ဇေယျာ ဖုန်းကိုကိုင်ပြီး ခေါင်းငိုက်စိုက်ချကာ ငိုင်နေမိသည်... တကယ်ကိုပဲ ကံကြမ္မာက ဇေယျာ့ အပေါ်မှာ ဒီလိုတွေလုပ်မှ ဖြစ်မှာလားဟု အပြစ်တင်ချင်လာမိသည်... အခုလည်း နောက်ဆုံး တွယ်တာစရာပါ မရှိတော့အောင်အထိ အကုန်သိမ်းကျုံးပြန်ယူသွားဖို့ လုပ်နေပြန်တော့သည်...
ဒီလိုထိုင်ပြီး ငိုင်နေရုံနှင့် မပြီးဘူးဟုတွေးလိုက်ကာ နေရာမှထ၍ကျောပိုးအိတ်ထဲ အဝတ်အစားတချို့နှင့် ပစ္စည်းတွေကောက်ထည့်လိုက်သည်... ခုတင်ပေါ်မှ ဖုန်းကိုယူလိုက်ရင်းမှ သတိရမိသွားရသည်က...
ဟုတ်ပေသားပဲ...ဇေယျာက တစ်ယောက်တည်းမှ မဟုတ်တော့တာ... ဇေယျာ့မှာ မိသားစုရှိသေးသည်... မိသားစုတောင်မှ တော်ရုံတန်ရုံမဟုတ်... မိသားစုအကြီးကြီး ဖြစ်သည်... ဇေယျာ အနည်းငယ် စိတ်သက်သာရာရသွားပြီး ဖုန်း contact ထဲမှ နံပါတ်တစ်ခုကို ခေါ်လိုက်သည်...
"အဖေကြီး"
"သားဇေ...ပြော... ဒီနေ့ အိမ်ကို မသွားဘူးလား သားအမေက မျှော်နေတယ်"
"မသွားဖြစ်တော့ဘူး အဖေကြီး... ကျွန့်တော့် အဖွား နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရတယ်တဲ့ အခြေအနေမကောင်းဘူးလို့ ပြောတယ်... အဲ့ဒါကျွန်တော် ဆေးရုံကိုသွားရမယ် အဖေကြီး"
"ဟာ...ဟုတ်လား... အေးပေါ့ သွားရမှာပေါ့... နေဦး နေဦး သားအစ်ကိုနဲ့ အစ်မ တစ်ယောက်ယောက် လာခေါ်ပြီး လိုက်ပို့ပေးလိမ့်မယ် တစ်ယောက်တည်း မသွားနဲ့ ...သားဇေ အဆောင်မှာပဲ စောင့်နေ"
"ဟုတ်ကဲ့"
အဖေကြီးအသံ ကြားလိုက်ရတော့ ဘယ်ကမှန်းမသိရောက်လာတဲ့ အားအင်တွေက အလိုလို ပြည့်လာရသည်... ငါတစ်ယောက်တည်း မဟုတ်ပါဘူးဆိုသည့် အသိက ရင်ကိုတည်ငြိမ်စေသွားသည်...
ခဏအကြာတော့ ကိုအာကာနှင့် မကြီး တို့ရောက်လာကြသည်... ဇေယျာ့ကို ခေါ်ပြီး အဖွားရှိရာ ဆေးရုံသို့ လိုက်ပို့ကြသည်...
"မကြီးတို့ပါ လိုက်ကြည့်လို့ ရမလား ဇေယျာ"
"ဟုတ်...ရပါတယ် မကြီး"
"သွားမယ်လေ...ဘာလို့မရရမှာလဲ...လူနာကြည့်တာပဲ...လိုအပ်တာရှိရင် သားတို့ကူပေးလို့ရတာပေါ့... လာ..မကြီး...ဆင်း...ဆင်း"
ကိုအာကာက ကားသော့ကို ဖြုတ်ယူလိုက်ပြီး နောက်ခန်းမှ မကြီးကိုပါ ဆင်းခိုင်းကာ ဇေယျာ့နောက်သို့ လိုက်လာကြသည်... ဦးလေးပြောထားသည့် အခန်းသို့ရောက်တော့ အဖွားက ခုတင်ပေါ်မှာလှဲနေပြီး အနားမှာ အိမ်အကူ မအေးခိုင်တစ်ယောက်ပဲ ရှိသဖြင့် ဇေယျာ မျက်မှောင်ကျုံ့သွားရသည်...
