ငြိမ်းတို့ အိမ်ပြန်ရောက်တော့ အားလုံးဧည့်ခန်းမှာ စုထိုင်နေကြသည်... ငြိမ်းနဲ့ ကေသာက အိမ်ထဲဝင်လိုက်တော့ လေးမောင်က မျက်မှောင်ကျုံ့ကာ ငြိမ်းတို့နှစ်ယောက်ကို ကြည့်လာသည်...
"လာပါ လာပါ ဆားပုလင်းနှင်းမောင်နဲ့ အိုင်ပီအောင်သင်း"
"လေးမောင်က ကေသာတို့ကို ဘယ်လိုတွေ့သွားတာလဲ"
"အောင်မာ...သူတို့ကိုယ်သူတို့ ဟုတ်လှပြီထင်နေတာ... ညည်း စားသောက်ဆိုင်ထဲက ထွက်ပြေးသွားကတည်းက ငါကမြင်လိုက်ပြီးသား... ပြီးတော့ အဝင်ဂိတ်မှာ အောင်စိုးက ဆေးလိပ်သောက်နေတာကို မမြင်ဘူး ကားကိုမောင်းပြေးကြတာ"
"အဲ"
"အင်းတွေ အဲ တွေလုပ်မနေကြနဲ့ လာ ထိုင်ကြ... လူစုံရင် သိချင်တာတွေပြောပြမယ်... ဘယ်နှယ့်ဗျာ လူကြီးတွေက ပြောအောင် မစောင့်ဘူး စုံထောက်တွေ လိုက်လုပ်ကြတာ"
လေးမောင်က ဆူတော့ ငြိမ်းတို့ ကုတ်နေရသည်... So sweet က ခုချိန်ထိ ဘာမှနားမလည်တဲ့ မျက်နှာလေးနှင့်လိုက်ကြည့်နေသည်...
ငြိမ်းက So sweet နားမှာဝင်ထိုင်လိုက်ပြီး So sweet လက်ကိုဆွဲယူဆုပ်ကိုင်ထားလိုက်သည်...
"အစ်ကို့ ... ဘာဖြစ်လာတာလဲ... လက်တွေအေးနေတယ်"
So sweet က ငြိမ်းကိုကပ်ပြီး မေးနေသဖြင့် ခေါင်းကို အသာရမ်းပြလိုက်သည်...
"ကဲကဲ... လူစုံပြီဆို အမေတို့ အသိပေးပြောပြစရာရှိတယ်"
အားလုံးက ငြိမ်သွားကြပြီး စိတ်လှုပ်ရှားစွာဖြင့် အမေ့ဆီကို အာရုံစိုက်လိုက်ကြသည်... အားလုံးရဲ့ မျက်နှာတွေမှာ စိုးထိပ်မှုကိုယ်စီနှင့် ဖြစ်နေကြပြီး So sweet တစ်ယောက်သာ ဘာမှနားမလည်သည့်ရုပ်လေး ဖြစ်နေသည်...
"အမေတို့ သားသမီးတွေ အကုန်လုံးက ခေတ်ပညာတတ်တွေချည်းပဲဆိုတော့"
"အမေ့!! ခဏ...ခဏလေး"
ကေသာက ရုတ်တရက်ကြီး အမေ့ကို ဝင်တားလိုက်သဖြင့် အားလုံးက ကေသာ့ဆီ အကြည့်ရောက်ကြရပြန်သည်... ကေသာက So sweet ဘေးနားသို့ရောက်လာပြီး So sweet မျက်နှာကို လက်နှစ်ဖက်နှင့် ညှပ်ကိုင်လိုက်သည်... So sweet က မျက်လုံးပြူးလေးနှင့် သူ့အစ်မကိုကြည့်ပြီး ထူးဆန်းနေသည်...
"So sweet... မောင်လေး... ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါတို့မောင်လေးပဲ သိလား... မင်းက ဒီအိမ်က ကလေးပဲ... ငါတို့အကုန်လုံးက မင်းကိုအရမ်းချစ်တယ်... ကြားလား... မင်း အဲ့ဒါကို ခေါင်းထဲမှာ သေချာမှတ်ထား"
"မမကေသာ ဘာတွေပြောနေတာလဲ"
ဟေမာ့ဆီမှ အင့် ခနဲ ရှိုက်သံတစ်ချက်ထွက်လာပြီး ငြိမ်းရင်ထဲမှာလည်း တစ်လှပ်လှပ်နှင့် ဖြစ်နေရသည်...
