"So sweet ဂိမ်းဆော့တာ တော်ပြီ အိပ်ရတော့မယ်"
"ဟုတ်"
So sweet က ချက်ချင်း ဂိမ်းထဲမှ ထွက်ကာ ဖုန်းကို wifi ပိတ်ပြီး စားပွဲပေါ်တင်လိုက်သည်... ခါတိုင်းဆို ခဏလေးပါ နိုင်တော့မှာမလို့တို့... ဒီတစ်ပွဲလေးပဲ ဆော့မှာပါတို့ အမျိုးမျိုးပြောပြီး ခဏဖြစ်ဖြစ်တော့ဆက်ဆော့သေးသည်...
မြသက်ချယ်နဲ့ Club က ကိစ္စဖြစ်ပြီးနောက်ပိုင်းမှာ So sweet က အရင်ကထက်ပိုပြီး လိမ္မာလာသည်... ငြိမ်း ဘာပြောပြော "ဟုတ်" ဆိုပြီး တစ်ခွန်းနဲ့ ချက်ချင်း နားထောင်သည်... သူဖြစ်ခဲ့သည့်အမှားအတွက် သူ့မှာ ငြိမ်းအပေါ် တော်တော်လေး guilty ဖြစ်နေပုံရသည်... ငြိမ်းကို အရင်ကထက်လည်း ပိုကပ်လာသည်... ပိုပြီးလည်း ဂရုစိုက်ပေးပြီး ကပ်ချွဲတတ်လာသည်... တစ်ခါတလေ ငြိမ်းကို သဝန်တိုချင်တာမျိုးလေးတွေ ရှိရင်တောင်မှ ထိန်းချုပ်ထားတတ်မှန်း ရိပ်မိရသည်...
အမေနဲ့ အစ်မတွေကလည်း So sweet ကို ကြုံရင် ကြုံသလို ဒီကိစ္စနှင့်ပတ်သက်ပြီး ဆူလိုက် ဆုံးမလိုက်လုပ်နေကြသဖြင့် ငြိမ်းက ကာဗာလုပ်ပေးနေရတော့သည်... So sweet က ငြိမ်းစကားကို ဘယ်လောက်ထိအောင် နားထောင်သွားသလဲ ဆိုရင် ငြိမ်းတို့ ချစ်ကြသည့်အခါတိုင်းမှာတောင် ငြိမ်းက တော်ပြီဟု ပြောလိုက်သည်နှင့် အရင်လို တဇွတ်ထိုးတွေမလုပ်တော့ဘဲ ချက်ချင်း နားထောင်သည်အထိပင်...
ငြိမ်းမှာ So sweet ကိုနမ်းလိုက်သည့် မြသက်ချယ်ကိုပင် ကျေးဇူးတင်ရတော့မလို ဖြစ်ရသည်...
So sweet က ဖုန်းကို စားပွဲပေါ်တင်ခဲ့ပြီး ဘုရားခန်းထဲသို့ ဘုရားသွားရှိခိုးကာ ပြန်လာ၍ ခုတင်ပေါ်မှာ ခွေခွေလေးတက်အိပ်နေသည်... ဒီလိုလေးကျပြန်တော့လဲ ငြိမ်းရဲ့ သကြားလုံးလေးက ချစ်စရာသနားစရာကောင်းနေရပြန်သည်...
ဒီကောင်လေးကို ပြီးခဲ့တာတွေမေ့ပစ်ပြီး ငြိမ်းအပေါ်မှာ ပွင့်ပွင့်လင်းလင်း စိတ်ဆိုး စိတ်ကောက် အူတိုတာမျိုးလေးတွေ ပြန်လိုချင်မိသည်...
စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ အရင်လို အကဲစိန်လေးအဖြစ် လွတ်လပ်စွာ ပြန်မြင်ချင်ရသည်မှာလည်း ငြိမ်းရဲ့ တကယ့်စိတ်ရင်းဖြစ်ပါသည်...
ငြိမ်းက ခုတင်ဘေးနားသွားကာ စောင်ကိုသေချာဆွဲခြုံပေးလိုက်ပြီး So sweet ရဲ့ ပါးတစ်ဖက်ကို ငုံ့နမ်းလိုက်သည်...
