"ပေါက်ပေါက်!! ဟယ် ကြည့်စမ်း ကြည့်စမ်း အမြှီးကိုနန့်ပြီး ဆတ်စလူးထနေတာပဲ... ဒီလာခဲ့... အခုချက်ချင်း အိမ်ထဲဝင်"
ခြံထဲမှ မမဟေမာရဲ့ အသံက အိမ်ပေါ်ထပ်ထိ ပျံ့လွင့်လာသဖြင့် အာကာ ဝရံတာသို့ ထွက်ကြည့်လိုက်သည်.... ပေါက်ပေါက်က ခြံတံခါးနားတွင် အမြှီးတနှံ့နှံ့နှင့် အပြင်ထွက်ချင်လို့ တအီအီလုပ်နေသည်...
"မမဟေမာ... ဘာဖြစ်လို့လဲ"
အာကာလှမ်းအော်မေးလိုက်တော့ မမဟေမာက ခြံပြင်ကိုလက်ညှိုးထိုးပြသည်...
"ဟိုမှာလေ သူ့ဘဲကြီး ပေါက်ပေါက်ကို လာချောင်းနေတာ... အဲ့ဒါမြင်သွားပြီး ဒီမှာ ဆတ်စလူးထနေတာ"
အာကာ ခြံအပြင်ကိုလှမ်းကြည့်လိုက်တော့ ခွေးအကြီး တစ်ကောင်က ခြံနားမှာ ရစ်သီရစ်သီလုပ်နေသဖြင့် အာကာမျက်ခုံးပင့်သွားရသည်... အာကာတို့ မျက်စောင်းထိုးအိမ်မှာလဲ ခွေးမလေးတွေရှိရဲ့သားနဲ့ ဒီကောင်က ပေါက်ပေါက်ဆီကိုပဲလာဖွန်ကြောင်နေသည်...
မမဟေမာပြောတာ တကယ်ပဲဟုတ်နေသလား အာကာတွေးတောရတော့သည်... အာကာနဲ့ အစ်ကိုတို့ ပေါက်ပေါက်ရှေ့မှာ ဘယ်နှစ်ခါများ ချစ်မိကြပါလိမ့်... ဟိုရက်ကတော့ အစ်ကိုက ပေါက်ပေါက်ကို ပွေ့ချီထားတုန်း ဇွတ်သွားနမ်းမိလိုက်သေးသည်...
"ပေါက်ပေါက်နော်... ဟိုရှေ့အိမ်က စော်လေးတွေကိုကျ စိတ်မဝင်စားဘူး ချေနေပြီး ဒီဘဲကြီးကျမှ ဆတ်စလူးနေတာ...မရဘူး အခုအိမ်ထဲဝင်"
မမဟေမာက ပေါက်ပေါက်ကို အတင်းပွေ့ချီပြီး အိမ်ထဲသို့ ခေါ်သွားတော့သည်...
အာကာ အခန်းထဲကထွက်လာတော့ အစ်ကိုက နှာခေါင်းလေးပိတ်ပြီး အိမ်ပေါ်ပြေးတက်လာသည်...
"ဟင်... ဘာလို့လဲ... အစ်ကို့"
"အောက်မှာ ဒူးရင်းသီးတွေ"
"အဟားဟား"
အစ်ကိုက နှာခေါင်းကို လက်ညှိုးလက်မနှင့် ညှပ်ဖိထားပြီး နှာသံလေးနှင့် ဖြေသဖြင့် အာကာရယ်လိုက်မိသည်... အာကာတို့တစ်အိမ်လုံး ဒူးရင်းသီး ကြိုက်သလောက် ငြိမ်းအေးအိမ်ကလေး နှင့် မမကေသာ က ဒူးရင်းသီး အနံ့ကို လုံးဝမခံနိုင်ကြပေ...
"ဒူးရင်းသီးတွေက ဘယ်ကရောက်လာတာလဲ"
"မင်း သူငယ်ချင်းတွေ ယူလာတာ"
အစ်ကိုက အခန်းထဲဝင်ရင်း နှာခေါင်းလေးရှုံ့ပြီးပြောသည်... အာကာက အစ်ကို့နောက်မှ ပြန်လိုက်ဝင်သွားလိုက်သည်...
"ရာဇာတို့ ရောက်နေတာလား... ဒီကောင်တွေ မော်လမြိုင်က ပြန်လာပြန်ပြီထင်တယ်"
"အလကား... အမေ့ကို ဖားချင်တာနဲ့ ဒူးရင်းသီးကြီးတွေ ယူယူလာတာ"
"အဟားဟား...ရွှတ်"
မျက်ခုံးလေးကျုံ့ပြီး ပြောနေသူကို အာကာက မချင့်မရဲဖက်နမ်းလိုက်မိသည်... ဝဇီရာကျော်နှင့် ရာဇာက ဟိုတစ်ခါ club မှာ ဖြစ်ခဲ့ကြသည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်ခင်ခင်မျိုးဆွေထံမှ လှိမ့်နေအောင် အဆူခံထားရပြီး အပိုးကျိုးနေကြသည်... အိမ်လာတိုင်း အမေကြိုက်တတ်သည့် ဒူးရင်းသီးတွေကို ယူယူလာပြီး မျက်နှာလုပ်နေကြခြင်း ဖြစ်သည်...
