"ဒီကောင်က တကယ် ဒေါက်တာ့အသိလား"
လုံခြုံရေးတစ်ယောက်ရဲ့အမေးကို
ရောင်နီ စဉ်းစားချိန်တောင်မပေးဘဲ ခပ်မြန်မြန် ခေါင်းညိတ်ပြမိလိုက်သည်။ သူခေါင်းညိတ်ပြတော့ အဲ့ဒီနေရာမှာ ရှိနေကြတဲ့ လူတွေအားလုံးရဲ့ အကြည့်နဲ့စကားသံတွေက ပိုပြီးနက်ရှိုင်းဆူညံလာခဲ့ကြ၏။ သူတို့စိတ်ထဲမှာ ဂျူတီကုတ်အဖြူရောင်ဝတ်ထားတဲ့ နတ်သားတစ်ပါးလို ပုဂ္ဂိုလ်မျိုးနဲ့ တီရှုပ်တစ်ပတ်နွမ်းနဲ့ ရှပ်အင်္ကျီညစ်နွမ်းနွမ်းကို ဒူးတိုဂျင်းအပြဲနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်က မည်သို့မည်ပုံ ဆက်စပ်မှုရှိနေသလဲ စဉ်းစား၍မရ။
အစောပိုင်းတုန်းက ရောဘတ်ဆိုးနဲ့
ကတောက်ကဆဖြစ်နေခဲ့တဲ့ လုံခြုံရေးတွေကလည်း ရောင်နီ့အပြုအမူကိုမြင်တော့ အံအားသင့်ကုန်ကြတာ ရောဘတ်ဆိုးတစ်ယောက် သူတို့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းအတွက် ရှူးရှူးရှားရှားဖြစ်နေကြရာမှ အနည်းငယ်မျှ ငြိမ်သက်တိတ်ဆိတ်သွားကြတော့၏။ ပန်ဒိုရာရဲ့လုပ်ငန်းခွင်က အထက်မှအောက်
အဆင့်အတန်း ခွဲခြားတတ်သည့် သဘောရှိသည့်အတွက် အောက်ခြေဝန်ထမ်းများက သည်ဆေးရုံကြီး၏ ဆရာဝန် တစ်ယောက်ကို စောဒကတက်ဖို့ကိုလည်း မဝံ့ရဲကြပေ။ ထို့ကြောင့် ရောင်နီက ထိုဂျစ်ကန်ကန်လူကို သိတယ်လည်းဆိုရော ဆေးရုံဝင်ပေါက်မှာ ပေတိပေကတ် ထိုင်နေသူကို အမြန်ဆုံး ဖယ်ပေးခိုင်းဖို့ကိုသာ တောင်းဆိုမိကြတော့သည်။
ရောဘတ်ဆိုးကတော့ ရောင်နီ
သူ့ကိုသိတယ်ပြောကတည်းက ထိုင်ရာက
မထတော့သည့်အပြင် လမ်းမပေါ် လက်နောက်ပြန်ပစ်လျက် ဒူးနှံ့နေပြီး ဆေးရုံထဲမဝင်ဖို့ တားမြစ်ခဲ့တဲ့ လုံခြုံရေးဝန်ထမ်းတွေကိုပါ "တွေ့တယ်မလား"ဆိုသည့် အပြုံးမျိုး မျက်နှာပေါ် တင်ဆောင်၍ မခံချိမခံသာဖြစ်အောင် ပြုမူနေခဲ့သေးသည်။
"ကျွန်တော်တို့က သူ ဒေါက်တာနဲ့သိတယ်ပြောတာကို လိမ်နေတယ်ထင်လို့ပါ။ ဒါပေမယ့် သူ့ကို ဒီကနေ မြန်မြန်ဖယ်ခိုင်းဖို့တော့လိုမယ်ခင်ဗျ။"
"အင်း...အင်း ဟုတ်တာပေါ့။
ကိုယ်လည်း တောင်းပန်တယ်နော်။ နောက်မှပဲ မင်းတို့ထိခိုက်ရတာတွေအတွက် ကိုယ်တစ်ခုခု ပြန်လုပ်ပေးပါ့မယ်။ ရောဘတ်ဆိုး မင်းပေကပ်မနေနဲ့ ထတော့..."