"အမေ့!!"
so sweet က အမေ့ကို နားမလည်စွာနှင့် လှမ်းခေါ်သည်...
"ကဲ ကေသာရယ် လူကြီးတွေပြောတာ အရင်နားထောင်ပါဦး... မီးလေးက ဘာလို့ငိုနေရတာလဲ... သူ့ဖေ ပြောပြလိုက် ရှင့်သမီးတွေ ဇာတ်လမ်းတွေရိုက်နေကြပြီ တကယ်ပဲ"
"ငါ့သမီးတွေကတော့ကွာ.... အဖေကြီးပြောပြမယ်... ဒါပေမဲ့ မပြောခင်မှာ အဖေကြီးက အဖေကြီးသားသမီးတွေအကုန်လုံးရဲ့ စိတ်ထားလေးတွေကို အပြည့်အဝ ယုံကြည်မှုရှိပြီးသားမို့ အခုပြောမဲ့ အကြောင်းအရာတွေကို စိုးရိမ်တာတွေ ဘာတွေ နည်းနည်းလေးမှ မဖြစ်ဘဲ စိတ်သန့်သန့်နဲ့ပြောပြမယ်... ဟုတ်ပြီလား"
"ဟုတ် အဖေကြီး"
"ဒီလိုကွ... လွန်ခဲ့တဲ့ ၁၉ နှစ်လောက်ကပေါ့... အဖေကြီးမှာ သူငယ်ချင်း ဆရာဝန်တစ်ယောက်ရှိတယ်... နာမည်က ကိုမိုးဆွေတဲ့"
ငြိမ်း ရင်တွေ တစ်ဒုတ်ဒုတ်နှင့် ခုန်နေပြီး So sweet လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားမိသည်... ကျန်တဲ့ မောင်နှစ်မတွေအကုန်လုံးကလည်း ငြိမ်ကုတ်နေကြပြီး သားပေါက်လေးပင် ဟေမာ့ခြေထောက်နားမှာ ငြိမ်ငြိမ်လေးခွေနေသည်...
"ကိုမိုးဆွေတို့ လင်မယားက အိမ်ထောင်ကျတာ နှစ်တွေကြာနေပေမဲ့ သားသမီးမထွန်းကားကြဘူး... အဖေကြီးတို့ မိသားစုကြီးကိုကြည့်ပြီး အရမ်းအားကျနေခဲ့ကြတာ... ကိုမိုးဆွေက အဖေကြီးကိုလည်း တော်တော်လေးကို လေးစားချစ်ခင်တယ်... အဲ့ဒါ အဖေကြီးတို့ So sweet ကိုမွေးပြီး တစ်နှစ်လောက်ကြာတော့..."
"ဟင်! ဒါဆို So sweet ကို အမေက မွေးခဲ့တာလား"
မကြီးက အဖေကြီးရဲ့ စကားကိုဖြတ်ပြီး စိတ်လှုပ်ရှားစွာနှင့် မေးသည်...
"မကြီးကလည်း သားကို အမေက မမွေးလို့ ဘယ်သူကမွေးရမှာလဲလို့ !"
"သြော် နားထောင်ပါဦး မီးကြီးရယ်"
"အင်း...အဲ့ဒီတုန်းက ကိုမိုးဆွေက ဆရာဝန်ဆိုတော့ သူတို့မိသားစုအတွက် ဖန်ပြွန်သန္ဓေသားအကြောင်းကို လေ့လာနေပြီး တိုက်တိုက်ဆိုင်ဆိုင် US က Medical Team တစ်ခုက ဖန်ပြွန်သန္ဓေသားနဲ့ပတ်သက်ပြီး Knowledge sharing လာလုပ်ကြတယ်... အဲ့ဒီအချိန်မှာ ကိုမိုးဆွေက အဖေကြီးဆီကနေ သူ့မိသားစုအတွက် မျိုးဥ အလှူခံခဲ့တယ်"
"ဟင်"
မောင်နှမတွေ အားလုံးထံမှ အာမေဋိတ်သံတွေ ထွက်လာကြသည်.... အဖေကြီးဆီက ဒီစကားကို ကြားလိုက်ရချိန်မှာ ငြိမ်းမျက်လုံးတွေကိုတောင် မှိတ်ချလိုက်မိသည်... တော်သေးတာပေါ့... တကယ်ကိုမှတော်သေးလို့ပေါ့...