"ဟော ဇေယျာ"
"မအေးခိုင် တစ်ယောက်တည်းလား...ဦးလေး တို့ရော"
"ဦးလေးက မနက်က ခဏလာကြည့်ပြီး အလုပ်ကိုသွားပြီထင်တယ် ဇေယျာ လာလိမ့်မယ်လို့ ပြောသွားတယ်"
"ကျစ်! ညကလည်း မအေးခိုင်တစ်ယောက်တည်းလား... ဦးလေး မိန်းမကရော မလာဘူးလား... သူ့သမီးတွေရော"
"သူတို့က ညကဆေးရုံတင်ကတည်းက လိုက်မလာကြတာ... ဟို... အန်တီက မှာလိုက်တယ် ဇေယျာလာရင် မအေးခိုင်ကို အိမ်ပြန်လာခဲ့ပါတဲ့... အိမ်မှာလုပ်စရာတွေရှိတယ်လို့ပြောတယ်"
ဇေယျာ သက်ပြင်းချလိုက်မိသည်... ဒီလိုတွေဖြစ်မယ်ဆိုတာ အစကတည်းက တွေးထားမိပါသည်... အဖွားဒီလို အခြေအနေအထိဖြစ်ရတာ သူတို့သေချာဂရုမစိုက်လို့ပဲ ဖြစ်မည်... အဖွားကိုထားခဲ့ပြီး အိမ်ကထွက်လာမိသည့် ကိုယ့်ကိုယ်ကိုပဲ ဒေါသထွက်နေမိတော့သည်...
"မအေးခိုင် ပြန်ချင်ပြန်လေ... ကျွန်တော်စောင့်လိုက်မယ်... အဖွားအတွက်လိုအပ်တာတွေ အကုန်ပါလား"
"မအေးခိုင် တတ်သလောက် မှတ်သလောက်တော့ ထည့်လာတယ် ဇေယျာ... ဘာတွေလိုဦးမလဲတော့မသိဘူး"
"ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်ကြည့်လုပ်လိုက်မယ်"
"တကယ်လို့ သူတို့ပြန်လိုက်ပို့ရင် မအေးခိုင် ပြန်လာခဲ့မယ်နော်"
"ဟုတ်ကဲ့... မအေးခိုင် ပြန်တတ်လား... ကျွန်တော် ကားငှါးပေးလိုက်မယ်"
"ရတယ်...ရတယ်... မအေးခိုင် ငှါးတတ်တယ်"
မအေးခိုင် ထွက်သွားတော့ ဇေယျာ အဖွားနားမှာ ဝင်ထိုင်လိုက်ပြီး ပိန်လှီနေသောလက်ကလေးကို ကိုင်လိုက်မိသည်... ၆ လပေါ့... ဇေယျာ အိမ်ပေါ်ကဆင်းခဲ့သည့် ၆လ အတွင်းမှာ ဒီလောက်အထိတောင် ပိန်ကျသွားလိုက်တာများ... စိတ်ထောင်းကိုယ်ကျေများ ဖြစ်ခဲ့လေသလား အဖွားရယ်... ထားခဲ့မိလို့ တောင်းပန်ပါတယ်... ဖေဖေ့သွေးသား မဟုတ်ခဲ့တဲ့အတွက် အဖွားများ ငြိုငြင်မလား ဆိုတဲ့ စိတ်တွေနဲ့ သိမ်ငယ်မိခဲ့ရပါတယ်... ကိုယ်တိုင်လည်း လက်မခံနိုင်လောက်အောင် စိတ်ဒဏ်ရာတွေ ဖြစ်ခဲ့တာမို့ အဖွားရဲ့ မေတ္တာတွေကို တဒင်္ဂကျောခိုင်းထားခဲ့မိပါတယ်... တောင်းပန်ပါတယ်ဆိုတာထက် ပိုတဲ့စကားရှိရင် အဖွားကိုပြောခွင့်ရချင်ပါသေးတယ်... အဖွား ခဏလောက်ဖြစ်ဖြစ် ပြန်လည် ကျန်းမာပေးပါဦး...
အဖွားလက်ကိုဆုပ်ကိုင်ကာ ခေါင်းငိုက်စိုက်ချနေမိသော ဇေယျာ့ပုခုံးကို နောက်မှ တစ်စုံတစ်ယောက်က ဖိကိုင်ပြီး အားပေးလာသည်...
"ဇေယျာ... ဆေးရုံစောင့်ရမယ်ဆို မကြီးတို့ လိုတာတွေ ကြည့်ဝယ်ပေးခဲ့မယ်... တစ်ယောက်တည်းတော့ အဆင်ပြေမှာမဟုတ်ဘူး သူနာပြု ငှါးပေးခဲ့မယ်နော်... So sweet သွားရအောင်"
သန္တာက So sweet ကိုခေါ်ကာ အနီးနားရှိ ဈေးဝယ်စင်တာ တစ်ခုခုသို့ထွက်လာခဲ့ကြသည်... So sweet မျက်နှာက တင်းမာနေပြီး ဒေါသထွက်နေပုံရသဖြင့် ကားမောင်းနေသော လက်မောင်းကို အသာပွတ်ပေးလိုက်သည်... သန္တာကိုယ်တိုင်လည်း ဒေါသထွက်ပါသည်... အခုမှ ၁၉နှစ်ပဲ ရှိသေးသည့် ကလေးတစ်ယောက်ကို ဆေးရုံမှာ လူနာစောင့်ဖို့ တာဝန်ပေးကြပုံက မျက်နှာလွဲ ခဲပစ်နိုင်လွန်းလှသည်... သားလုပ်သူက မအားရင်တောင်မှ ချွေးမနဲ့ သမီးတွေက ဘာတွေများအလုပ်ရှုပ်နေကြလို့ပါလိမ့်ဟု တွေးမိသည်... သန္တာအတွေးများနေဆဲမှာပဲ အမေ့ဆီက ဖုန်းဝင်လာသည်...