အဲ့ဒီခဏလေးအတွင်းမှာပဲ ရောင်နီလွင်ဦးတစ်ယောက် လုံခြုံရေးတွေကို စကားနဲ့တောင်းပန်ရ၊ ဆေးရုံရှေ့က ဝင်ဖို့စောင့်နေတဲ့ကားတွေကို ခါးညွှတ်ပြ၊ လက်ကာပြရင်း အပြုအမူနဲ့ တောင်းပန်ရ၊ ရောဘတ်ဆိုးကိုလည်း ဆွဲထူရနှင့် သူ့ရဲ့ ဂျူတီကုတ်အောက်မှာ ချွေးမရွှဲစဖူး ရွှဲရတော့သည်။
ရောင်နီ သူ့ဘဝမှာ လူရှေ့သူရှေ့ ယခုလိုမျိုး
တောင်းပန်ခယရင်း ပြဿနာရှာထားတဲ့ လူဆိုးကောင်ကိုပါ မရမက ဆွဲထူနေရတဲ့အဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ စိတ်ကူးထဲတောင် ထည့်မတွေးထားခဲ့မိ။
ဒါ့အပြင် ဒီဂျစ်တီးကောင်ကလည်း
ရောင်နီ့ဆွဲအထူကို စောင့်ပြီး သူ့ခန္ဓာကိုယ်ကို ပျော့ခွေထားခဲ့သေးတော့ လူတွေရဲ့ မျက်လုံးပေါင်း မြောက်မြားစွာရှေ့ကနေ ရောင်နီ့မှာ အတော်လေး ခက်ခက်ခဲခဲနဲ့ကို ရုန်းထွက်လာခဲ့ရတော့တာ....။
လူရှင်းတဲ့ ဆေးရုံဝန်းတစ်နေရာကို ရောက်မှပဲ သူ့လက်ဖဝါးထဲ ကျစ်ကျစ်ဆုပ်ကိုင်ဆွဲလာတဲ့
သန်သန်မာမာ လက်ကောက်ဝတ်ကို အရှိန်နဲ့
လွှတ်ချပစ်ပြီး နောက်ကလိုက်လာတဲ့ ပြဿနာကောင်ကို လှည့်ကြည့်မိရတော့သည်။ သူလှည့်ကြည့်တော့ ရောဘတ်ဆိုးက အမြင်ကတ်စရာအပြုံးတစ်ခုနဲ့ စောင့်ကြိုနေပြီး ထိုအပြုံးကြောင့် ထိန်းမနိုင်၊သိမ်းမရ မြန်ဆန်လာခဲ့တဲ့ သူ့ရင်ခုန်သံကိုလည်း ရောင်နီ မကျေနပ်မိ။
ဘယ့်နှယ် ဒေါသတကြီး ဆူပူပစ်ရမယ့်အချိန်မှာမှ ဒီရင်ခုန်သံတွေကြောင့် ထွက်လာတဲ့စကားသံကပါ မာန်မပါတော့ဘူးမလား။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ ဘတ်ဆိုး။
ဆေးရုံအထိ ဘာလို့ ပြဿနာလာရှာတာလဲ။
ပြုံးမနေနဲ့... ကိုယ် မင်းကို တကယ်စိတ်ပျက်သွားတာ သိလား"
"ကျုပ်ပြဿနာရှာတာမဟုတ်ဘူး။ ကျုပ်က
ခင်ဗျားနဲ့ တွေ့ချင်တယ်လို့ ပြောရုံလေးပဲ။ အဲ့ဒါကို
သူတို့က ကျုပ်ကို ခွေးမောင်းသလိုမောင်းလွှတ်တယ်လေ။ ခင်ဗျားပြောကြည့်ဦး ကျုပ်က ဒေါသမထွက်ဘဲနေရမှာလား"