"သွားစားလေ...ပြီးရင် သေချာလက်တွေ ဆေးလာခဲ့"
"တော်ပြီ... မစားတော့ဘူး"
"စားပါ...မင်း အရမ်းကြိုက်တယ် မဟုတ်လား"
"ဒူရင်းသီးထက် ငြိမ်းအေးအိမ် ကို ပိုကြိုက်တယ်"
အစ်ကိုက အပိုတွေ ဟူသည့်သဘောနှင့် မျက်လုံးထောင့်ကပ်ကြည့်လာသဖြင့် အာကာအူယားသွားရသည်... မျက်စောင်းထိုးတာလဲ မဟုတ်ဘဲနဲ့ မျက်လုံးကိုထောင့်ကပ်ပြီး ကြည့်သည့်ပုံစံက ဂျစ်ကန်ကန် ကလေးတစ်ယောက်နှင့်တူသဖြင့် တစ်မျိုးလေး အမြင်ဆန်းနေရသည်... အနေတည်သော ကိုတည်ငြိမ်လေးကို အခုလို တစ်ခါတလေမှ ရှားရှားပါးပါး အပြုမူမျိုးတွေနှင့် မြင်ရတဲ့အခါ အာကာ့မှာ ဖမ်းယူပြီး သိမ်းထုပ်ထားချင်မိရသည်အထိ...
"အင့်!...ဘာလို့ လူကိုလာညှစ်နေတာလဲ အာကာကြည်ညွှန်း! မင်းဟာမင်း အောက်ထပ်သွားမယ်ဆိုသွားလေ"
"အသည်းယားအောင် လာလုပ်ပြနေတာကို"
"သွားတော့ လို့"
အစ်ကိုက အာကာ့ကို မောင်းထုတ်လိုက်သဖြင့် အောက်ဆင်းပြီး ရာဇာတို့ကို လာတွေ့ရသည်...
"ဟိတ်ကောင်တွေ ငါတို့အိမ်ကို သီရိမင်္ဂလာဈေးများ မှတ်နေလား... အားနေဒူးရင်းသီး လာသွင်းနေတာ"
"ပြီးရင် မင်းပဲ သေအောင်မျိုမှာမလား"
"တော်ပြီ ... မစားတော့ဘူး ... အစ်ကိုက မကြိုက်ဘူး"
"အေး ခုနက ကိုငြိမ်း နှာခေါင်းပိတ်ပြီး ထွက်ပြေးသွားတယ်... မမကေသာရော ... မရှိဘူး မဟုတ်လား... တော်သေးတယ် မဟုတ်ရင်ငါတို့ကို အသံပြဲကြီးနဲ့ အော်...."
"အား!!!!!! ဘာတွေလဲ!!! ဒူးရင်းသီးတွေ သယ်လာပြန်ပြီဟာ!!! ရာဇာ!!!!"
ရာဇာ ပြောလို့မှမဆုံးသေးခင် မမကေသာက အိမ်ထဲဝင်ပြီး အသဲပြဲကြီးနှင့် အော်တော့သည်... ဝဇီက နားကိုလက်နှစ်ဖက်နှင့်ပိတ်ထားပြီး ရာဇာက ဒူးရင်းသီးတွေကို အိတ်ထဲပြန်ကောက်ထည့်သည်...
"မမကေသာ မရှိဘူးထင်လို့.... အခု အိမ်နောက်ကို ယူသွားတော့မှာ... အာကာ လာသယ်ဦးလေ"
ရာဇာတို့က ဒူးရင်းသီးအိတ်တွေကို သယ်ပြီး အိမ်နေက်ကို ပြေးတော့ အာကာပါ လိုက်သယ်ပေးရတော့သည်... အာကာက ဒူးရင်းသီး တစ်လုံးကိုကောက်ပြီး မမကေသာ နှာခေါင်းနား လိုက်ကပ်ကာ စနေသဖြင့် အာခေါင်ခြစ်ပြီးအော်နေတော့သည်...
"အား!!! So sweet နော် ခေါင်းမူးတယ်လို့ !!! အမေ့!!!"