"အဲ့ဒီတုန်းက သူ့မေကလည်း ကိုမိုးဆွေတို့လင်မယားကို သနားကိုယ်ချင်းစာပြီး မိသားစုဘဝလေး ရစေချင်တာနဲ့ အဖေကြီးကို လှူပေးလိုက်ဖို့ တိုက်တွန်းခဲ့တယ်"
အဖေကြီးရဲ့ အပြောကို အဖွားက ဝင်၍ခေါင်းညိတ်ထောက်ခံသည်...
"ဟုတ်တယ်... မိုးဆွေတို့က တကယ်ကိုပြင်းပြင်းပြပြ စိတ်အားထက်သန်နေခဲ့တာ... ပြီးတော့ သူတို့က စာချုပ်စာတမ်းနဲ့ ရှေ့နေတွေနဲ့ အလှူခံခဲ့တာ... ဒီ လှူဒါန်းမှုက စေတနာသန့်သန့် လှူဒါန်းမှုဖြစ်ပြီး ကလေးမွေးဖွားလာတဲ့အခါမှာလည်း ဘယ်လိုပတ်သက်မှု တစ်စုံတရာမှ မလုပ်ပါ ဆိုပြီး မင်းတို့ အဖေကြီးနဲ့ အမေက လက်မှတ်ထိုးပေးရတယ်...အဖွားနဲ့ မောင်မောင်က အသိသက်သေပေါ့... သူတို့ဘက်က ဆရာဝန်တစ်ယောက်လည်း သက်သေပါရသေးတယ်နော် အဲ့ဒီတုန်းက"
"ဟုတ်တယ်... အဖေကြီးနဲ့ အမေတို့က တကယ်လဲ သူတို့ကို မိသားစုဘဝလေး ရစေချင်တဲ့ စေတနာသက်သက်နဲ့ လှူခဲ့တာမို့ စာချုပ်မှာ ဝန်ခံကတိ လက်မှတ်ထိုးပေးခဲ့တယ်"
"အဲ့ဒီနောက်ပိုင်းမှာ ကိုမိုးဆွေတို့ လင်မယား စိတ်ဖြောင့်ပါစေတော့ဆိုပြီး အဖေကြီးတို့က အဆက်အသွယ် မလုပ်ခဲ့ကြတော့ဘူး... လူ့စိတ်ဆိုတာက ပြောလို့မရဘူးမဟုတ်လား... သူတို့ကလည်း နောင်အရှုပ်အရှင်းတွေ ဖြစ်မှာစိုးလို့ထင်တယ် အဖေကြီးတို့မိသားစုကို ကျေးဇူးတင်လို့ လာကန်တော့သွားကြပြီး အဆက်သွယ် ဖြတ်သွားကြတာပဲ"
"ဟုတ်တယ်... အဲ့ဒီကလေး အောင်မြင်လား မအောင်မြင်လား...မွေးဖြစ်လား မမွေးဖြစ်လားတောင် အမေတို့က မသိခဲ့ပါဘူး...စုံလည်းမစုံစမ်းခဲ့ဘူး... ကိုယ်တွေလှူခဲ့ကတည်းက စိတ်ပြတ်ပြတ်နဲ့ လှူခဲ့တာ...သူတို့ မိသားစုဘဝလေးရသွားရင်ပဲ ကျေနပ်နေခဲ့တာ"
"အဲ့ဒါ အခုမှကွာ... ပြောရရင်တော့... ဟိုတလောလေးကမှပေါ့... စာချုပ်ချုပ်တုန်းက ကိုမိုးဆွေတို့ဘက်က အသိသက်သေထိုးပေးတဲ့ ဆရာဝန် ကိုရဲမြင့်က အဖေကြီးကို ဆက်သွယ်လာခဲ့တယ်"
"ကိုမိုးဆွေတို့ လင်မယားက ကလေးလေးကို အောင်အောင်မြင်မြင်နဲ့ မွေးခဲ့တယ်တဲ့... ဒါပေမဲ့ မွေးပြီး သိပ်မကြာဘူး ကိုမိုးဆွေအမျိုးသမီးက ဆုံးသွားခဲ့တယ်တဲ့... ကိုမိုးဆွေတစ်ယောက်ပဲ အဲ့ဒီသားလေးကို သူ့အဘိုးအဘွားတွေနဲ့အတူ ကြည့်ရှု့စောင့်ရှောက်ခဲ့တယ် ပြောတယ်"