ပြောရင်းဆိုရင်း လက်သီးလက်မောင်းတန်းပြီး တောက်တခတ်ခတ်ဖြစ်လာတဲ့အတွက် ရောင်နီလွင်ဦးကပဲ စိတ်လျှော့ဖို့ တောင်းဆိုရတော့သည်။ ရောဘတ်ဆိုး ပြောပုံအရဆို ထိုကောင်လေးနေရာမှာ သူဖြစ်ခဲ့ရင်လည်း ကိုယ့်ကို ခွေးသာသာ ဆက်ဆံတဲ့လူတွေကို ဒေါသထွက်မိမှာပဲလေ။ သူ ဖြည့်တွေးပေးနေမိသည်ဟု သူ့ကိုယ်သူ သတိထားမိမိချင်းမှာပဲ ရောင်နီ့စကားသံတို့မှာ တုန်ရီသံတချို့ ရောစွက်လာခဲ့ပြီး "ခင်ဗျားနဲ့ တွေ့ချင်တယ်"ဆိုတဲ့စကားကလည်း သူဖြစ်ခဲ့သမျှ ဒေါသတွေအားလုံးကို ကျေနပ်ပျော်ရွှင်စိတ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
"အင်း... အဲ့...အဲ့တော့ ကိုယ့်ကို
တွေ့ချင်တယ်ဆိုတာ ဘာကိစ္စလဲ"
"ခင်ဗျား အချိန်ရရဲ့လား"
မေးလိုက်တော့မှ သူနဲ့ ဆွေးနွေးလက်စ
လူနာတစ်ယောက် ရှိနေသေးတာကို ရောင်နီ သတိရသွားတော့သည်။ စောင့်နေဖို့ ပြောထားခဲ့တော့ ဒီထက်ကြာနေလျှင် မျက်နှာပျက်စရာတွေ ဖြစ်ကုန်လိမ့်မည်။ ဒီလိုဆိုပြီး ရောဘတ်ဆိုးကိုလည်း သူ နှင်လွှတ်မပစ်နိုင်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ဖို့က ရောင်နီ့အတွက် ထင်သလောက် မခက်ခဲသော်လည်း ဖြစ်ပါ့မလားဆိုသည့် စိုးရိမ်စိတ်လေးကလည်း သူ့မှာရှိနေသေးသည်။
ဒီဆေးရုံဝန်းထဲမှာ ရောဘတ်ဆိုးကို တစ်ယောက်တည်း ထားပစ်ခဲ့ဖို့ စိတ်မချဖြစ်နေမိသည့် ကိုယ့်ကိုယ်ကိုယ်လည်း အစိုးရိမ်လွန်တတ်ရန်ကောလို့ ရောင်နီသတ်မှတ်မိပေမယ့် ရောဘတ်ဆိုးတစ်ယောက် ပြဿနာထပ်ရှာဦးမှာကိုလည်း ကြိုမတွေးထားလို့မရ။
"မင်း စိတ်ရှည်တယ်မလား။ မရှည်လည်း...
ကိုယ့်ကို ဒီမှာ ခဏတော့စောင့်နေပေး။ ဘာပြဿနာမှ မရှာဘဲနဲ့..."
ဘာလို့မှန်းမသိ စုတ်သတ်သံကို
ကြားလိုက်ရတော့ ရောင်နီ့မှာ အထိတ်ထိတ်အပျာပျာနှင့်...။ ပြဿနာရှာတာက ဒီဂျစ်တူးကောင်လေးပေမယ့် သူကပဲ တောင်းပန်ခယနေရသည်။
"နော်...ကိုယ်ခဏပဲကြာမှာပါ။ ပြီးတာနဲ့
တစ်နေရာမှာ စကားသွားပြောကြမယ်"
ဘယ်ကသတ္တိတွေနဲ့များ...