"ရွှတ်"
"အစ်ကိုရော လာလေ"
"အင်း...လာခဲ့မယ်... ဘုရားသွားရှိခိုးလိုက်ဦးမယ်"
ငြိမ်း ဘုရားသွားရှိခိုးပြီး ပြန်လာသည်အထိ So sweet က ငြိမ်းကို မအိပ်သေးဘဲ စောင့်နေသည်...
"အိပ်ဘူးလား"
"အစ်ကို လာခဲ့"
ငြိမ်းက ခုတင်ပေါ်တက်ပြီး So sweet ရဲ့ဘေးမှာ မျက်နှာချင်းဆိုင် ဝင်လှဲလိုက်သည်... ထို့နောက် ခေါင်းအုံး အစွန်းနားသို့ တိုးကပ်သွားပြီး...
"Sweet လေး"
"အဟင်း... အဖွားခေါ်သလို လိုက်ခေါ်နေတယ်"
"တစ်ခါတလေ ခေါ်ကြည့်ချင်လို့လေ မထူးဘူးလား"
"ဗျား"
ငြိမ်းက So sweet ရဲ့ ဆံပင်တွေထဲသို့ လက်ချောင်များထည့်ကာ ထိုးဖွပေးတော့ မျက်လုံးတွေမှိတ်ပြီး ဇိမ်ခံနေသည်...
"ကိုယ့်သူငယ်ချင်း သက်ကို က ဖုန်းဆက်တယ်"
"အင်း"
"ချယ်ရီက သူ့အချစ်ကိုလက်ခံလိုက်ပြီတဲ့.... ဒီတစ်ခေါက် သင်္ဘောက ပြန်ဆင်းလာရင် လက်ထပ်ကြမယ်တဲ့"
".........."
"မင်းကို ကိုယ်ပြောချင်တာကလေ... မရည်ရွယ်ဘဲ ဖြစ်ခဲ့ရတဲ့ အမှားတွေကို ကိုယ်ကခွင့်လွှတ်ပေးတာမို့ စိတ်ထဲမှာ ပြင်မရတော့တဲ့ အပြစ်ကြီးတစ်ခုလို တွေးမနေစေချင်ဘူး... ကိုယ့်ကို အရင်လိုပဲ လွတ်လွတ်လပ်လပ် သဝန်တိုလို့ရတယ်... စိတ်ဆိုး စိတ်ကောက်လို့ရတယ်"
So sweet က ပါးစပ်ကမဖြေဘဲ ခေါင်းညိတ်ပြသည်...
"လူတိုင်းကမှားတတ်တာပဲကွာ... ကိုယ်က So sweet ကိုယ့်ကိုချစ်တာ သိတာမို့ အပြစ်လဲမယူဘူး ခွင့်လည်း ခွင့်လွှတ်တယ်... ပြီးတော့ သဝန်တိုရတဲ့ ခံစားချက်ကိုလည်း နားလည်သွားပါပြီ... အဲ့ဒါကြောင့်မို့ So sweet ကို အရင်လို ပေါ့ပေါ့ပါးပါး လေးပဲ ပြန်မြင်ချင်တယ်"
So sweet က မျက်လုံးတွေကို မဖွင့်ဘဲ ငြိမ်းကို သူ့ရင်ခွင်ထဲသို့ ဆွဲထည့်ပြီး တင်းကျပ်နေအောင် ဖက်ထားသည်...
"ငြိမ်းအေးအိမ်က မချစ်တော့မှာ ကြောက်တယ်"
"So sweet ရာ"
ငြိမ်းရင်ထဲမှာ အောင့်သွားရသည်... ဒီလိုမျိုးတွေ ခံစားနေရမယ်ဆိုရင်တော့ ဒီအမျိုးသားလေးကို ငြိမ်းက ပိုချစ်ကြောင်း သိအောင်ပြပေးရပါမည်...
အရင်လိုလေး ပြန်ဖြစ်လာအောင်လည်း အချစ်တွေနဲ့လေ့ကျင့်ပေးရပါဦးမည်...
...........................................................................