"ဟုတ်...အမေ့"
"မီးကြီး ဆေးရုံရောက်ကြပြီလား အခြေနေဘယ်လိုရှိလဲ"
"သန္တာလဲ အခုပဲ အမေ့ကိုဖုန်းခေါ်တော့မလို့ လုပ်နေတာ... တော်တော်ဆိုးတဲ့သူတွေပါအမေရယ်... မနေ့ညကတည်းက ဆေးရုံမှာ သူ့သားကလာပို့သွားပြီး အိမ်အကူနဲ့ပဲ ထားပစ်ခဲ့တာ... ဒီမနက် ဇေယျာ့ကို လှမ်းခေါ်ပြီး အိမ်အကူကိုလည်း အိမ်ပြန်လာခိုင်းတယ်တဲ့... အခုကလေးကို တစ်ယောက်တည်း လူနာနဲ့ ထားပစ်ခဲ့ကြတယ်"
"ဟယ်တော်... ဒုက္ခပါပဲ... သားဇေက တစ်ယောက်တည်း ဘယ်လိုလုပ်လူနာကြည့်တတ်ပါ့မလဲ... ဘယ်လိုလူတွေလဲ မသိပါဘူးဟယ်"
"အခု So sweet နဲ့ သန္တာတို့ လိုအပ်တာတွေသွားဝယ်ပေးနေတယ် အမေ... ပြီးရင် သူနာပြုလည်းငှါးပေးခဲ့မယ်... လူနာအတွက်ရော ဇေယျာ့အတွက်ရော စားစရာ အိမ်ကပဲ စီစဉ်ပေးရင်ကောင်းမယ်ထင်တယ် အမေ... ဆေးရုံနားက ဟာတွေစားနိုင်မှာမဟုတ်ဘူး"
"အေးအေး ... အမေနဲ့ အိဖြူလုပ်လိုက်မယ်... ပြီးရင် တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်မယ်... သမီးတို့ လိုအပ်တာတွေ ကြည့်လုပ်ပေးခဲ့လိုက်ဦး"
"ဟုတ်ကဲ့ အမေ"
"ဪ...မီးကြီးရေ...သမီး...မောင်လေးလက်ထဲ ပိုက်ဆံ နည်းနည်းပါးပါး ပေးခဲ့လိုက်ဦးနော်"
"ပေးခဲ့မယ် အမေ့"
သန္တာဖုန်းချပြီး So sweet ကိုလှည့်ကြည့်လိုက်သည်...
"So sweet ... အမေက စားစရာလုပ်ပေးပြီး တစ်ယောက်ကို လာပို့ခိုင်းမယ်တဲ့"
"မမကေသာနဲ့ မမဟေမာကို ပို့ခိုင်းလိုက်...ခုန အစ်ကိုဖုန်းဆက်တယ် သူလိုက်လာမယ်တဲ့ သားစောင့်ပေးပြီး အစ်ကိုနဲ့မှ ပြန်လိုက်မယ် မကြီးကားပြန်မောင်းသွားလိုက်နော်"
"အေးအေး"
လူနာအတွက်ရော ဇေယျာ့အတွက်ပါ လိုအပ်တာတွေ ဝယ်လာခဲ့ပြီး သူနာပြုငှားမဲ့ကိစ္စတွေပါ သန္တာနဲ့ So sweet က လိုက်လုပ်ပေးခဲ့သည်... သန္တာပြန်ခါနီး So sweet ကို ဇေယျာ့လက်ထဲ ပိုက်ဆံသေချာထည့်ခဲ့ရန် မှာခဲ့ရသေးသည်...
သန္တာပြန်လာသည်အထိ အဖွားရဲ့ သားနှင့်ချွေးမရော မြေးတွေရော တစ်ယောက်မှ ရောက်မလာကြသေးပေ...
.............................................................................
မကြီး ပြန်သွားပြီး ငှားထားသည့် သူနာပြုရောက်လာသည်... ကိုအာကာက ဇေယျာ့ကိုလက်တို့ပြီး အခန်းအပြင်သို့ခေါ်လာကာ လက်ထဲသို့ ပိုက်ဆံတွေထည့်ပေးလာသည်...