သူ့မေးစေ့နဲ့တစ်တန်းတည်း မြင့်မားနေတဲ့
ပခုံးတစ်ဖက်ပေါ် လက်တင်ပြီး ညင်ညင်သာသာလေး ပြောနေမိမှန်းမသိ။ မော့ကြည့်ရာမှတဆင့် ဆုံဆည်းသွားခဲ့တဲ့ အကြည့်တွေက တစ်ဖက်ဖက်ကနေ မျက်နှာလွှဲမသွားမချင်း တည်မြဲနေကြပြီး ရောဘတ်ဆိုးက "ကျွန်တော် ပြဿနာမရှာပါဘူး"လို့ ခပ်တိုးတိုး ရေရွတ်လိုက်တော့မှ ရောင်နီ ချောင်းဟန့်ရင်း လက်ပြန်ရုတ်မိရသည်။
ဒီကောင်လေးသာ အခုလို
ယဉ်ယဉ်ကျေးကျေးလေးပဲ တစ်ချိန်လုံး
ပြောနေမယ်ဆို ရောင်နီ ရောဘတ်ဆိုးနဲ့
ဒီထက်ပိုနီးစပ်ဖို့ ကြိုးစားမိမလား။ ရိုင်းစိုင်းတဲ့ အပြုအမူတွေကိုပဲ မြင်ထားခဲ့တာတောင်မှ သူ့နှလုံးသားက ဒီအဆိုးအပေလေးကို မုန်းမှမမုန်းနိုင်ခဲ့ဘဲလေ။
"ကိုယ်ပြန်လာခဲ့မယ်"
သူ ဒီလိုပြောပြီး ထွက်သွားတော့
ရောဘတ်ဆိုးက ရောင်နီ ထားခဲ့တဲ့နေရာမှာပဲ
အဝေးကို တလွင့်လွင့် ပြေးထွက်သွားတဲ့ ဂျူတီကုတ် အဖြူရောင်လေးကို ငေးမောကျန်ရစ်ခဲ့သည်။ ရောင်နီ့မှာလည်း စိတ်ကမဖြောင့်။ မမြင်ရတော့တဲ့ အနေအထားထိ ရောက်ကာမှ လှည့်ကြည့်လှည့်ကြည့် လုပ်နေမိတာကိုရပ်လိုက်ပြီး ဆေးရုံထဲရောက်တော့ ဖြူစင်သန့်က သူ့ကို ကြိုစောင့်နေသည်။
ဆေးရုံဝင်ပေါက်ရှေ့က မြင်ကွင်းတွေကို
သူမရော မြင်သွားသေးလား မသေချာသော်လည်း စူးစမ်းသလိုဖြစ်နေတဲ့ မျက်လုံးအကြည့်တို့ကြောင့်
ဒီသတင်း ခင်ယွန်းသက်ဆီ ရောက်တော့မှာဖြစ်ကြောင်း ရောင်နီသိလိုက်၏။ "မပြောပါနဲ့"လို့ ကြိုပိတ်ရအောင်လည်း သူတို့သူငယ်ချင်းအချင်းချင်း ပြောဆိုတာတွေက ရောင်နီနဲ့ ဘာမှ မသက်ဆိုင်။ တစ်ဖက်က ဆိုင်တယ်ဆိုပြီး လာရစ်တာတွေကိုသာ သူ သည်းမခံလိုခြင်းဖြစ်သည်။
"ဒီတစ်ယောက်ပြီးရင် ထပ်ကြည့်စရာမရှိတော့ဘူးမလား"
"တစ်ယောက်တော့ ကျန်သေးတယ် ဒေါက်တာ"
"အာ...ဟုတ်လား။ ကျွန်တော်က မကျန်တော့ဘူးထင်နေတာ"
"ဒေါက်တာ ဘာလုပ်ချင်လို့လဲဟင်။
ဖြူ...လွှဲပေးလို့ရမယ့်ဆရာဝန်ကို တစ်ချက်ရှာကြည့်ပေးရမလား"
"ရတယ် ဖြူ... နေပါစေတော့။