"အခုဖြစ်တဲ့ ပြဿနာက... မနှစ်က ကိုမိုးဆွေလည်း ဆုံးသွားပြီ ပြောတယ်... အဲ့ဒီမှာ သူ့ညီက အဖေကြီးတို့ မျိုးဥလှူထားခဲ့တုန်းက စာချုပ်စာတမ်းတွေကို တွေ့သွားပြီး ကလေးကို သူတို့သွေးသားမဟုတ်ပါဘူးဆိုပြီး အဲ့ဒါတွေထုတ်ပြ ပြဿနာရှာတယ်တဲ့... အမှန်က ပိုင်ဆိုင်မှုတွေအတွက် နေမှာပါကွာ... အဲ့ဒီမှာ အဘွားကလည်း ရှော့ခ် တွေရ... ကလေးကလည်း ပေါက်ကွဲပြီး အိမ်ပေါ်က ဆင်းသွားတယ်တဲ့"
"ဟယ်"
"အဲ့ဒါတင် မဟုတ်သေးဘူး ကိုမိုးဆွေရဲ့ ညီက အဖေကြီးကို ရအောင်ရှာပြီး ဆက်သွယ်လာတယ်... စာချုပ်ချုပ်ခဲ့တုန်းက ကိုယ်တိုင်မျိုးဥ လှူပြီး လက်မှတ်ထိုးခဲ့တာ မှန်ကန်ကြောင်း သက်သေလိုက်ပေးဖို့ပြောတယ်... အဓိကက ဒီကလေးဟာ သူတို့သွေးသား မဟုတ်ကြောင်း ဒီအမွေတွေနဲ့ ဘာမှမသက်ဆိုင်ကြောင်း လုပ်ချင်တာ... သဘောကတော့ကွာ သူတို့က ကလေးကိုဆက်တော့ မွေးထားပေးမယ်...ဒါပေမဲ့ ဘာခံစားခွင့်မှ မပေးနိုင်ဘူးဆိုတာမျိုး"
"အဲ့ဒီမှာ အဖေကြီးနဲ့ ဖုန်းပြောရင်း အခြေတင် စကားတွေများကြရသေးတယ်... ဒါပေမဲ့ ကလေးက အမွေကိစ္စတွေစိတ်မဝင်စားဘူး သူဟာ သူ့အဖေရဲ့ သားအရင်းမဟုတ်ဘူးဆိုတာကို လက်မခံနိုင်ဖြစ်နေပြီး တစ်ယောက်တည်း ထင်ရာလျှောက်သွားနေတော့တာပဲ"
"အခု ဒေါက်တာရဲမြင့်က နိုင်ငံခြားမှာရောက်နေတာဆိုတော့ သူ့အနေနဲ့က ကလေးကို အလုံးစုံကူညီဖို့ အဆင်မပြေဘူးဖြစ်နေတယ်... အဖေကြီးကို ဆက်သွယ်လာတာက ကိုမိုးဆွေရဲ့ညီကို သူတောင်းဆိုတာတွေ မကူညီပေးဖို့ ပြောတာပါ...ပြီးတော့ ကလေးက Sky Tower က ရုံးတစ်ရုံးမှာ အလုပ်ဝင်နေတယ်လို့ သတင်းကြားလို့ အဖေကြီးကိုသွားကြည့်ပေးဖို့ အကူညီတောင်းလာတယ်"
"အဲ့ဒါ သူ့မေနဲ့ တိုင်ပင်ကြတော့ သူ့မေက ကလေးကို ကိုမိုးဆွေရဲ့ မိတ်ဆွေအနေနဲ့ သွားတွေ့ပြီး လိုအပ်တာ ကူညီပေးချင်တယ်ပြောတယ်... အမေနဲ့ မောင်မောင်ကလည်း သဘောတူတာနဲ့ အဖေကြီးလည်း ဟိုတစ်နေ့က ကလေးကိုသွားတွေ့တာ..အဲ့ဒီမှာ ကေသာနဲ့ ငြိမ်းက သိသွားတယ်မဟုတ်လား"
"ဟင်... အစ်ကိုက သိနေတယ်"
So sweet က ငြိမ်းကို လှည့်ကြည့်ပြီး တအံ့တဩနှင့် မေးလာသည်... ငြိမ်းက ခေါင်းကိုအသာညိတ်ပြလိုက်ရသည်...