"သားလေးရေ... အမေ နားတွေညီးလို့ပါဟယ် သူ့ကိုသွားသွားမစပါနဲ့... ဟိုကလေး နှစ်ကောင် ငါ ဆူမှာကြောက်တာနဲ့ လာတိုင်းဝယ်ဝယ်လာနေတော့တာပဲ...မင်းတို့ အချိုးပြေရင် အန်တီက မဆူပါဘူးဟဲ့"
"မဟုတ်ပါဘူး အန်တီရ...စားရအောင်လို့ပါ...ဟဲဟဲ"
ရာဇာတို့က အိမ်မှာ နေ့လည်စာစားပြီးမှ ပြန်သွားကြသည်... ဒီနေ့ ဇေယျာက သင်တန်းချိန်တွေများသဖြင့် အိမ်လာမလည်နိုင်ပေ...
"အမေ့... ဒူးရင်းသီးနံ့ကြီးက အခုချိန်ထိ အိမ်ထဲမှာနံနေသေးတယ် ကေသာခေါင်းတွေမူးနေပြီ"
"သြော် ဒီကောင်မလေးကလဲ မရှိတော့ပါဘူးဟဲ့... ဟုတ်လား သားငြိမ်း... အနံ့ရနေသေးတာလား"
"အမေကလည်း... ကိုကြီးငြိမ်းကို မေးမှတော့ ဘာပြောမှာလဲ ကိုကြီးက မရတော့ပါဘူးပဲ ပြောမှာပေါ့လို့"
မမကေသာက က ထမင်းမစားခင်ကတည်းက ဒူးရင်းသီးကို ပြဿနာရှာလို့မပြီးတော့ပေ... အဖေကြီးက ရေနွေးသောက်ပြီး ခွက်ကို စားပွဲပေါ်ပြန်ချလိုက်ရင်း မမကေသာကို ပြောသည်...
"သမီး ကေသာ... ငါ့သမီးကို အဖေကြီး ပြောထားတယ်လေ အစားအသောက်ပဲ ဖြစ်ဖြစ် ဘယ်အရာပဲ ဖြစ်ဖြစ် သမီးမကြိုက်ပေမဲ့သူများတွေက ကြိုက်တယ်လေ သမီးရယ်... သမီး မကြိုက်လို့ရတယ်... မစားချင်ရင် မစားပဲနေလို့ရတယ်... ဒါပေမဲ့ အနံ့ကြီး နံတယ်တို့...မျက်နှာကို ရှုံ့မဲ့ပြတာတို့ ဆို လူတစ်ဖက်သားက ဘယ်စိတ်ကောင်းပါ့မလဲ သမီးရဲ့... ပြီးတော့ သူများကြိုက်တဲ့ အစားအသောက်တစ်ခုကို ကိုယ်က ရွံစရာလို လုပ်ပြပြောဆိုနေတာမျိုးက လောကနီတိနဲ့လဲ မညီဘူး ရိုင်းလဲ ရိုင်းတယ်လေ"
"ဟုတ်"
"သားငြိမ်းကိုကြည့်ပါလား... သူလည်း ဒူးရင်းသီးမကြိုက်ဘူး... အနံ့မခံနိုင်ဘူး... ဒါပေမဲ့ သူတစ်ခြားကိုပဲ ရှောင်ထွက်သွားတယ်... ဘာမှပြောမနေဘူး... ပြီးတော့ ဥပမာ သမီးတို့ပေါက်ကလေးကို တုန်နေအောင်ချစ်ကြတယ် မဟုတ်လား... ဟိုနေ့က လမ်းထိပ် ခွေးသွားကျောင်းတော့ အမျိုးသမီးတစ်ယောက်က ခွေးမချစ်လို့ ပေါက်ပေါက် သူ့အနားကပ်တာကို မောင်းထုတ်တယ်လေ... အဲ့ဒီတုန်းက သမီးပဲ ဒေါသတွေထွက်လာခဲ့တာမဟုတ်လား... အဲ့ဒီလိုပဲလေ ငါ့သမီးရဲ့...ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတစ်ခုကို သူများက ငြိုငြင်ပြီး တစ်ခုခုပြောတာမျိုးလုပ်ခံရရင် အနည်းနဲ့ အများတော့ စိတ်ထဲခံစားရတယ်မဟုတ်လား"
"ဟုတ် အဖေကြီး"
"ကျန်တဲ့ကလေးတွေရောပဲ အဖေကြီးက အကုန်လုံးကိုပြောတာနော်... ကိုယ်ဘယ်လောက်ပဲ မကြိုက်နေပါစေ သူများက မြတ်နိုးတန်ဖိုးထားတယ်ဆိုရင် ဘယ်တော့မှ သွားပုတ်လေလွင့်တွေမပြောရဘူး... ကိုယ့်ကို တိုက်ရိုက်မေးလာခဲ့ရင်တောင် ကျွန်မက ဒါလေးတော့ သိပ်ပြီး အကြိုက်မတွေ့လို့ပါ...ဥပမာ ဒူးရင်းသီးဆိုလည်း ဒီအနံ့လေးက ကျွန်မအတွက် နည်းနည်း အဆင်မပြေလို့ပါ...အဲ့လိုလေးတွေ ယဉ်ယဉ်ကျေးကျေး ပြန်ပြောတတ်ရတယ်...နံတယ် ဘာညာ မပြောရဘူး...ကိုယ်ကသာ မကြိုက်လို့နံတာ သူ့အတွက်ကျ မွှေးတယ်လေ"
"အဖေကြီး စင်ကာပူသွားတုန်းက meeting မှာ ဖိလစ်ပိုင်ကောင်မလေးတစ်ယောက်ပါလာတယ်.... China က ပြည်ကြီးတရုပ်တွေရဲ့ နာမည်တွေကို အဖေကြီးရော သူရောက သေချာအသံမထွက်တတ်ကြဘူး... အဖေကြီးကတော့ စိတ်တွေရှုပ်တာပေါ့ ဒီတရုပ်နာမည်တွေရှုပ်ကို ရှုပ်တယ်ပေါ့"
"အဲ့ဒီမှာ ဖိလစ်ပိုင် ကောင်မလေးက နာမည်ကိုနှစ်ခါ သုံးခါ ပြန်မေးရင်း ဘာပြောလိုက်လဲဆိုတော့...
