှုန်းက ဘယ်အရာမဆို သူ့အမှားတွေပါလို့ ပြောနေတဲ့ကောင်လေးအား သက်ပြင်းချကာ ကြည့်လိုက်မိ၏။
ဘာဆို ဘာမှ မသိသေးတာတောင် သူ့အမှားချည်းပြောနေတဲ့ ကောင်ငယ်လေးဟာ သူ့ဖခင် ဦးစောနပိုလျံ၏ လုပ်ရပ်နှင့်ပြသနာအရင်းမြစ်ကိုသာ သိလျှင် ဘယ်လောက်ထိ သူ့အပေါ် လိပ်ပြာမလုံဖြစ်နေလောကမလဲ။
သူက ကောင်လေး၏ ဆံပင်တွေကို ထိုးဖွရင်း ခြေဖျားကိုထောက်ခါ ကောင်လေး၏ နဖူးကို ခပ်ဖွဖွ နမ်းလိုက်ရင်း ,
" မင်း .. မင်းကို နှုန်း သိပ်မြတ်နိုးတာပဲ
နှုန်းရဲ့ရွှေရောင်နှင်းဆီလေးက နှုန်း.. နှုန်းရဲ့ပျော်ရွှင်ရာလေး ၊
ဘယ်အရာကြောင့်မှ အဲ့ ..အဲ့အချက်တွေက ပြောင်းသွားမှာ
မဟုတ်ဘူး ဒါ .. ဒါကို ကောင်လေး သိထားရမယ်နော် "
သူက ထိုစကားတွေကို ပြောတော့ သူ့ကို ကောင်ငယ်လေးက မျက်မှောင်ကြုံ့ကာ ကြည့်လာ၏။
သူက ရယ်လျက် ကောင်လေးရဲ့ လက်ကိုဆွဲကာ ခြေလှမ်းကို စတင် ရွှေ့လျားလိုက်ပြီး အိမ်ဘက်သို့ ဦးတည်ခဲ့တော့သည်။
"နှုန်း .. အဲ့စကားက ဘာအဓိပ္ပာယ်လဲ
ကိုယ့်ကိုပြော !"
"ချစ် .. ချစ်တဲ့ အဓိပ္ပာယ်တွေလေ"
"ကျစ် ! မဟုတ် .. ပြသနာက ဘာမလို့လဲ
နှုန်း .. ကိုယ့်ကိုပြော အဲ့စကားတွေက ဘာသဘောလဲ!"
"ချစ် .. ချစ်တဲ့ သဘောတွေပါ နှင်းဆီလေးရဲ့"
၎င်းနံနက်ခင်း၏ ဈေးနားလမ်းလေးထဲတွင် စိတ်လက်ပေါ့ပါးစွာ ပြုံးလျက် ခြေလမ်းသွက်သွက်ဖြင့် လျှောက်နေသော အနုပညာဆန်
ဆန်ပုံရိပ်လေးနှင့် ထိုပုံရိပ်လေးအနောက်မှ တဂျီဂျီ မရမက အမေးအမြန်းထူနေသည့် သခင်လေးတစ်ယောက်တို့အား တွေ့နိုင်သည်။
ချစ်ခြင်းမေတ္တာဟာ အသွားအပြန်ရှိ၊မရှိ မသေချာပေမဲ့
သူတို့နှစ်ယောက်အတွက်တော့ အရာရာဟာ အချိုးချနေခဲ့၏။
ဝေးကွာနေတဲ့အရာတွေ နီးလာရင် ပိုလို့တောင်ကပ်သွားကြသေးတာ။ အရာရာဟာ အရင်ကထက် ပိုပိုသာသာ ဖြစ်လာမှာ မြင်ယောင်သေးတာပါပဲ။
[ 27.1.2023]