"အဖေကြီးသိတာပေါ့ ငြိမ်းရော ကေသာရော တော်တော်လန့်သွားကြမယ်ဆိုတာ... အဖေကြီးကိုယ်တိုင်လည်း တော်တော်လေး အံဩသွားခဲ့ရသေးတာ... ကလေးက လုံးဝကိုမှ So sweet နဲ့ တစ်ရုပ်တည်း တူနေတာ... ပုံစံ...အရပ်နဲ့... ခန္ဓာကိုယ်လေးပဲနည်းနည်းပဲကွဲတာ...ကလေးက So sweet ထက် အရပ်ပုတယ်... အခုဆို ၁၈ နှစ်ရှိရော့ပေါ့"
"နေ...နေကြပါဦး... သားနဲ့တူတဲ့သူ တွေ့ခဲ့တာကြောင့်... အားလုံးက သားကို မွေးစားသားလို့ ထင်နေကြတာလား"
So sweet က မကျေမနပ်လေသံလေးနှင့် ထမေးတော့သည်... လေးမောင်က တဟားဟားအော်ရယ်ကာ...
"ငါ့တူမတွေက ကျလဲကျတယ်ဟေ့... သူတို့အဖေကြီးကို နောက်မိန်းမနဲ့ ကလေးတွေရှိနေလား ဘယ်သူမှ မထင်ကြဘူး... So sweet ကို မွေးစားသားလို့ပဲ ထင်ပစ်လိုက်ကြတာ...အဟားဟားဟား"
"ဟာ... မမတို့ အဲ့ဒါကြီးကတော့ မဟုတ်သေးဘူးနော်... သားကို ဘာလို့ အဲ့လိုထင်ရတာလဲ!"
"အင်းလေ... ငါတို့အဖေကြီးမှာ နောက်မိန်းမနဲ့ ကလေးရှိတယ်ဆိုတာမျိုးက ထင်စရာအကြောင်းကိုမရှိတာ... ရုပ်တူနေတဲ့သူရှိတယ်ဆိုမှတော့ မင်းကို သူများအိမ်က ခေါ်မွေးထားတာလဲ ဖြစ်နိုင်တာပဲကို"
"အား!! အဓိပ္ပာယ်မရှိဘူးလေဗျာ... သားက အငယ်ဆုံး... အမေ ဗိုက်ကြီးပူပြီး မွေးထားခဲ့တာ မမတို့သိရမှာပဲလေ!"
"ဪ အဲ့ဒီတုန်းက ကလေးလေးတွေပဲရှိသေးတာကို... ဘယ်သိပါ့မလဲလို့ နော် အမေ့... So sweet ကိုမွေးတော့ ဟေမာက ၂ နှစ်...မမကေသာက ၄နှစ်...မမနာနာက ၆နှစ်...မကြီးကမှ ၈နှစ်ပဲရှိသေးတာလေ"
"မကြီးက ၈ နှစ်တောင် ရှိနေပြီကို အမေဗိုက်ကြီးပူတာ သိရမှာပေါ့... ဟုတ်တယ်မလား အမေ့! "
"ဪ...ဗိုက်တော့ပူတယ်လေ ဆေးရုံရောက်မှ ကလေးတစ်ခုခု ဖြစ်လို့ ငါတို့ မသိအောင် အမြန်မွေးစားလိုက်တာလဲ ဖြစ်ချင်ဖြစ်နေနိုင်တာပဲကို"
"ဟား... မမကေသာ! ဇာတ်လမ်းကတော့ မိုက်တယ်နော် ဘယ်တော့ series ရိုက်မှာလဲ... သားရုပ်က အဖေကြီးနဲ့ ဒီလောက်တူတာ မွေးစားသားကို ထင်စရာ အကြောင်းမရှိတာ!"