Sorry! Your Language is Beautiful but it's make me a little bit confused. တဲ့..."
"ဘယ်လောက် သဘောကျစရာကောင်းလိုက်လဲ... သူများ ဘာသာစကားနဲ့ နာမည်ကို နားမလည်လို့ နှစ်ခါ သုံးခါပြန်မေးရတဲ့ အခါမှာ သူက စိတ်ရှုပ်ကြောင်း မျက်နှာအမူအရာတွေနဲ့ မပြဘူး... ဒါ့အပြင် အားနာစိတ်နဲ့ သူ ဒီလိုလေး ပြန်ပြောလိုက်တာ... မင်းတို့ဘာသာစကားက လှပပါတယ် ဒါပေမဲ့ ငါ့ကိုနည်းနည်းလေး ရှုပ်ထွေးသွားစေလို့ပါတဲ့... အဖေကြီးမှာ ကိုယ့်ထက်ငယ်တဲ့ ကလေးဆီက အမူအကျင့်လေးတွေ ပြန်ပြီး သင်ယူခဲ့ရသေးတယ်"
"အဖေကြီး သားသမီးတွေကိုလည်း အဖေကြီးက အဲ့ဒီလိုလေးဖြစ်စေချင်တာကွာ... နော် သမီး"
"ဟုတ်ကဲ့အဖေကြီး... ကေသာ နောက်အဲ့လို မပြောတော့ပါဘူး... ဒါပေမဲ့ နည်းနည်းလေး ကွန်ပလိန်းတက်လို့ရလားဟင် အဖေကြီး"
မမကေသာက အဖေကြီးနားက ခုံမှာသွားကပ်ထိုင်ပြီး အဖေကြီးလက်မောင်းကို မှီတွယ်လိုက်ရင်း ပြောသည်... အဖေကြီးက မမကေသာရဲ့ ခေါင်းကို လက်တစ်ဖက်နှင့် အုပ်ကိုင်လိုက်ပြီး...
"ပြောစေဗျား... အဖေကြီးတို့အိမ်က အလတ်မလေးရဲ့ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ရမဲ့ အချိန်ရောက်ပါပြီဗျား"
"အဖေကြီးကလည်း ကေသာက အကောင်းပြောမှာကို... အဖေကြီးပြောတာအားလုံး ကေသာလက်ခံပါတယ်... နားလဲထောင်မယ်... ဒါပေမဲ့ ကျန်တဲ့သူတွေကလည်း ဒီအိမ်မှာ ဒူးရင်းသီးမကြိုက်တာ ကေသာနဲ့ ကိုကြီးငြိမ်းနှစ်ယောက်ပဲ ရှိတယ်ဆိုပြီး ကေသာတို့ကိုကျ ထည့်မစဉ်းစားပဲဒူးရင်းသီးတွေကို စားချင်တဲ့နေရာအနှံ့မှာ ယူပြီး စားချင်သလိုစားကြတာကတော့ မဖြစ်သင့်ဘူးမဟုတ်လားလို့... လူအများနဲ့ နှစ်ယောက်ဆိုပြီး သက်သက်အနိုင်ကျင့်နေသလိုပဲကို... ပြီးတော့ So sweet ဆိုရင် ကေသာ့မျက်နှာနားကို ဒူးရင်းသီးတွေနဲ့ လိုက်ကပ်ပြီးတော့ စတာ"
"ဒါပေါ့...အဖေကြီးသမီး မှန်တယ်... ကျန်တဲ့သူတွေကလည်း အိမ်မှာ ဒူးရင်းသီးမကြိုက်တဲ့သူရှိရင် သူတို့အတွက် ထည့်စဉ်းစားပေးရမယ် အိမ်အနောက်မှာ ပဲဖြစ်ဖြစ် တစ်နေရာထဲမှာပဲစားကြ ပြီးရင် အနံ့တွေပျောက်အောင် သေချာဆေးကျောကြ....ဟုတ်ပြီလား... အမြဲတမ်း ကိုယ်အဆင်ပြေရင် ပြီးရော ကိုယ့်တစ်ဖို့တည်း မတွေးရဘူး"