အဲ့လိုကျ မကောင်းဘူးလေ။ ကျွန်တော်ပဲ ကြည့်ပေးသွားတော့မယ်"
နာရီတကြည့်ကြည့်လုပ်ရင်း အလျင်စလို ပြေးထွက်သွားပြန်တဲ့ ရောင်နီလွင်ဦး။ သူနဲ့
ပတ်သက်တဲ့ တီးတိုးစကားသံတွေက ဖြူစင်သန့် ကျန်ရစ်ခဲ့တဲ့ ပတ်ဝန်းကျင်မှာ ထပ်မံပေါ်ထွက်လာကြပြီး
ထို အကြောင်းအရာတွေက တဆင့်စကားတဆင့်နားနှင့် ပန်ဒိုရာဆေးရုံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ဒေါက်တာရောင်နီလွင်ဦးဆိုတာ ဆေးရုံအုပ်ကြီးကိုယ်တိုင်က ပစားပေးထားတဲ့ဆရာဝန်၊ သိပ်မကြာခင်ကာလအတွင်း ဆွေမျိုးတော်စပ်ကြရဦးမည့် ပတ်သက်မှုမျိုးပါရှိနေသည် ဆိုတော့လည်း ရဲရဲပြောရဲကြသည်တော့မဟုတ်...။
ဒီကနေ့ ဖြစ်ပျက်သွားတဲ့ အရုပ်ဆိုးမှုမှာ
အပြင်လူတစ်ယောက်က ပန်ဒိုရာက ဆရာဝန်ကို လာရှာတာထားတော့...။ လုံခြုံရေးတွေက
ဝင်ခွင့်မပြုလို့ အော်ကြီးဟစ်ကျယ်ဖြစ်ကြတဲ့အပြင် လက်တွေပါ,ပါခဲ့ကြသည်က တစ်ကြောင်း၊ ဆေးရုံကိုလာတဲ့ ကားတွေ ဝန်းထဲဝင်မရအောင် လမ်းပိတ်ထားသည်က တစ်ကြောင်းကြောင့် အခါတိုင်း ဆေးရုံမှာကြားရသမျှ အတင်းအဖျင်းသတင်းတွေကို မသိချင်ယောင်ဆောင်ထားတဲ့ ဆေးရုံအုပ်ကြီးသည်ပါ ရောင်နီလွင်ဦးအပါအဝင် သူ့ဆေးရုံရှေ့ လာသောင်းကျန်းတဲ့ကောင်လေးကို အာရုံစိုက်မိသွားပြီဖြစ်သည်။
ရောင်နီကတော့ သူ့အလုပ်တွေကို မြန်မြန်ပြီးအောင်သာ အာရုံစိုက်ထားသဖြင့် နောက်ဆက်တွဲဖြစ်လာမယ့် အကြောင်းတရားတို့ကို မစဉ်းစားကြည့်မိသေး....။ ဒီမတိုင်ခင်တုန်းက "ဆရာဝန်ကြီးက လာခေါ်ခိုင်းလို့"ဆိုတဲ့ ဖြူစင်သန့်စကားကိုပါ သူမေ့သွားခဲ့ပြီး သူ့ကိုစောင့်နေတဲ့ ရောဘတ်ဆိုးဆီ မြန်မြန်ရောက်သွားနိုင်ဖို့ကိုသာ စိတ်လောနေခဲ့သည်။ ပုံမှန်ဆို လူနာအားလုံးကြည့်ပြီးတဲ့အခါ မပြန်ခင် ဂျူတီချိန်းသွားရမှာဖြစ်ပေမယ့် ဒီတစ်ခေါက်တော့ ရောင်နီ မည်သူ့ကိုမှ အသိမပေးမိ။ ဆေးရုံအုပ်ကြီး လာခေါ်ခိုင်းချိန်ကျတော့ ရောင်နီက ပြန်သွားခဲ့ပြီဖြစ်သည်။
ပြဿနာက ပြီးခဲ့ပြီဖြစ်သော်လည်း