"အမေ!!! အမေ့!!!"
"မရှိဘူးဟေ့... အာကာကြည်ညွှန်းရေ... အာဗြဲကြီးနဲ့ အော်မနေနဲ့"
"မမဟေမာ အမေဘယ်သွားတာလဲ"
"မြို့ထဲသွားတယ်"
"ဘာသွားလုပ်တာလဲ ဘယ်သူနဲ့ လဲ"
"မမနာနာနဲ့...မော်မော်နဲ့... မမနာနာ အတွက် လိုအပ်တာတွေ သွားဝယ်ကြတာ... မင်းလည်း လူက လင်ရနေပြီ အိမ်ပြန်ရောက်တာ နဲ့ အမေကိုရှာတဲ့ အကျင့်ကို ပြင်ဦး ကလေးလဲမဟုတ်ဘဲနဲ့"
"မပြင်နိုင်ဘူး"
အာကာ့အကျင့်က အပြင်ကပြန်လာတိုင်း အမေ့ကိုအော်ခေါ်ပြီး ပြန်ရောက်ကြောင်း ပြောတတ်သည်... အိမ်မှာ အမေမရှိလျှင်လည်း ဘယ်သွားလဲ ဘယ်သူနဲ့ ဘာသွားလုပ်လဲ သိရပြီးမှ ကျေနပ်သည်...
အာကာ အိမ်ပေါ်ထပ်ပြေးတက်လာကာ အဖွားကိုဝင်နှုတ်ဆက်ပြီး အစ်ကိုရေချိုးနေသည်ကိုလည်း တံခါးသွားခေါက်ပြီး သတိပေးရသေးသည်...
"အစ်ကိုရေ... အကြာကြီးလုပ်မနေနဲ့ဦးနော်... မြန်မြန်ချိုး"
"အင်း"
အာကာက တံခါးကို နားနှင့်ကပ်ပြီး နားထောင်နေရင်း ရေချိုးခန်းထဲမှ ပြန်ဖြေသံ သဲ့သဲ့လေးကြားမှ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်... လေးမောင်လည်း ရုံးကပြန်ရောက်နေပြီး မမဟေမာနဲ့ အတူ စက်ချုပ်သည့် ကိုက်တံတစ်ချောင်းနဲ့ အလုပ်ရှုပ်နေကြသည်...
"ဖြတ်... ၆ ပေ ဖြတ်လိုက်"
"လေးမောင်... ကိုက် နဲ့ ပြောလေ... ဘယ်နှကိုက်လဲ... အခုက ဘယ်လို ၆ ပေ လဲ"
"ဪ ဒီကောင်မလေးကလဲ... ညည်း ကျောင်းတုန်းက သင်ရတဲ့ဟာ ဆိုကြည့်လေ... ငါ ဟိုတစ်နေ့ကတောင် ကာတွန်းစာအုပ်ထဲက ဟာသ ပြောပြထားသေးတာ"
"အား...သိပြီ သိပြီ... ဆယ်နှစ်လက်မ တမေ... ကုန်းဖေ တစ်ကိုက်... အဟားဟား"
မမဟေမာ အပြောကြောင့် အာကာက အူကြောင်ကြောင်နဲ့ အနားသွားပြီး စပ်စုတော့သည်...
"ဘာတွေလုပ်နေကြတာတုန်း.... ဘာ ကုန်းဖေ တစ်ကိုက်လဲ"
"So sweet အဲ့ဒါ မသိသေးဘူး လေးမောင် ပြောပြလိုက် ဟီဟိ"
"မင်း အစ်မကို ကားဂိုထောင် ပြုတင်းပေါက်အတွက် လိုက်ကာ ချုပ်ခိုင်းနေတာပါကွာ မနက်ဆို နေထိုးလို့"
"ကုန်းဖေ တစ်ကိုက်ကရော ဘာကြီးလဲလို့"
"သြော်... မင်းတို့ ကျောင်းတို့က အတိုင်းအတာတွေ သင်ရတယ်မလား ဆယ်နှစ်လက်မ တစ်ပေ ... သုံးပေ တစ်ကိုက်"
"အင်းလေ"
"ဆိုကြည့်စမ်း မင်း မှတ်မိသေးလားလို့"
"အာ မှတ်မိတာပေါ့ဗျ...