"ဂျာနယ်ကျော် မမလေးရေးတဲ့ သူလိုလူဆိုတဲ့ စာအုပ်ဖတ်ဖူးကြတယ် မဟုတ်လား... သူ့အမျိုးသား ဂျာနယ်ကျော် ဦးချစ်မောင်အကြောင်း ရေးထားတာလေ ... ဦးချစ်မောင်ကြီးက သိပ်အားနာတတ်တဲ့လူ... တစ်ရက်တော့ ညဘက်ကြီး မုန့်လေပွေတွေလား ဘာတွေလားပဲ ဝယ်လာပြီး အိမ်ထဲမှာစားလို့ ကြွတ်ကြွတ်အသံမြည်ရင် အိမ်သားတွေနိုးကုန်မှာစိုးလို့ဆိုပြီး အိမ်နောက်ဖေးအမှောင်ထဲ တစ်ယောက်တည်း သွားထိုင်စားနေတာလေ...ဒါတောင် သူစားတာက အနံ့ပြင်းတဲ့ ဒူးရင်းသီးမဟုတ်သေးဘူး... လူတစ်ဖက်သားကို ထည့်စဉ်းစားပေးတဲ့ စိတ်ဓာတ်က အတော်လေးအတုယူစရာ ကောင်းတယ်"
"ပြီးတော့ So sweet ရောပဲ ငါ့သားက သူများမကြိုက်ဘူးဆိုရင် မစ ရဘူး... ကိုယ်ဆိုရင်ရော ကြိုက်လား အမြဲတမ်းကိုယ်နဲ့ယှဉ်ပြီးတွေးရမယ်"
"ဟုတ်ကဲ့ အဖေကြီး"
အဖေကြီးက ဆုံးမစကားပြောတော့ အားလုံးက ငြိမ်ပြီးနားထောင်နေကြသည်... ဒေါ်ခင်ခင်မျိုးဆွေကတော့ သူ့ယောက်ကျားစကားအောက် သူ့သားသမီးတွေ အခုလို ပြားပြားဝပ်နေပြီဆို မျက်နှာက ချိုမြပြီး သဘောကျလို့ မဆုံး ဖြစ်နေတော့သည်... ဒီအိမ်မှာ ဤကဲ့သို့ ဒူးရင်းသီးပြဿနာလည်း ဦးကြည်ညွှန်း ဝင်ပါမှ ပွဲပြီးရတော့၏...
"လေးမောင်... ဒီတစ်ခေါက် စင်ကာပူသွားရင် ဟေမာတို့ဖို့ ပုံတူကာရိုက်တာ အရုပ်သေးသေးလေးတွေ လုပ်ခဲ့ပေးပါလားဟင်... ဓာတ်ပုံပေးလိုက်ရင်ရတယ်"
"အေး...လုပ်ခဲ့ပေးမယ်...ညည်းတို့ အားလုံး ယူချင်တာလား"
"ကာရိုက်တာ လုပ်မယ်ဆို ကိုယ့်ရဲ့ ထူးခြားချက် Signature တစ်ခုခုပါမှ ပိုပီပြင်တာ"
မမနာနာရဲ့ အပြောကို မမဟေမာက စဉ်းစားပြီး ထောက်ခံသည်....
"အင်းနော် ဟေမာဆို Signature က ဘာရှိမလဲ"
အာကာက မမဟေမာကို စချင်လာသဖြင့် ဝင်ပြောလိုက်သည်...
"အာ မမဟေမာက ဒီလောက် အိမ်သန့်ရှင်းရေး လုပ်ရတာကြိုက်တာ လက်ထဲမှာ တံမျက်စည်းနဲ့ ဂေါ်ပြား ကိုင်ထားပေးလိုက်ပေါ့ဗျ...ပြီးရင် ဘေးမှာ ပေါက်ပေါက်ကို ထည့်ထားပေးလိုက်... ဒါဆို အရုပ်မြင်လိုက်တာနဲ့ မမဟေမာမှန်းအားလုံးက တန်းသိတယ်"
"အေး ဟုတ်တယ် အဟားဟား"
"ဟယ်... So sweet နော်"
"ဒါဆို မကြီးကရော"
"မကြီးကိုက လက်ထဲမှာ ပုဇွန်ကင်တွေ ဟမ်ဘာဂါတွေ စားစရာတွေ ကိုင်ထားပေးလိုက်"
"အဟားဟား... ဒါဆို နာနာကိုရော"
"မမနာနာကိုကျတော့ လွယ်အိတ်ထဲ စာအုပ်တွေထည့်လွယ်... ခေါင်းပေါ်မှာလဲ စာအုပ်တွေတင်ထားပေးလိုက်"
"ကေသာကျတော့ရော"
"မမကေသာက ... အင်း... မမကေသာကရော လေးမောင်... သူက ဆတ်စလူး နတ်ပူးဆိုတော့ ဘာထည့်ပေးရမှန်းမသိဘူး"
"အောင်မာ ငါ့ကိုများ"
အာကာ စဉ်းစားရကျပ်နေစဉ်မှာပဲ လေးမောင်က ရုပ်တည်ကြီးနှင့် ဝင်ပြောလာသည်...