ပြဿနာရဲ့အရင်းအမြစ်ကို ဖြေရှင်းစေချင်နေသူတို့ကတော့ နောက်ရက်အထိ ထပ်စောင့်လိုက်ဖို့သာ ဆုံးဖြတ်ကြသည်။ ဘာကိုမှ အလေးအနက်ကြီး မတွေးမိသေးတဲ့ ရောင်နီကသာ သူဖြေရှင်းရမယ့် နောက်ဆက်တွဲအကျိုးဆက်အစား သူထားခဲ့တဲ့နေရာမှာ ရောဘတ်ဆိုးမရှိတော့၍ တစ်နေရာရာမှာ ပြဿနာဖြစ်နေပြန်ပြီလားအတွေးနှင့် ထိုကောင်လေးကို ပန်ဒိုရာဆေးရုံဝန်းအနှံ့လိုက်ရှာပြီး မတွေ့တော့သည့်အဆုံး လက်လျှော့ပြီးထွက်လာတော့မှ အပြင်ဘက်လမ်းမကြီးဘေး ငုတ်တုတ်လေးထိုင်နေသူကို သွားတွေ့၏။
သူ ဟွန်းတီးလိုက်တော့ ဆောင့်ကြောင့်ထိုင်နေသူက
ဆတ်ခနဲမော့ကြည့်လာကာ သူ့ကိုမြင်တော့ ချက်ချင်း မတ်တပ်ရပ်ပြီး လွယ်အိတ်နီကိုပြင်လွယ်သည်။ လက်ညှိုး၊လက်မကြားမှာတော့ ထုံးစံအတိုင်း စီးကရက်တစ်လိပ်နဲ့...။
"ဘာလို့ အပြင်ထွက်လာတာလဲ။
အထဲမှာစောင့်နေဖို့ ပြောထားရက်နဲ့။
ကိုယ် မင်းကို... ထားပါတော့ကွာ လာ...ကားပေါ်တက်"
"တော်တော်ရှာလိုက်ရတယ်"ဆိုတဲ့
စကားကိုတော့ ရောင်နီ ထိန်ချန်ထားဖြစ်ခဲ့သည်။ စီးကရက်ဖင်စီခံကို မြေကြီးပေါ်ပစ်ချ၊ ဖိနပ်နဲ့
ဖိနင်းပစ်တာကို အဆုံးထိ ငေးကြည့်ရင်း သူ့ကားနားကို ရောဘတ်ဆိုးလျှောက်လာတဲ့အချိန်ကျတော့လည်း ရောင်နီ့မှာ မနေနိုင်၊မထိုင်နိုင် ဖောက်လက်စ မာဘိုရိုတစ်ဘူးနဲ့ မီးခြစ်နီနီတစ်လုံး ကြိုထုတ်ထားပေးမိပြန်ရော။
"သောက်ချင် ယူသောက်"လို့
ပြောလိုက်ပေမယ့် စီးကရက်မီးခိုးငွေ့တွေ အညိုရောင်အနားသတ်နှုတ်ခမ်းအဝက ထွက်လာတာကိုလည်း ရောင်နီမမြင်ချင်...။
သို့ပေမယ့် ယောက်ျားလေးတွေကြားက နီးစပ်မှုက နှစ်သက်တဲ့အရာလေးတွေကို ဖလှယ်မျှဝေကြရင်းမှ
ရင်းနှီးမှု ပိုတိုးလာတတ်တော့ သူ ထိုနည်းလမ်းကိုပဲ အသုံးချဖြစ်ခဲ့ခြင်းဖြစ်သည်။
စီးကရက်ဘူးကိုတွေ့ပြီး မျက်လုံးလေးတွေ
လက်သွားတာကို မြင်ရတဲ့အခါ သူ့နှလုံးသားကလည်း မဆီမဆိုင် ပျော်ရတတ်လို့လေ။ မကောင်းတဲ့အရာကို အားပေးသလို ဖြစ်နေပေမယ့် ပိုရင်းနှီးသွားတဲ့တစ်နေ့ကျရင် "ဆေးလိပ်သောက်တာမကောင်းဘူး"ဆိုတဲ့ သူ့ဆန္ဒကို ပြောပြပါဦးမည်လို့လည်း ရောင်နီတေးထားလိုက်သည်။