"အာ... ကိုအာကာ... ကျွန်တော့်မှာ အဖေကြီးပေးထားတဲ့ Card ရှိတယ်လေ"
"သိတယ် Cash လဲ ဆောင်ထားဦး... ဒီနားမှာ နီးနီးနားနား ATM မရှိဘူး"
"ဟုတ်"
ဇေယျာ အားနာစွာနှင့်ယူပြီး ပိုက်ဆံအိတ်ထဲကို ထည့်သိမ်းလိုက်သည်... ခုချိန်ထိ ပေါ်မလာသည့်ဦးလေးက ဆေးရုံစားရိတ်တွေရော ရှင်းပါ့မလား စိတ်ပူရတော့သည်... ဇေယျာ့ ကို ဖေဖေလုပ်ပေးခဲ့သည့် bank card ထဲမှာ ပိုက်ဆံတွေရှိသေးသည်ဟုများ အထင်ရောက်နေသည်လားတော့ မဆိုနိုင်ပေ...
ဒီလိုဆိုရင်တော့ ဇေယျာ အခက်တွေ့ရတော့မည်...
အဖေကြီးတို့ ပေးထားသည့် ပိုက်ဆံတွေက ကိုယ်ရေးကိုယ်တာအတွက် သုံးနေရတာတောင် လွန်လှပြီ... ဖေဖေ့ bank ထဲက ပိုက်ဆံတွေကို ဇေယျာ့နာမည်နဲ့ လွှဲပြောင်းယူဖို့က ရှေ့နေရှေ့ရပ်တွေ စာရွက်စာတမ်းတွေ လိုအပ်သေးသည်...
"So sweet... ဇေယျာ"
"အစ်ကို့... မြန်လိုက်တာ... ကားကိုမြန်မြန်မောင်းပြန်ပြီလားဗျာ"
"မြန်မြန်မမောင်းပါဘူးကွ... ကားလမ်း သိပ်မပိတ်လို့ပါ"
ကိုငြိမ်းက ရောက်လာပြီး အဖွားကိုဝင်ကြည့်ကာ သူနာပြုကို အကျိုးအကြောင်းမေးသည်... အဖွားက ဆေးတွေကြောင့် အိပ်ပျော်နေပြီး ခုထိမနိုးလာသေးပေ... ကိုငြိမ်းနဲ့ ကိုအာကာက နေ့လည် ဆရာဝန် Round လှည့်တဲ့အထိနေပေးသွားကြပြီး ဆရာဝန်ကြီးနဲ့လည်း အခြေအနေတွေကို ဆွေးနွေးပေးကြသည်... အဖွားရဲ့ အခြေအနေကတော့ စောင့်ကြည့်ရမည့် အနေအထားမှာ ရှိနေသေးသည်... ဝိုင်းဝန်းဖေးမပေးသည့် မိသားစုတွေကြောင့် ဇေယျာအားတက်ရပါသည်...
ညနေစောင်းလောက်မှာ အဖွားက သတိပြန်လည်လာသည်... ဇေယျာက အဖွားနားတိုးကပ်သွားပြီး အဖွားကို တိုးတိုးခေါ်ရသည်...
"အဖွား... ကျွန်တော့်ကိုသိလား... ဇေယျာ လေ"
အဖွားက မျက်ရည်တွေကျလာပြီး ခေါင်းညိတ်ပြသည်... ထို့နောက် တစ်ခုခုပြောချင်နေပုံရသဖြင့် ဇေယျာက အဖွားနားတိုးကပ်သွားပြီး နားထောင်ရသည်... အဖွားဆီမှ မနည်းအားယူပြီး ထွက်ပေါ်လာသည့် အသံတိုးတိုးက...
"ဦး...အောင်...ခင်"
ထိုမျှသာပြောပြီး အဖွားကထပ်မပြောနိုင်တော့ပေ... ဦးအောင်ခင်ဆိုတာ ဖေဖေ့ မိတ်ဆွေရှေ့နေကြီးဖြစ်သည်... အဖွားက ဇေယျာ့ကို ဦးအောင်ခင်နှင့် တွေ့စေချင်သည် ထင်၏...
"ဇေယျာ"
အပေါက်ဝဆီမှ ခေါ်သံတိုးတိုးလေးကြောင့် ဇေယျာလှည့်ကြည့်လိုက်တော့ မမဟေမာ နဲ့ မမကေသာက လက်ဆွဲခြင်းတောင်းတစ်ခုကို ဆွဲပြီးရပ်နေကြသည်... ဇေယျာ့ရင်ထဲမှာ နွေးထွေးမှုကို တကယ်ပင် ခံစားရပါသည်... ဒီမိသားစုက တကယ်ပင် မေတ္တာတရား ပေါများလွန်းကြသည်...
"လာလေ မမတို့"
မမဟေမာက လက်ဆွဲခြင်းကို စားပွဲပေါ်တင်လိုက်ပြီး နှစ်ယောက်သား အဖွားကိုလာကုန်းကြည့်ကြသည်...ထို့နောက်အခြေနေကောင်းလားဟု မျက်နှာအမူအရာနှင့်မေးသည်... ဇေယျာခေါင်းကိုဖြည်းညှင်းစွာခါပြလိုက်တော့ စိတ်မကောင်းဖြစ်သွားကြသည်...