"ဟ ဒီလောက်လွယ်တဲ့ ဟာကို... သူ့လွယ်တဲ့ အိတ်ထဲ ပြောင်းဖူးရိုးတွေ နားကျပ်ကြိုးထုံးကြီးတွေ... အမှိုက်တွေ ထည့်ပေးလိုက်ပေါ့ဟ... ၁ ဈေးရှေ့က အမှိုက်ပုံကြီးလိုလေ"
"လေးမောင်နော်!!!"
"ဘာလဲ... ညည်း မဟုတ်လို့လား"
"သူများတွေကျ လိုက်ပြောနေတယ်... So sweet ကျတော့ရော"
ဘယ်သူမှ ဘာမှမပြောခင်မှာပဲ အာကာက ထိုင်နေရမှ ဆတ်ခနဲထလိုက်ပြီး...
"So sweet တို့က ဘာမှထူးထူးခြားခြားမလိုဘူး... So sweet လက်ထဲမှာ ငြိမ်းအေးအိမ်ကို ဒီလိုပွေ့ချီထားတဲ့ပုံလေးသာ လုပ်လိုက်... အဲ့ဒါ So sweet ပဲ"
"အင့်! So sweet!"
အာကာက ပြောပြီး အစ်ကို့ကို ကောက်ပွေ့ကာ ထမင်းစားခန်းထဲမှ ထွက်လာခဲ့တော့ နောက်မှာ အော်သံတွေကြားရသည်...
"ဟဲ့! ဒီကောင်လေးဟာ"
"ဟိုကောင်...သားငြိမ်း ပြုတ်ကျနေဦးမယ်ကွာ"
အိမ်ရှေ့ရောက်တော့ လူကြီးတွေရှေ့မှာ အဲ့လိုတွေလုပ်ရပါမည်လားဟု ငြိမ်းအေးအိမ်လေးဆီမှ အဆူခံလိုက်ရသေးတော့သည်...
.............................................................................
ငြိမ်းတို့ အိမ်မှာ အားလုံးတိတ်ဆိတ်နေကြသည်... နန္ဒာ က လာမဲ့ စနေနေ့ဆိုရင် ကျောင်းသွားတက်ရတော့မည်... မိသားစုတွေ တစ်ခါမှ အကြာကြီးခွဲဖူးကြတာမဟုတ်တော့ စိတ်မကောင်းဖြစ်နေကြပုံရသည်... အားလုံးက ပုံမှန်ကြိုးစားပြီးနေနေကြပေမဲ့ ပုံမှန်မဟုတ်ကြမှန်း ငြိမ်းပင်ရိပ်မိရသည်...
မြေးတွေကိုချစ်သည့် အဖွားကလည်း ထမင်းပင် ကောင်းကောင်းမစားတော့သဖြင့် အမေကချော့ကျွေးနေရသည်... တစ်အိမ်လုံးမှာ အဆူညံဆုံးနှစ်ယောက်ဖြစ်သည့် So sweet နှင့် ကေသာပင် ထူးထူးဆန်းဆန်း တိတ်ဆိတ်နေသည်... So sweet က သူ့အစ်မ အခန်းထဲ အကြောင်းမရှိအကြောင်းရှာ ဝင်ထွက်ပြီး စကားသွားပြောနေတတ်သည်... ထုတ်မပြောပေမဲ့ ကြိုလွမ်းနေကြပြီထင်သည်...
ဒီကြားထဲ မကြီးရဲ့ ချစ်သူက နိုင်ငံခြားကပြန်လာရင် လက်ထပ်ပြီး အိမ်ခွဲနေချင်သည်ဟု တောင်းဆိုလာသဖြင့် အမေက မကျေမနပ်ဖြစ်နေတော့သည်...