So sweet က သူ့ကို မွေးစားသားလို့ ဝိုင်းထင်ထားခဲ့ကြ၍ တကယ်ကို မကျေမနပ်ဖြစ်၍နေသည်...
"ကဲ..အဲ့လိုပြောကြေးဆို မမကေသာနဲ့ သားလည်း ရုပ်တူတာပဲ... မမကေသာလည်း မွေးစားသမီး ဖြစ်နိုင်တာပဲလေဗျာ"
"ဒါပေမဲ့ ငါက အမေနဲ့လည်း နဲနဲတူတယ်လေ"
So sweet တို့ အငြင်းပွါးနေတော့ အဖွားကရယ်ပြီး ဝင်ပြောသည်...
"အဖွားက သားငြိမ်းကိုပဲရယ်ချင်နေတာကွယ်... သူ့ခမျာ မျက်စိမျက်နှာမကောင်းဘဲ အဖွားကို လာမေးရှာတာ ဟိုနေ့က... အဖွား So sweet ကို အမေမွေးတုန်းက အဖွားရှိလားဟင်တဲ့... မွေးခန်းထဲက ထွက်လာတော့ရော အဖွားကိုယ်တိုင်ချီခေါ်တာလားတဲ့...ငါ့နှယ် ဘာတွေများ ထူးထူးဆန်းဆန်းမေးပါလိမ့်လို့ စဉ်းစားနေတာ...အခုမှပဲ အဖြေပေါ်တော့တယ်"
"ဗျာ! အစ်ကိုကပါ အဲ့လိုထင်တာလား... ဟာဗျာ အဲ့ဒါကြီးက မဟုတ်သေးဘူးလေ... အမေ့!! သားကိုကြည့်... ဒီမှာ ဒီရုပ်က အဖေကြီးနဲ့ ဘယ်နား မတူတာရှိလဲပြော... ဘယ်လိုလုပ်မွေးစားသား ဖြစ်နိုင်မှာလဲလို့!"
"အေးပါ.. မဟုတ်ပါဘူး...ငါ့သားကလည်း... သားကို အမေကိုယ်တိုင်မွေးထားတာပါ"
"အေးလေ... ငါတို့က အခုမင်းကို မွေးစားသားလို့ ပြောနေလို့လား So sweet ရယ်"
"ဒါပေမဲ့ ထင်ခဲ့ကြတယ်မဟုတ်လားလို့!! အဲ့လိုထင်စရာကို အကြောင်းမရှိတာကြီးကိုဗျာ...ပြီးတော့ အစ်ကိုကပါ ထင်တာ"
"ဟဲ့.. ငါတို့က ထင်ရုံပဲထင်တာလေ အခုတကယ်မှ မဟုတ်တာကို"
"ဘာလို့ ထင်ရတာလဲလို့!!!"
"ဪ ကဲ...ငါ့သားလေးရယ်"
So sweet က မွေးစားသား ဝိုင်းအထင်ခံရမှုနဲ့ တကယ်ပင် ရှုးရှူးရှားရှားနှင့် မခံမရပ်နိုင်ဖြစ်နေပြီး မျက်နှာလေးပင် နီနေပြီဖြစ်သည်...
"အင်းပါ အခု So sweet က မွေးစားသား မဟုတ်ပါဘူးကွ"
ငြိမ်းက So sweet ကို နောက်မှနေ သိုင်းဖက်လိုက်ပြီး ချော့သော်လည်း So sweet က အဖက်မခံပဲ ရုန်းကန်နေသည်...
"အေး...ဟုတ်တယ် ဟုတ်တယ် အဖေကြီးသား အရင်းခေါက်ခေါက်လေးကို ဘယ်သူတွေက မွေးစားသားထင်ကြတာလဲကွ...ဟေ... အဖေကြီးက အကုန်ရိုက်ပစ်မယ်"
အဖေကြီးကပါ နေရာမှ ထလာပြီး So sweet ကို ငြိမ်းနဲ့တူတူ ဝိုင်းဖက်ပေးလာသည်...
"အေးပါ အေးပါ ... နောက်ဆို မထင်တော့ပါဘူးဟဲ့... အမလေးနော်"
"ဟုတ်တယ် ဟုတ်တယ် မထင်တော့ဘူး မထင်တော့ဘူး"
"အား!!!! ဖယ်ပေးကြဗျာ!!!"