"ဇေယျာ ထမင်းစားမလား ထည့်ပေးမယ်"
"ဟုတ်"
ဟေမာထည့်ပေးသော ထမင်းချိုင့်လေးကို ယူပြီး အခန်းထောင့်မှ ခုံလေးမှာသွားထိုင်စားနေသော ဇေယျာ့ကိုကြည့်ပြီး ငိုချင်လာရသည်... နဂိုကမှ မျက်ရည်လွယ်တတ်သော ဟေမာက ဒီလိုမြင်ကွင်းမျိုးကို ဘယ်လိုမှမကြည့်နိုင်ပေ... ဟေမာတို့ အသက် ၂၂ ရှိနေတာတောင် အဖေကြီးနဲ့ အမေ့ကိုခုချိန်ထိချွဲနွဲ့ပြီး မောင်နှမတွေကြားမှာ ကလေးလိုနေလို့ကောင်းတုန်းပေမဲ့ ဒီကလေးကတော့ အရွယ်နှင့်မလိုက်အောင် စိတ်ဖိစီးမှုတွေ များနေရရှာသည်...
သူ့ဦးလေးက ဒီကလေးနဲ့ အမွေပိုင်ဆိုင်မှုကိစ္စတွေ တရားရင်ဆိုင်ဖို့ လုပ်နေသည်ကို ခုထိသိသေးပုံမရပေ... အဖေကြီးကတော့ စိတ်မပူဖို့ပြောပေမဲ့ ဟေမာတို့က ဇေယျာ စိတ်ဖိစီးနေမှာပဲ စိတ်ပူနေကြတာဖြစ်သည်... ဇေယျာက ဆေးရုံးကြမ်းပြင်ကိုငေးပြီး ထမင်းတွေ တစ်ဇွန်းပြီး တစ်ဇွန်း ခပ်စားနေပေမဲ့ အရသာပင်သိမှာမဟုတ်... မမကေသာက ရေယူပြီး ဇေယျာ့ကို သောက်ခိုင်းနေသည်... ဟေမာ ဘယ်လိုမှ ဆက်မကြည့်နိုင်သဖြင့် အခန်းအပြင်သို့ ထွက်လာပြီး မျက်ရည်ခိုးသုတ်နေရတော့၏...
"မမကေသာ အဖွားနားမှာ ဘုရားစာလေး ဖွင့်ထားပေးရင် ကောင်းမယ်ထင်တယ်နော်...ဘာဖွင့်ပေးရမလဲ ကျွန်တော်လည်း မသိလို့"
"အေး...နေဦး အမေ့ကိုဖုန်းဆက်မေးလိုက်မယ်"
ကေသာက အခန်းအပြင်ထွက်ကာ အမေ့ဆီဖုန်းခေါ်ပြီးမေးရသည်... အမေက ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့ "အားပေးစကား" ဆိုတဲ့တရားတော်ကို ဖွင့်ခိုင်းသည်... ဒီတရားတော်က သေဆုံးခါနီး ဝေဒနာခံစားနေရသူတွေအတွက် အသင့်တော်ဆုံးဖြစ်မည်ထင်သည်... အမေက လူနာအာရုံတွေမပျံ့လွင့်စေရန် လူနာနားမှာ စကားတွေမပြောကြရန်လည်း မှာလိုက်သေးသည်...
ထိုအခိုက်တွင် ဇေယျာ့ဦးလေးဆိုသူရောက်လာကာ အသံကျယ်ကျယ်နှင့် မေးမြန်းပြောဆိုနေသဖြင့် ကေသာ စိတ်တိုလာရသည်... ဘယ်လိုအသိတရားမရှိတဲ့သူတွေပါလိမ့်...
"ဒါဆို အခြေနေကမရတော့ဘူးပေါ့... မင်း ဒီမှာပဲ အိပ်လိုက်နော် ဇေယျာ တစ်ခုခုဆို ငါ့ကိုဖုန်းဆက်လိုက်...ကြားလား"
ကေသာ စိတ်အချဉ်ပေါက်လာရပြီ...သေမှ ဖုန်းဆက်လိုက်ဆိုသည့်သဘောနှင့်ပြောနေခြင်းမဟုတ်လား... သို့ပေမဲ့ သူများမိသားစုအရေးမို့ ကေသာတို့က ဝင်မစွက်ဖက်သင့်ကြောင်း နားလည်ရသဖြင့် လက်ပိုက်သာကြည့်နေရသည်... အဖေကြီးကလည်း သူများကိစ္စတွေ ဝင်ပါခြင်းကို ကြိုက်မည်မဟုတ်ပေ...
အဖွားက အခြေအနေပိုဆိုးလာသဖြင့် ကေသာတို့ မပြန်တော့ဘဲ အိမ်ကိုဖုန်းဆက်ရသည်... ညဦးပိုင်းမှာ အဖေကြီးနှင့်လေးမောင်က ရောက်လာပြီး အခြေအနေလာကြည့်သည်... အဖေကြီးတို့ပြန်သွားပြီး သိပ်မကြာခင်မှာပဲ အဖွားက လောကကြီးကို နှုတ်ဆက်သွားတော့သည်... အဖွားအဖြစ်ကလည်း ရင်နာစရာကောင်းသည်... သေဆုံးခါနီးအချိန်မှာတောင် သွေးရင်းသားရင်းတွေ အနားမှာ တစ်ယောက်မှရှိမနေကြသည့်အဖြစ်က သံဝေဂရစရာ ကောင်းလှသည်...