ဆယ်နှစ်လက်မ တစ်ပေ
သုံးပေ တစ်ကိုက်
နှစ်ဆယ့်နှစ်ကိုက် တစ်သံကြိုး
ဆယ်သံကြိုး တစ်ဖာလုံ
ရှစ်ဖာလုံ တစ်မိုင်"
"အမယ်... ဒီကောင် မှတ်မိသားဟ... ငါက ဟေမာ့ကို ပြောပြနေတာပါ အရင်တုန်းက ကာတွန်း ကိုရွှေထူး (ပြည်) ရေးတဲ့ ဦးမောင်တင့်ရဲ့ ရပ်ကွက်ထဲမှာဗျာ ဆိုတဲ့ ကာတွန်းတွေ လစဉ်ထွက်တယ်မဟုတ်လား"
"အင်းလေ သားတို့လဲဖတ်ရတယ် ငယ်ငယ်က"
"အဲ့ဒီထဲမှာ ငါဖတ်ရတဲ့ဟာသလေးကွာ... ကိုရွှေထူး (ပြည်) က ဆွဲထားတာ... ဦးမောင်တင့်တို့ ရပ်ကွက်ထဲမှာ ကိုအုန်းဖေ ဆိုတဲ့အရက်သမားတစ်ယောက်ရှိတယ်တဲ့... သူ့မိန်းမနာမည်က တင်မေ တဲ့... သူ့သားနာမည်က သံချောင်းတဲ့... သူက သူ့မိန်းမတင်မေ ကို တမေ တမေ နဲ့ခေါ်တာ... သူ့မိန်းမကလည်း သူ့ကို ကုန်းဖေ လို့ခေါ်တာတဲ့... တစ်ရက်တော့ကွာ... ကိုအုန်းဖေက အရက်ဆိုင်ကနေ မူးပြီးပြန်လာတာ... လမ်းက အိမ်တစ်အိမ်ရှေ့မှာ ကလေးတစ်ယောက်က စာအော်ကျက်နေတာ ခုန မင်းဆိုပြတဲ့ဟာကို"
"အဲ့ဒီမှာ ကိုအုန်းဖေက မူးမူးနဲ့ ဘယ်လို ကြားလဲဆိုတော့...ဆယ်နှစ်လက်မ တမေ...ကုန်းဖေ တစ်ကိုက်... နှစ်ဆယ်နှစ်ကိုက် ငသံချောင်း ... လို့ ကြားတာတဲ့ကွ... အဲ့ဒီမှာ အော်ဆဲပါလေရောတဲ့... ငါ့မိန်းမ တမေ ဆယ်နှစ်လက်မ မကလို့ ဘယ်လောက်ရှိရှိ မင်းတို့ အပူပါလားကွ... ငါ့ဟာငါ တစ်ကိုက် ရှိလည်း ဘယ်ကောင်မှ ဂရုမစိုက်ဘူး ဘာညာပေါ့ကွာ... သူ့သား ငသံချောင်းကိုပါ နှစ်ဆယ့်နှစ်ကိုက် လို့ ပြောတော့ ဒီလူက ဆဲတာမွှန်လို့ဟေ့... အဲ့ဒီမှာ ရပ်ကွက်လူကြီး ဦးမောင်တင့်က ရောက်လာပြီး ဖြေရှင်းပေးရတာ"
"အဟားဟား... ကြံကြံဖန်ဖန်ပါဗျာ"
လေးမောင်ပြောပြတဲ့ ကာတွန်းစာအုပ်ကြောင့် အာကာ့မှာ အူတက်နေရသည်... မမဟေမာကလည်း ကြားဖူးပြီးသားဖြစ်တာတောင် တခွိခွိနှင့် ရယ်လို့မပြီးတော့ပေ... အာကာက အစ်ကို ရေချိုးပြီးပြီလား သွားချောင်းရန် အိမ်ပေါ်သို့ ပြန်တက်လာရင်း...