ကျန်တဲ့ မောင်နှမတွေကပါ မှီတဲ့နေရာ ခြေထောက်တွေရော လက်တွေရော ဝိုင်းဆွဲပြီး လာဖက်ကြသဖြင့် So sweet က အောက်မှာပိပြီး အော်ဟစ်နေတော့သည်...
"ဘာကောင်လဲကွာ ဒီအရွယ်ကြီးရောက်နေပြီ အထိမခံ ရွှေပန်းကန်ဖြစ်တုန်းပဲ...ငါ့နှယ်"
"ငါ့သားလေးက ငယ်ငယ်ကတည်းက သူ့ကို မွေးစားသားလို့ပြောရင် မကြိုက်တာကိုဟယ်"
လေးမောင်နဲ့ အမေကပြောပြီး ရယ်နေကြသည်..
"ဟယ်... ဒီကလေးတွေ အပေါ်က အတင်းဖိမနေကြနဲ့လေ အောက်မှာ သားငြိမ်းရဲ့ လက်ကလေး ပိနေပြီ...ဖယ်ပေးလိုက်ကြတော့"
အဖွားက စိတ်ပူစွာနဲ့ လှမ်းအော်ပြီး ဖယ်ခိုင်းရသည်...
"ဖယ်ပေးကြ...သွား... တစ်ယောက်မှ သားအနားကို မလာကြနဲ့"
So sweet က မကျေနပ်နိုင်သေးစွာနှင့် သူ့အစ်မတွေကို မောင်းထုတ်ပြီး ငြိမ်းရဲ့ရင်ခွင်ထဲမှာ မျက်နှာလာအပ်ထားသည်... ငြိမ်းမှာ အခုမှ ရင်ထဲတစ်ဆို့နေခဲ့သော အလုံးကြီးကျသွားပြီး ဝမ်းနည်းဝမ်းသာ ခံစားချက်တွေနှင့် မျက်ရည်ပင်လည်နေရတော့သည်...
တစ်ခုခုများ အမှားယွင်းဖြစ်ခဲ့ရင် So sweet ခံစားသွားရမှာကို ငြိမ်းက တကယ်ပင် စိတ်ပူနေခဲ့ရခြင်းဖြစ်သည်... အခုတော့ ငြိမ်း စိတ်အေးရပါပြီ...
"ဒါနဲ့လေ အဖေကြီး... အဲ့ဒီကလေးနာမည်က ဘယ်သူတဲ့လဲဟင်"
မကြီးက အဖေကြီးအား စိတ်ဝင်တစားနှင့်မေးလာသည်...
"ဇေယျာမိုးဆွေ တဲ့"
"အမေ့... ဒါဆိုရင် သူက Biologically အရ အဖေကြီးရဲ့သားဆိုတော့ နာနာတို့ရဲ့ အဖေတူ အမေကွဲမောင်လေးပေါ့နော်"
"အင်းပေါ့"
"ဒါဆိုရင် အခု သူ့မှာက အဖေရော အမေရော မရှိတော့ဘူးဆိုတော့"
ကေသာ့၏ အပြောကို လေးမောင်က ပြာပြာသလဲလဲဟန့်တားသည်...
"ဟိတ် ဟိတ်...ညည်းတို့အားလုံးကို ကြိုပြောထားမယ်နော်... သူ့ဟာသူနေတဲ့ ကလေးကို ဘာမှသွားမရှုပ်ကြနဲ့ အထူးသဖြင့် ကေသာကြည်ညွှန်း... ညည်း အေးအေးဆေးဆေးနေ... ကလေးက သူ့အဖြစ်သူ ခုထိ လက်မခံနိုင်ဖြစ်နေသေးတာ... ပြီးတော့ နိုင်ငံခြားမှာသွားပြီး ကျောင်းတက်ချင်တယ်လို့လဲ ပြောတယ် လိုအပ်တဲ့ အကူအညီတွေ ငါတို့လူကြီးတွေ ကြည့်ပြီးစီစဥ်ပေးမှာမလို့ ဘာမှဝင်မပါကြနဲ့...ကြားလား"
"အင်းပါ... ဘာမှမလုပ်ပါဘူး"
"ဒါဆို ငြိမ်းနဲ့ ကေသာက မြင်ဖူးခဲ့ပြီးပြီပေါ့... So sweet နဲ့ တော်တော်တူတာလားဟင်"
"တူတာပါဆို လူကောင်လေး နည်းနည်းပဲသေးတာ"
"အမေ့...ဟုတ်လား"
"အင်း အမေဖြင့် မြင်မြင်ချင်း ငါ့သားလေးပါဟယ်လို့ကို တွေးလိုက်တာ... So sweet ၁၀ တန်းဖြေပြီးခါစက ပုံစံလေး... ကလေးက မိဘတွေနဲ့ နေရဦးမဲ့ အရွယ်လေးပါဟယ်...အခုတော့"
အမေက ပြောပြီး မျက်ရည်တွေသုတ်နေသည်... အဖေကြီးက အမေ့ကို ဆွဲဖက်ပြီးနှစ်သိမ့်ပေးသည်...