လောကမှာ မိသားစု လို့ဆိုလိုက်တာနှင့် နွေးထွေးနေကြတာချည်းပဲတော့ မဟုတ်ပေ... ထိုမိသားစုဝင်တွေရဲ့ အကျင့်စရိုက် စိတ်နေစိတ်ထားခံယူမှုနှင့် ထိုမိသားစုကို ကိုယ်ဘယ်လိုထိန်းကျောင်းမှုမျိုးနဲ့ တည်ဆောက်ခဲ့လဲဆိုသည့်အပေါ်မှာ အများကြီးမူတည်သည်ဟု ကေသာကတွေးမိရသည်...
ကေသာ အိမ်ကိုလှမ်းအကြောင်းကြားတော့ So sweet နှင့် ကိုကြီးငြိမ်းတို့ ရောက်လာပြီး ရေခဲတိုက်သို့ ပို့ဆောင်မည့်ကိစ္စတွေ စီစဉ်ပေးကြသည်... ဇေယျာက လိုအပ်တဲ့ သေစာရင်းနဲ့ စာရွက်စာတမ်းကိစ္စတွေလိုက်လုပ်နေပြီး ခုချိန်ထိမငိုသလို မျက်ရည်လည်း တစ်စက်မှမကျသဖြင့် ကေသာတို့ကစိတ်ပူနေရသည်... သူပြိုလဲသွားလို့မဖြစ်ဘူးဟူသည့်စိတ်ကို ဒီကလေးက အရွယ်နှင့်မလိုက်အောင် ကောင်းကောင်း မွေးမြူထားပုံရသည်...
အားလုံးစီစဉ်ပြီး ချိန်မှာမှ ဇေယျာ့ဦးလေး မိသားစုတွေရောက်လာကြသည်...မိန်းမနှင့် သမီးတွေက အရောင်မှိန်မှိန်ဖျော့ဖျော့ အဝတ်တွေ အနက်ရောင် ဖက်ရှင်တွေနှင့်ဖြစ်ပြီး မိတ်ကပ်ပါးပါးဖို့ထားသည့်မျက်နှာတွေကဖြူဖတ်ဖြူရော် ညှိုးနွမ်းနေသယောင် ထင်ရသည်... ဆံပင်တွေကို ခပ်ပွပွစည်းနှောင်ထားကြပြီး ပုခုံးပေါ်တွင် ပုဝါကိုယ်စီနှင့် မျက်ရည်များကို တို့ကာပင့်ကာသုတ်၍ အဖွားအလောင်းဘေးမှာ ဖြေမဆည်နိုင် ငိုယိုနေကြသဖြင့် ဟေမာကပင် အံ့ဩနေသည်...
အဖွားရဲ့ ချွေးမဖြစ်သူက ရောက်လာကြသော အသိမိတ်ဆွေတွေရှေ့မှာ ငိုနေရင်းသတိလစ်သွားသဖြင့် သမီးတွေက ပြာယာခတ်ကာပြုစုနေကြသည်... ကေသာတို့မောင်နှမတွေက နောက်ဆုံးမှာရပ်၍ လက်ပိုက်ကာကြည့်နေကြပြီး ထိုမိသားစုကို အကယ်ဒမီတွေသာ အထပ်ထပ်ပေးနေမိတော့သည်...
ဇေယျာက စိတ်ရှုပ်နေပုံဖြင့် ကေသာတို့နားသို့ရောက်လာသည်... အံကြိတ်ထားသဖြင့် မေးကြောတွေပင် ထောင်ထနေသည်... ထို့နောက် သက်ပြင်းကိုချကာ တိုးတိုးပြောလာသည်က...
"ကျွန်တော်... အိမ်ပြန်ချင်ပြီ"
ဇေယျာပြောသည့် အိမ် က ဘယ်အိမ်ကိုရည်ညွှန်းလဲ မေးစရာမလိုတော့ပါပေ... ဇေယျာ့အတွက် အဖြစ်သင့်ဆုံးနှင့် အသင့်တော်ဆုံး အနွေးထွေးဆုံးအိမ်က အဆင်သင့် တံခါးဖွင့်ပြီးသားမို့ ဇေယျာ လှမ်းဝင်လာဖို့သာ လိုတော့သည်...
So sweet နဲ့ ကိုကြီးငြိမ်းက ဇေယျာ့ပုခုံးကို ဆွဲဖက်ကာ အခန်းပြင်သို့ ထွက်လိုက်သည်...