"ဒီအိမ်ကြီးကို အကြီးကြီးဆောက်ထားတာ အလကား မဟုတ်ဘူး... မိသားစုတွေအကုန်နေလို့ရအောင်လို့"
"သူ့မေရယ် ကောင်လေးဘက်ကကြည့်မယ်ဆိုရင်လည်း သူယူမဲ့မိန်းကလေး အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ထားချင်မှာပေါ့ကွာ... ကိုယ်တွေတုန်းကလည်း ဒီလိုပဲ ခွဲနေခဲ့ကြတာပဲကို"
အဖေကြီးကတော့ တတ်နိုင်သလောက်နှစ်သိမ့်ပေးရှာပါသည်... ဒီရက်ပိုင်းကျမှ တိုက်တိုက်ဆိုင်ဆိုင် emotion တွေ များနေကြရသည်...
"ဇေယျာ လာတုန်း သရဲကားကြည့်ကြမလား"
ဒီတစ်ပါတ်ဇေယျာက သင်တန်းပိတ်သဖြင့် အိမ်မှာလာအိပ်သည်... ဒီကောင်လေးက အိမ်မှာပြောင်းလာနေပါလို့ အားလုံးကဝိုင်းခေါ်ထားကြသော်လည်း ခေါင်းမာစွာနှင့် ခေါ်လို့မရသေးပေ...
"အာ... သရဲကားမကြည့်ချင်ပါဘူး ကာတွန်းကားပဲကြည့်ကြမယ်...ဖယ်ပေး ဟေမာရွေးပေးမယ်...မမနာနာ ဘာကြည့်ချင်လဲ"
ဟေမာတို့ ကာတွန်းကားရွေးနေတုန်း ကျန်မောင်နှမတွေက ခေါင်းအုံးတွေစောင်တွေ ကိုယ်စီပိုက်ပြီး TV ရှေ့မှာနေရာလုကြသည်... ငြိမ်းကတော့ နံရံဖက်မှာကပ်ပြီး ချထားသည့် Dream bed ပေါ်မှာတက်ပြီးနေရာယူလိုက်သည်...
"အာ...မကြီး ကေသာက အဲကွန်းနဲ့ဝေးချင်တာလို့...ဒီနားမှလှဲမှာ...မကြီး ဟိုဘက်တိုး"
"မော်မော်က ဒီနေရာနော်... မမဟေမာနဲ့ စောင်တူတူခြုံမှာ... မကြီးအိဖြူက မကြည့်တော့ဘူးတဲ့"
"ဇေယျာ လာလေ... ဒီအလယ်မှာအိပ်"
"အ! မမကေသာ ကျွန်တော့်လက် ပိနေပြီ"
"ဒေါ်ကေသာကြည်ညွှန်း အရမ်းနေရာလုတာပဲ...ဟိုဘက်တိုးဦးလေ... ဒီမှာ ဇေယျာကျပ်နေပြီ"
ဇေယျာ့ဆီက အသံထွက်လာတော့ So sweet က ကေသာ့ကိုတွန်းပြီး မျက်နှာကို လက်နှစ်ဖက်နှင့် ညှစ်လိုက်သည်...
"အား!!! So sweet မင်း လက်ကသန့်ရော သန့်လို့လား ငါ့မျက်နှာကို မကိုင်နဲ့လို့ ...အလိုလိုမှ ဝက်ခြံတွေနဲ့ ညားနေလို့ပါဆို"
"မမကေသာ ငှက်ပျောသီးစားပါလား... ဝက်ခြံမပေါက်ဘူး"
"ဟုတ်လား... တကယ်လား... အမေ့!! ကေသာ့ကို ငှက်ပျောသီး ဝယ်ကျွေးပါဦး"
"ဟုတ်ရော ဟုတ်ရဲ့လား So sweet ရယ် ငါဖြင့်မကြားဖူးပါဘူး"
မကြီးက ဝင်မေးသဖြင့် So sweet က ရယ်လိုက်ပြီး...
"အင်းလေ မကြီးကလည်း ဘယ်မျောက်က ဝက်ခြံပေါက်လို့လဲ... မျောက်တွေ ဝက်ခြံပေါက်တာတွေ့ဖူးလို့လား"
"ဟယ်!!! So sweet နော်!!!"
"အဟားဟားဟား"
"ကဲဟယ် ... ပေါက်ကရပြောချင်ဦး"
"အား...အစ်ကို့ရေ"
အားလုံးက ဝိုင်းရယ်နေကြပြီး So sweet ကို ကေသာက ခေါင်းအုံးနှင့် ထုရိုက်နေသဖြင့် အော်ဟစ်ပြီး ငြိမ်းဆီရောက်လာသည်... So sweet က ငြိမ်းအိပ်နေသော Dream bed ပေါ်သို အတင်းပူးကပ်ကာ တက်လာပြီး ငြိမ်းကိုဖက်ကာ ခြေထောက်တွေနှင့်ပါခွထားသည်... ထိုစဉ် အမေက အိမ်ရှေ့သို့ရောက်လာပြီး ငြိမ်းတို့ကိုကြည့်ကာ...