"ဆယ်နှစ်လက်မ တမေ... ကုန်းဖေ တစ်ကိုက်... အား!!! လေးမောင် လုပ်ဦး... ကုန်းဖေ တစ်ကိုက်ကြီးက သားပါးစပ်ထဲရောက်သွားပြီ"
"အေး... မျိုချလိုက်ကွာ"
"အား!!! လေးမောင်ကလည်း!!!"
အာကာက လေးမောင်ကို ကုန်းအော်ပစ်ခဲ့ပြီးမှ ခပ်ညစ်ညစ်တွေးကာ ပြုံးမိရသည်... အဟင်း... အာကာကြည်ညွှန်းတို့ ရာဇဝင်မှာ ပါးစပ်ထဲရောက်လာလို့ မျိုချမိတာဆိုရင် ငြိမ်းအေးအိမ်ဆီမှ ရတနာ တချို့ ပဲရှိသည်ဟုများ ပြောပြလိုက်ရင် ဘယ်လိုနေမယ်မသိ...
...........................................................................
ငြိမ်း ဒီနေ့ ရုံးကိစ္စတွေကို ကိုသီဟနဲ့ ခဏအပ်ထားခဲ့ပြီး Sky Tower ဘက်ကို လစ်ထွက်လာခဲ့သည်... ပြီးခဲ့သည့် ရက်တွေကလည်း ခဏ ခဏ လာချောင်းဖြစ်ပေမဲ့ အရိပ်အယောင်ပင် မတွေ့ရပေ... ဒီနေ့တော့ အဖေကြီးရဲ့ ရုံးက Driver ကို မသိမသာ ဖုန်းလှမ်းဆက်ပြီးမေးကြည့်တဲ့အခါ ဒီနေ့ Schedule တွေထဲမှာ ညနေပိုင်း Sky Tower ပါသည်ဟုသိရသဖြင့် ရောက်လာရခြင်း ဖြစ်သည်... အချိန်အတိအကျ မသိရသဖြင့် နေ့လည် စောစော ထွက်လာခဲ့ရသည်...
ငြိမ်းကားကို Sky Tower ဘက်သို့ ကွေ့ပြီးပြီးချင်းမှာပဲ တာဝါရှိရာဝန်းထဲမှ လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး တီရှပ် ဂျင်းဘောင်းဘီရှည်နှင့် ကျောပိုးအိတ်တစ်လုံး လွယ်ထားသော ကောင်မလေးတစ်ယောက် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းပြီးထွက်လာသည်...
ဘယ်လိုပဲ မြင်နေကျပုံစံ မဟုတ်ဘူးပြောပြော ငြိမ်းက ကိုယ့်မိသားစုဝင်တွေရဲ့ ပုံစံကို ဘယ်ချိန်တွေ့တွေ့ ချက်ချင်းမှတ်မိနေရသည်...
"ကေသာကြည်ညွှန်း!"
ငြိမ်းကားကို တာဝါထဲ မဝင်ခင် ဟွန်းတီးလိုက်တော့ ကေသာက လှည့်ကြည့်လာသည်... ငြိမ်း ကားကိုတွေ့သွားတော့ ပြေးလာပြီး ခေါင်းခန်းထဲမှာ ဝင်ထိုင်လိုက်သည်...
"ကောသာက ဒီကို ဘာလာလုပ်"
"ကိုကြီး... မြန်မြန်... မြန်မြန်မောင်း... ဒီနေရာက မြန်မြန်သွားရမယ်"
"ဟမ်... ဘာ... ဘာဖြစ်လို့လဲ"
ငြိမ်းက ကားကို မြန်မြန်လေး မောင်းထွက်လိုက်ရင်း မေးရသည်...
"ဟိုရှေ့က လမ်းထဲဝင်လိုက် ကိုကြီး... မြန်မြန်လေး"
ကေသာက အလောတကြီး ဖြစ်နေပုံမို့ ငြိမ်းလည်း ဆက်မမေးတော့ဘဲ သူခိုင်းသည့်အတိုင်း ရှေ့နားမှလမ်းတစ်ခုထဲ ကွေ့ဝင်ပေးလိုက်သည်...