"အင်း...ငါတို့ အိမ်ပြန်ကြမယ်"
ကေသာနှင့် ဟေမာကလည်း အခန်းတွင်းမှ အပေါ်ယံပကာသနတွေ ပြည့်နေသော အကယ်ဒမီ သရုပ်ဆောင်လူတစ်စုကို ကျောခိုင်းလိုက်ကာ အခန်းပြင်သို့ ထွက်လိုက်သွားကြသည်...
ဇေယျာ့ကို အိမ်ပြန်ခေါ်သွားတော့မည်...
မောင်နှမတွေ အတူတူ ... "အိမ်" သို့...ပြန်ကြမည်...
.............................................................................
ဇေယျာက အဖွားဆုံးသွားပြီးကတည်းက ငြိမ်းတို့နဲ့တူတူ အိမ်မှာပဲ ပြောင်းလာနေတော့သည်... အဖေကြီးနှင့် လေးမောင်က ဇေယျာ့အဖေ ဦးမိုးဆွေ၏ ရှေ့နေ ဦးအောင်ခင်နှင့်တွေ့ပြီး ဇေယျာ့ အမွေကိစ္စတွေ ဆောင်ရွက်ပေးကြသည်... အဆုံးသတ်မှာ ဇေယျာ့ဦးလေး တရားရုံးတင်ထားသည့်ကိစ္စပယ်ဖျက်ခံရသည်... ဇေယျာမိုးဆွေက ဦးမိုးဆွေ၏ တရားဝင်သားဖြစ်ကြောင်း စာရွက်စာတမ်း သက်သေအခိုင်အမာရှိထားသည့်အပြင် အဖွားကိုယ်တိုင်က ဦးအောင်ခင်ဆီမှာ အမွေခွဲဝေရေးတွေလုပ်ပေးခဲ့သည်...
အဖွားရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ချို့တစ်ဝက်ကို လှူပြီး ကျန်တာတွေကို သူ့သားကိုရသင့်သလောက် လွှဲပေးခဲ့သည်... ဦးမိုးဆွေ၏ ပိုင်ဆိုင်သမျှအကုန်လုံးကိုတော့ ဇေယျာ့နာမည်နဲ့ပဲ အကုန်လွှဲပေးခဲ့သည်... အခုဆို အိမ်မှာ အားလုံးက ဇေယျာ့ကို သူဌေးလေးဆိုပြီး ဝိုင်းစနေကြသဖြင့် သူဌေးလေးဇေယျာက ပတ်ပြေးနေတော့သည်...
ဒီကလေးကို ဒီလိုစိတ်လက်ပေါ့ပါးနေတာမျိုးလေး မြင်ရတော့ ငြိမ်းတို့အားလုံး စိတ်ချမ်းသာရပါသည်... သူ့အဖွားဆုံးသည့်နေ့ကဆို မျက်ရည်တစ်စက်မကျဘဲ လိုအပ်တာတွေလိုက်လုပ်နေပြီး စိတ်ကိုတင်းထားခဲ့သည်... သို့သော်လည်း အိမ်ပြန်ရောက်မှ အမေ့ကိုတွေ့တော့ တင်းထားသည့်စိတ်တို့ကို လျှော့ချလိုက်ပုံရသည်... အမေက "သားဇေ" လို့ခေါ်လိုက်သည်နှင့် အမေ့ဆီပြေးသွားပြီး အမေ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ ကလေးတစ်ယောက်လို ချုံးပွဲချ ငိုတော့သဖြင့် ငြိမ်းတို့အားလုံးပင်မျက်ရည်ကျခဲ့ရသေးသည်... အခုတော့ ဇေယျာက နွေးထွေးတဲ့ ဒီမိသားစုကြီးထဲမှာ နေသားကျနေပါပြီ...
"ကြီးမေ အဲ့ဒါဆို နောက်တစ်ပါတ်ထဲ ကြီးမေကို ကျွန်တော် ဆေးလိုက်စစ်ပေးမယ်နော်"
"အေးပါ... ငြိမ်း အားတဲ့နေမှလုပ်ပါကွယ်"
"ဟုတ်... ကျွန်တော်ပြန်လိုက်ဦးမယ် လုပ်စရာလေးတွေရှိသေးလို့"
"အေးအေး"
ငြိမ်းက အခု နောက်လမ်းထဲကအိမ်သို့ ရောက်နေပြီး ကြီးမေဆီလာလည်ခြင်းဖြစ်သည်... ညနေဘက်ဆို ထမင်းစားပြီးတာနှင့် အညောင်းပြေအညာပြေလမ်းလျှောက်ရင်း ငြိမ်းက ကြီးမေဆီ အမြဲလာကြည့်နေကျဖြစ်သည်...
ငြိမ်း ခြံထဲမှထွက်ပြီး အိမ်ဘက်လမ်းလျှောက်နေတုန်း So sweet က စက်ဘီးနှင့်လိုက်လာသည်... ငြိမ်းနားမှာမရပ်ဘဲ ငြိမ်းကိုကျော်နင်းသွားပြီးမှ ပြန်ကွေ့လာပြီး ငြိမ်းဘေးမှာ စက်ဘီးကိုဖြည်းဖြည်းနင်းသည်...