"ညနေစာသွားစားရင်းနဲ့ ပြောမယ်နော်"
နှစ်နာရီနီးနီးလောက် စောင့်ခဲ့ရပေမယ့်
"ကြာတယ်"လို့ တစ်ခွန်းမှ မညည်းသူက
စီးကရက်ဘူးလိုက် ချပေးထားတဲ့ မျက်နှာကို ထောက်လို့ပဲလား...။ စီးကရက်ငွေ့တွေ ပြတင်းပေါက်က လွင့်မြောသွားတာကို စိတ်ဝင်တစားငေးရင်း လိမ္မော်နီတွေ ဆေးစက်ကျထားတဲ့ ညနေခင်းထဲ ရောင်နီနဲ့အတူ ရှိနေရတာကို အသားကျသလို သီချင်းလေးပင် ခပ်တိုးတိုး ညည်းနေခဲ့သေးသည်။ တီးလုံးကိုသာ ညည်းနေခြင်း ဖြစ်တဲ့အတွက် ဘာသီချင်းလဲဆိုတာ ရောင်နီမသိရ။
မနေနိုင်တဲ့အဆုံး မေးမိတော့...
"ဒီလိုပါပဲ လျှောက်ဆိုနေတာ"လို့ ပြန်ဖြေလာသူ။
"ခင်ဗျား စောက်ပူပါလား
အပြောခံရမယ်ထင်တာ"
ရောင်နီ ရယ်သံသဲ့သဲ့နဲ့ ရေရွတ်မိတော့
ရောဘတ်ဆိုးက သူ့ဘေးကလူကို ပြန်လှည့်ငေးလာသည်။ လမ်းဆုံလမ်းခွဖြစ်လို့ ဘေးဘယ်ညာအာရုံစိုက်နေရသူဟာ သူ့နှုတ်ခမ်းထောင့်က အပြုံးကိုမမြင်။ စတီယာရင်ကို ထိတယ်ဆိုရုံလေး ထိန်းချုပ်ထားတဲ့ လက်ချောင်း ဖြူသွယ်တွေ၊ ဆည်းဆာရောင်ဟပ်တဲ့ ဘေးတစောင်း မြင်ကွင်းက နူးညံ့တဲ့အနားသတ်နဲ့ ခပ်ပြေပြေ မျဉ်းလိုင်းတို့ကြောင့် ငေးကြည့်ရသူရင်ထဲ ပြည့်စုံလွန်းနေတာ...ထိုလူသိနိုင်ရဲ့လား...။
အမှတ်တမဲ့ငေးမိခြင်းမှစ၍
ရှည်ကြာနေသော အာရုံစိုက်မှုတို့ဟာ ထိုအမျိုးသား လှည့်ကြည့်လာသည်အထိပင် မပျက်မယွင်း...။
ဖျတ်ခနဲ လမ်းလွဲသွားတဲ့
မျက်ဆံနက်နက်လေးနောက် ခပ်သဲ့သဲ့ထွက်လာတဲ့ ချောင်းဟန့်သံ။
သူနှုတ်ခမ်းထောင့်က အပြုံးကရော
ဘယ်လောက်ထိများ ကြာရှည်နေဦးမှာလဲ။
သူထပ်စောင့်နေမိပေမယ့် နာမည်လှလှနဲ့
အမျိုးသားကတော့ သူ့ဘက်ကို ထပ်လှည့်မလာတော့ဘူး။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
See you!!!
Feedbackတွေ ဖတ်ချင်ပါတယ်နော်။ မဖတ်ချင်ဘူးလို့များ ထင်ကြသလား🙄
Love you all💗
Han_Me
(4.1.2023)