"ကလေးတွေ ဘာကားကြည့်ကြမလို့လဲ သူ့ဖေကို ခေါ်လိုက်ဦးလေ...ညည်းတို့လေးမောင်ရော"
"လေးမောင်က မကြည့်ဘူးတဲ့"
"ဟယ် သားလေး So sweet... မင်းကိုယ်လုံးကြီးနဲ့ ဘယ့်နှယ် ငြိမ်းကို အတင်းညှစ်ထားရတာလဲ... သားငြိမ်းကလည်း ငြိမ်ခံနေတယ်ဟယ် အသံတစ်ချက်မထွက်ဘူး"
"အစ်ကို ချမ်းမှာစိုးလို့ ဖက်ထားပေးတာပါ အမေရဲ့"
"အမေ့ အဲ့ဒီနှစ်ယောက်ကို သွားပြောမနေနဲ့ လွှတ်ထားလိုက်"
"ရပြီ ရပြီ The Croods ကြည့်မယ်... အဖေကြီးရေ ကာတွန်းကားကြည့်မယ်!!"
"လာပါပြီဗျား"
အဖေကြီးနဲ့ အမေက နောက်က ဆိုဖာခုံရှည်ပေါ်မှာ နေရာယူလိုက်ကြပြီး ကျန်မောင်နှမတွေက ကြမ်းပြင်မှာ တန်းစီပြီး အိပ်ရင်းကြည့်ကြသည်...
နန္ဒာသွားရတော့မှာမလို့ မိသားစုဝင်တွေ ဝမ်းနည်းနေပါသည်ဆိုမှ ရွေးလိုက်သည့်ဇာတ်ကားကလည်း The Croods ဆိုတဲ့ လူရိုင်းမိသားစု ကာတွန်းကားလေး....
ဒီဇာတ်လမ်းလေးက မိသားစုတွေ ရဲ့ စည်းလုံးမှု တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်အားကိုးမှုတွေနဲ့ ၅၂၈ မေတ္တာတွေကို ဟာသလေးတွေနှောပြီး ဖော်ကျူးထားသည့် ဇာတ်လမ်းလေးဖြစ်သည်... အစပိုင်းမှာတော့ တခွိခွိနှင့် ခွီနေကြပြီး ဇာတ်လမ်းထဲမှာ မိသားစု အလှဓာတ်ပုံရိုက်ကြသည့် အခန်းလေးရောက်တော့ ဟေမာ့ထံမှ အင့်ခနဲ ရှိုက်သံလေးထွက်လာတော့သည်...
"ဟောတော်"
နန္ဒာက ဟေမာ့ကို ဆွဲဖက်ထားပြီး နှစ်သိမ့်ပေးသည်...
"အမလေး ငါ့ညီမလေးကတော့ ငိုပြန်ပြီကွာ"
ဒီတစ်ခါတော့ အမေပါ အနောက်မှာငိုနေသဖြင့် အဖေကြီးက နှစ်သိမ့်ပေးနေရတော့သည်...
So sweet ကလည်း ငြိမ်းကို တင်းကျပ်စွာ တိုးဖက်ထားပြီး ငြိမ်းရဲ့လည်တိုင်မှာ တိုးဝှေ့ကာဖြင့် မျက်နှာအပ်ထားသည်... ငြိမ်းရဲ့ သကြားလုံးလေးလဲ ဝမ်းနည်းနေပြီ...
အခုဖြစ်နေတာတွေကိုကြည့်ပြီး ငြိမ်းခေါင်းထဲမှာ အတွေးတစ်ခုပေါ်လာသည်... ဒီအိမ်ကြီးနှင့် ကြည်ညွှန်း Family ကြီးကို တိတ်ဆိတ်မသွားစေပဲ အမြဲလှုပ်လှုပ်ခတ်ခတ်ဖြစ်နေအာင် လုပ်ပေးမည့်သူတစ်ယောက်တော့ အမှန်တကယ်လိုအပ်နေပေပြီ...
ငြိမ်းက So sweet ခေါင်းကို ပွတ်ပေးပြီး နားနားကပ်ကာ တိုးတိုးပြောလိုက်သည်...
"So sweet... ကိုယ်တို့ ကလေးယူကြရအောင်"
"ဟင်"
ဟုတ်သည်.... ငြိမ်းချစ်ရတဲ့ သကြားလုံးကောင်လေးရဲ့ ကိုယ်ပွါးလေး အိမ်ရဲ့ ဆည်းလည်းလေးကို ငြိမ်းတို့ဘဝထဲခေါ်သွင်းဖို့ အချိန်ရောက်ခဲ့ပြီ...
...........................................................................
The Croods ကာတွန်းကားလေး
မိသားစု ဓာတ်ပုံရိုက်ကြတဲ့ အခန်းလေးက ရယ်ရပေမဲ့ မမဟေမာကတော့ ငိုသွားတယ်
ပေါက်ပေါက် အသည်းကွဲနေတာ
<3 DiDi Zaw
(12/01/2023)