"ဟိတ်...တစ်ယောက်တည်းလား...ဘယ်သွားမလို့လဲ"
ငြိမ်းရယ်လိုက်မိသည်... So sweet က ဆယ်ကျော်သက်တွေ ရည်းစားစကားလိုက်ပြောသည့်အထာနှင့် ငြိမ်းကို လိုက်စနေသည်... ငြိမ်းက တမင်မျက်နှာကိုတင်းထားလိုက်ပြီး...
"တစ်ယောက်တည်း မဟုတ်လို့ မင်းကဘယ်နှစ်ယောက်မြင်လို့လဲကွ"
"အား... စွာတေးလေးပဲဗျ... ချစ်လို့ရမလားဟင်"
"မရဘူး ယောက်ကျားရှိတယ်"
"ဟာ...ဒါဆို ကျွန်တော်နောက်ကျသွားပြီပေါ့... ယောက်ကျားကို ပလစ်ပြီး ကျွန်တော်နဲ့ တွဲမလား"
"ယောက်ကျားကို ပလစ်ဖို့ အိပ်မက်တောင်မမက်ဖူးဘူး"
ငြိမ်းက လမ်းလျှောက်နေရင်း မျက်လုံးကို ထောင့်ကပ်ကြည့်ပြီး ပြောလိုက်တော့ So sweet မျက်နှာက အသည်းတယားယား ဖြစ်သွားပုံနှင့် ပြုံးသွားသည်...
"အစ်ကိုက အစ်ကို့ယောက်ကျားကို တော်တော်ချစ်တာပဲနော်"
"အွန်း... ကိုယ့်ယောက်ကျားက ချောတယ်... မင်းကို တစ်ခါတည်းကြွားလိုက်ဦးမယ်... နောက်ဆို ကိုယ်တို့မှာ ကိုယ့်ယောက်ကျားနဲ့တူတဲ့ သားချောချောလေးရတော့မှာ...အဟင်း"
"အား!! ပျော်စရာကြီးဗျာ... ဒါနဲ့လေ အစ်ကိုတို့ သားလေးရရင် အစ်ကိုက အစ်ကို့ယောက်ကျားကို အချစ်တွေလျော့သွားမှာလား... သားလေးကိုပဲ ဂရုစိုက်နေပြီး အစ်ကို့ယောက်ကျားကို ပစ်ထားမှာလားဟင်... ကလေးကိုချည်းပဲ အချိန်ပေးနေမှာလားဟင်... အဲ့ဒီလိုဆို သူက အရမ်းဝမ်းနည်းနေတော့မှာပဲ"
ငြိမ်း ရယ်လိုက်မိပြန်သည်... So sweet က ဒီကိစ္စကို တော်တော်လေး စိုးရိမ်နေပုံရသည်... မရသေးတဲ့ ကလေးနဲ့ ပြိုင်ပြီး ခုကတည်းက ငြိမ်းကိုလုချင်နေပြီ...
"ဘယ်ဟုတ်မလဲကွ... သားလေးကိုလည်း ကိုယ်က အချိန်ပေးပြီး သေချာဂရုစိုက်ပေးမှာဆိုပေမဲ့ ကိုယ့်ယောက်ကျားက အရင်ဆုံး ကိုယ့်ကလေးလေး ဖြစ်ခဲ့တာလေ... ယောက်ကျားက နံပါတ် ၁ ပေါ့"
ငြိမ်းရဲ့ အဖြေကြောင့် So sweet မျက်နှာက ပြုံးမြသွားလိုက်တာများ ကောင်းကင်က တိမ်ဖြူဖြူတွေနှင့်အပြိုင် တောက်ပနေတော့သည်...
"အဟင်း... အဲ့ဒါဆို အစ်ကို အိမ်မြန်မြန်ပြန်တော့ဗျ... အစ်ကို့ယောက်ကျားက အစ်ကို့ကို နမ်းချင်လို့ အခန်းထဲမှာ စောင့်နေလောက်ပြီ... မြန်မြန်လေးနော်"
So sweet က ငြိမ်းကို မျက်စိတစ်ဖက်မှိတ်ပြသွားပြီး စက်ဘီးကိုခပ်သွက်သွက်နင်းထွက်သွားသည်...
သေချာပါသည် အိမ်ရောက်ရင် ငြိမ်း တော့ ဒီအဆိုးကောင်လေးကြောင့် အလုပ်ပျက်ရပြန်ပါဦးမည်...
ငြိမ်းရဲ့ အဆိုးလေးကို သူ့ထက်ပိုဆိုးသည့် အဆိုးကောင် သေးသေးလေး ပေါ်လာပြီး အနိုင်ကျင့်တာ မြင်ချင်လှပြီ...
မဝေးတော့တဲ့ အနာဂတ်မှာ ငြိမ်းတို့အိမ်ကြီးက ရယ်သံ အော်သံတွေနှင့် ဆူညံနေတော့မည်ထင်သည်...
...........................................................................
<3 DiDi Zaw
(15/01/2023)