"ရပြီ ရပြီ...ကိုကြီး... ရပ် ရပ်"
ငြိမ်းက ကားကို လမ်းဘေးသို့ ချရပ်ပေးလိုက်တော့ ကေသာက ကားနောက်သို့ လည်ပြန်လှည့်ပြီး လမ်းမတန်းဘက်သို့ ကြည့်နေသည်... ခဏကြာမှ သက်ပြင်းရှည်ကြီးချလိုက်ရင်း...
"အမလေး... မောလိုက်တာ မောလိုက်တာ...ဟူး"
"ကေသာ...ကိုကြီးကို ပြောပါဦး ဘာဖြစ်လာတာလဲ... ကားရောမယူလာဘူးလား... ဒီကို ဘာလာလုပ်တာလဲ"
ကေသာက ငြိမ်းကို မသင်္ကာသလို တစ်ချက်ကြည့်လာပြီး...
"ကိုကြီးငြိမ်းကရော ဘာလာလုပ်တာလဲ"
"အဲ့ဒါ... ကိုကြီးက အလုပ်ကိစ္စ..."
"မနက်က အဖေကြီးရဲ့ Driver ကိုအောင်စိုးကို ဖုန်းဆက်မေးနေတာကြားတယ်နော်... ကေသာက ကိုအောင်စိုးနားမှာ ရောက်နေတာ"
လူမိသွားသဖြင့် ငြိမ်းက ဘာပြောရမှန်းမသိ အပြေးအလွှား စဉ်းစားနေရသည်... သေချာတာကတော့ ငြိမ်းနှင့် ကေသာတို့ တစ်လှေထဲစီး တစ်ခရီးထဲသွားတွေ ဖြစ်နေကြပြီ ထင်သည်...
"ကေသာ ဘာတွေ့ထားလဲ"
"ကိုကြီးငြိမ်းရော ဘာတွေ့ထားလဲ"
ငြိမ်းတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြသည်... ထို့နောက် နှစ်ယောက်လုံးဆီမှ အသံ ပြိုင်တူထွက်ပေါ်လာသည်က....
"So sweet နဲ့တူတဲ့ကောင်လေး!"
ငြိမ်း ထိုကောင်လေးအား တွေ့ဖြစ်ပုံကို ကေသာ့အား အကျဉ်းချုံးပြီး ပြောပြရသည်...
"ထင်တယ်... ကိုကြီးကြည့်ရတာ မျက်နှာမကောင်းဘူးလို့... ကေသာက So sweet ကိစ္စကြောင့်ပဲ ထင်နေတာ... ကိုကြီး စိတ်တွေ ရှုပ်နေရပြီ မဟုတ်လား"
"So sweet ကို စိတ်ပူတယ်... ကျန်တဲ့ မောင်နှမတွေကိုလည်း စိတ်ပူတယ်... အားလုံးက So sweet ကို ချစ်ကြတော့ တစ်ခုခု အမှားအယွင်းဆို ခံစားနေကြရမှာလည်း ကြောက်တယ်"
"နောက်ကျသွားပြီ ကိုကြီး... ကေသာကလေ... ကိုကြီးလို တစ်ယောက်တည်း ထိန်းချုပ်မထားနိုင်လို့ မနေ့က ဟေမာ့ကို ပြောပြလိုက်မိတယ်... ဟေမာက ငိုနေလို့ မကြီးက ရိပ်မိသွားပြီး အခု မမနာနာကပါ သိသွားပြီ... So sweet ပဲ မသိသေးတာ"
"ဟင်... ဘာမှန်းလဲ သေချာမသိသေးပဲနဲ့ ဘာလို့ငိုနေရတာလဲ"
"ဘာမှန်းမသိလို့ ငိုတာပေါ့ ကိုကြီးရ"
"ကေသာက ဘယ်လိုတွေ့သွားတာလဲ"
"အဖေကြီးက ခါတိုင်းဘယ်သွားသွား ကေသာနဲ့ မကြီးကို တစ်ယောက်မဟုတ် တစ်ယောက် ခေါ်နေကျ... အဲ့ဒီနေ့က ကိုအောင်စိုးနဲ့ပဲ ထွက်သွားတယ်... အဲ့ဒါနဲ့ အဖေကြီးကို တမင်ဂျစ်ချင်လို့ ကေသာ ကိုယ့်ဟာကိုယ် လိုက်သွားတာ...အဲ့ဒီမှာ တွေ့တာ"
"ဒါနဲ့ အခု ကေသာက အဖေကြီးနောက် လိုက်လာတာမဟုတ်လား... ဘာလို့ထွက်ပြေးလာတာလဲ"
"အား... ဟုတ်သားပဲ အဓိက အကြောင်းရာကို မေ့နေတာ အခုနက ကေသာ ဘာတွေ့ခဲ့တယ်ထင်လဲ"
"ဘာ...ဘာတွေ့ခဲ့တာလဲ"
"အဖေကြီးနဲ့တူတူ အမေရော...လေးမောင်ရော တွေ့ခဲ့တယ်!!!"