"ညည်းတို့ သွားချောင်းကြည့်တာတွေ ဘာတွေမလုပ်ကြနဲ့ဦးနော် တွေ့ချင်ရင်နောက်မှ အမေက ချော့ပြောကြည့်ပေးမယ်... တော်ကြာစိတ်ရှုပ်ပြီး နေရာပြောင်းသွားနေဦးမယ်"
"တစ်ခါလောက်ဖြစ်ဖြစ် တွေ့ချင်တယ် အမေရယ်"
"အဖွားကလည်း တွေ့ချင်တယ်ကွယ်... ဒီအိမ်မှာဆိုရင်ကလေးက ပျော်ချင်ပျော်မှာပေါ့ မောင်နှမတွေ အများကြီးနဲ့ ...သူ့ခမျာ တစ်ကောင်ကြွက်ကလေး ကြီးပြင်းခဲ့ရတာနေမှာ အမေကလည်း သူမွေးပြီး မကြာဘူး ဆုံးသွားတာဆို"
"အမေတိုကတော့ အိမ်ခေါ်ဖို့အထိပါတွေးနေပြီ... ဟိုမှာဖြင့် ကျွန်တော်တို့ကို သူ့အဖေ မိတ်ဆွေတွေလို့ပဲ သိထားတာ...ဘယ်သူတွေမှန်း သိသေးတာမဟုတ်ဘူး"
"ဪ မသိသေးဘူးလား"
"ဟိုကလေးတွေနော်... ပြောထားပါပေရဲ့... သွားနှောက်ယှက်ကြရင် ငါနဲ့တွေ့မယ်"
"ဟုတ်ကဲ့ပါ လေးမောင်ရဲ့"
လေးမောင်ကိုသာ ဟုတ်ကဲ့ပါဟု ပြန်ဖြေကြသော်လည်း မောင်နှမတွေက သူတို့အချင်းချင်း မျက်နှာရိပ်မျက်နှာကဲနှင့် အချိတ်ဆက်တွေ လုပ်ပြီးသွားကြပြီ... ဘယ်လိုမှ ငြိမ်နေကြမည့်ဟာလေးတွေ မဟုတ်မှန်း ငြိမ်းက အတတ်သိပါသည်...
ပြီးတော့ သူတို့မိသားစုနှင့် ပတ်သက်နေသော ကလေးတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာခြင်း အတွက် ငြိုငြင်ဝန်တိုမှု စိုးစဉ်မျှမဖြစ်ဘဲ စိတ်ဝင်တစားတွေ့ချင်နေကြသော ပြည့်ဝမှုလေးတွေအတွက် ငြိမ်းက တကယ်ပဲ ကြည်နူးအားကျမိရပါသည်...
"ဒါနဲ့လေ အဖေကြီး... ဇေယျာမိုးဆွေကို ဟေမာတို့က နာမည်တစ်ခုပေးရအောင်"
"သမီးတို့က ဘယ်လိုပေးချင်တာလဲကွ"
"ဇေယျာကြည်ညွှန်း"
.............................................................................
<3 DiDi Zaw
(04/01/2023)
So Sweet လေးကို မွေးစားသားလို့ ထင်နေတဲ့သူတွေ အကုန်ဒီမှာ လာတန်းစီပါ... အဖေကြီးက တစ်ယောက်တစ်ချက်စီ ရိုက်မယ်တဲ့ 🤭