"ဟမ်!!!"
"အား!!! ကေသာ အခု အရမ်းရှုပ်ထွေးနေရပြီ!! အီး!!!"
ကေသာက ကားထဲမှာ ခြေထောက်တွေရော လက်တွေရော ကလေးတစ်ယောက်လို ကန်ကျောက်ပြီး အော်ဟစ်နေတော့သည်... ကေသာတင်မဟုတ် ငြိမ်းပါ သူ့လို အော်ဟစ်ပစ်လိုက်ချင်သည်...
"ကိုကြီးတို့ ကော်ဖီဆိုင်တစ်ခုခုဖြစ်ဖြစ် အရင်သွားရအောင်"
ငြိမ်းက ကားစက်နှိုးလိုက်ပြီး လမ်းကြားထဲမှ ပြန်ကွေ့ထွက်လာတုန်း ကေသာ့ဆီကို ဖုန်းဝင်လာသည်... ကေသာက ဖုန်း contact ကို ကြည့်လိုက်ပြီး "လေးမောင်" ဟု လေသံလေးနှင့်ပြောကာ speaker ဖွင့်လိုက်သည်...
"ဟယ်လို လေးမောင်"
"ကေသာကြည်ညွှန်း"
"ရှင်"
"ငြိမ်းကိုခေါ်ပြီး နှစ်ကောင်လုံး အိမ်ပြန်လာခဲ့ကြ"
"ရှင်!" "ဗျာ"
"အေး... ရှင်တွေ ဗျာတွေ လုပ်မနေကြနဲ့... နှစ်ကောင်သား ဘာတွေလိုက်လုပ်နေကြမှန်းမသိဘူး...ကေသာကြည်ညွှန်း drama တွေခင်းမနေနဲ့ အိမ်တန်းပြန်လာခဲ့ကြ"
"ဟုတ်"
လေးမောင် ဖုန်းချသွားပြီးသည်နှင့် ငြိမ်းနှင့် ကေသာတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အူကြောင်ကြောင်နှင့် ကားကိုပြန်လှည့်ရတော့သည်... လေးမောင်၏ လေသံကတော့ အေးအေးဆေးဆေးမို့ တစ်မျိုးစိတ်အေးရပေမဲ့ စိတ်လည်းမချနိုင်သေးပေ...
အိမ်ပြန်လမ်းတစ်လျှောက်လုံး ကေသာ့ရဲ့ ဟိုလိုဖြစ်နိုင်တယ် ဒီလိုဖြစ်နိုင်တယ် ဟူသော ထင်ကြေးပေါင်း သောင်းခြောက်ထောင်နှင့် ဇာတ်လမ်းပေါင်း တစ်သိန်းနှစ်သောင်းကို နားထောင်ရင်း ငြိမ်း ခေါင်းတွေပါ ကိုက်လာရတော့သည်...
မောင်းနေကျ လမ်းခရီးကိုပင် စိတ်မရှည်နိုင် ဖြစ်နေရပြီး မြေလျှိုးမိုးပျံကာ အိမ်သို့မြန်မြန်ရောက်သွားချင်ရတော့သည်...
...........................................................................
<3 DiDi Zaw
(03/01/2023)
စိတ်မပူကြနဲ့နော် အဖေကြီးကို ယုံတယ် မဟုတ်လား 😉