Match Made In Clouds

Von TayDiDi

2.6M 185K 27K

Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရ... Mehr

Intro (U+Z)
Ep 1 (U)
Ep 1 (Z)
so sweet vs kaythar
Ep 2 (U)
Ep 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Love For Kar Kar and Nyein ❤️
Ep 16 (U)
Ep 16 (Z)
Ep 17 (U)
Ep 17 (Z)
Ep 18 (U)
Ep 18 (Z)
Ep 19 (U)
Ep 19 (Z)
Ep 20 (U)
Ep 20 (Z)
Ep 21 (U)
Ep 21 (Z)
Ep 22 (U)
Ep 22 (Z)
Ep 23 (U)
Ep 23 (Z)
Ep 24 (U)
Ep 24 (Z)
Ep 25 (U)
Ep 26 (U)
Ep 26 (Z)
Ep 27 (U) - Quitting Alcohol
Ep 27 (Z) Quitting Alcohol
Ep 28 (U)
Ep 28 (Z)
Ep 29 (U)
Ep 29 (Z)
Random Chit Chat
Ep 30 (U)
Ep 30 (Z)
Ep 31 (U)
Ep 31 (Z)
Love For So sweet & Nyein ❤️
Ep 32 (U)
Ep 32 (Z)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34 (Z)
Ep 35 (U)
Ep 35 (Z)
Ep 36 (U) Final
Ep 36 (Z) Final
Thankful to Readers (U+Z)
Extra 1 (U)
Extra 1 (Z)
Extra 2 (U)
Extra 2 (Z)
Extra 3 (U)
Extra 3 (Z)
Love for 14 family ♥️
Season 2 (Wonderful Promise)
Kyi Nhyun Family ♥️
New Fic ( စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်)
Family Live streaming ❤️ (U)
Family Live Streaming ❤️ (Z)
Book Announcement 📚☁️
Book Details

Ep 25 (Z)

11.5K 368 5
Von TayDiDi

"ကဲ... ရောက်ပါပြီဗျာ"

"ဟင်...အဖေကြီး နာနာ့ကို လိုက်ပို့ချင်တာ ဒီကျောင်းလား"

"ဟုတ်ပဗျား... လာ...ဆင်း... အဖေကြီး တာဝန်ကျ ဆရာမကို ခွင့်တောင်းလိုက်မယ်...ကျောင်းလဲ မတက်သေးဘူးဆိုတော့ ဝင်လို့ရပါတယ်"

အဖေကြီးက ဒီနေ့ ရုံးမသွားဘဲ နန္ဒာ့ကို လိုက်ပို့ချင်တဲ့တစ်နေရာရှိသည်ဟုဆိုကာ ခေါ်လာသည်က နန္ဒာတို့ ငယ်ငယ်က တက်ခဲ့သည့်...

"အ.ထ.က (၁) လသာ"

သားအဖနှစ်ယောက်သား ကျောင်းပေါက်ဝမှာရပ်လိုက်ကြသည်... အဖေကြီးက တာဝန်ကျဆရာမကို သွား၍ ခွင့်တောင်းနေစဉ် နန္ဒာက ကျောင်းကြီးကိုငေးကြည့်ပြီး ရင်ထဲမှာ ခံစားချက်တွေရောပြွန်းနေရသည်... တကယ်ကို မရောက်ဖြစ်ခဲ့တာ ကြာနေပြီဖြစ်တဲ့ ကျောင်းတော်ကြီး...

ငယ်ဘဝ အမှတ်တရတွေနှင့်ပြည့်နှက်နေခဲ့ပြီး ဘဝရည်မှန်းချက်တွေ ထွန်းလင်းခဲ့ရသည့်နေရာ... ဒီကျောင်းပေါက်ဝရောက်တိုင်း နန္ဒာက အဖေကြီးလက်ကိုဆွဲပြီးကျောင်းထဲကိုဝင်ရတဲ့နေ့ဆို သိပ်ပျော်ခဲ့ရတာ...

အသက်သိပ်မကွာတဲ့ အငယ်တွေရှိလာတဲ့အတွက်ကြောင့် မကြီးနဲ့ နန္ဒာက ခပ်မြန်မြန်ပဲ အကြီးရာထူးကိုရခဲ့ပြီး တချို့အခွင့်အရေးတွေကို အလျှော့ပေးရတာမျိုးတွေ ရှိလာတာကြောင့် အဖေကြီးက ကျောင်းလိုက်ပို့တဲ့နေ့ဆို မောင်နှမတွေကို တစ်ယောက်တစ်လှည့်စီ လက်ဆွဲပေးခဲ့သည်...

ဥပမာ... မကြီးက တနင်္လာနေ့ဆို နန္ဒာက အင်္ဂါနေ့ ... ကျန်တဲ့ အငယ်တွေက နောက်နေ့တွေ တစ်လှည့်စီ အဖေကြီးလက်ကိုဆွဲကြရသည်... ကိုယ့်နေ့မဟုတ်ဘဲ လက်ဆွဲချင်ရင် ဘယ်လောက်ပဲ အော်ငိုနေပါစေ အဖေကြီးက လုံးဝပေးမဆွဲခဲ့ပါ... ဒီလိုနဲ့ မောင်နှမတွေအကုန်လုံးက အဖေကြီးကြောင့် မျှမျှတတ နေထိုင်တတ်လာခဲ့ကြရသည်...

နန္ဒာ အတွေးလွန်နေစဉ်မှာပဲ အဖေကြီးက နန္ဒာ့ကို လက်ကမ်းပေးလာသည်...

"လာ...ငါ့သမီးကို အဖေကြီးက ဒီနေ့ကျောင်းလိုက်ပို့မယ်"

နန္ဒာက ပြုံးပြီးအဖေကြီးလက်ကိုဆွဲရင်း သားအဖနှစ်ယောက် ကျောင်းထဲသို့ ဝင်လာခဲ့ကြသည်... အရင်ဦးဆုံး မုန့်ဈေးတန်းဘက်ကို သွားပြီး အဖေကြီးက ရေခဲမုန့် ဝယ်ကျွေးသည်... ရေခဲမုန့်ကို ကျွတ်ကျွတ်အိတ်နဲ့ပတ်ပြီး နန္ဒာ့လက်ထဲကို ထည့်ပေးလာပုံက တကယ့်ကို ငယ်ငယ်ကအတိုင်းပင်...

ထို့နောက် တစ်ခြားဆိုင်တွေကို လျှောက်ပတ်ကြည့်ပြီး ယုန်နားရွက်လေးတွေပါသည့် ဘီးကုတ်လေးတစ်ခုလည်း ဝယ်ပေးသေးသည်... နန္ဒာ ကိုယ့်ကိုကိုယ် မူလတန်းကျောင်းသူလေး အဖြစ်ခံစားလာရသည်...

မုန့်ဈေးတန်းပတ်ပြီးတော့ သားအဖနှစ်ယောက်သား ကျောင်းဆောင်တွေအရှေ့ရှိ အပင်အောက် ခုံတန်းတွင် တူတူထိုင်လိုက်ကြသည်... ကျောင်းမတက်သေးသဖြင့် ကျောင်းဝန်းထဲ ပြေးလွှားဆော့ကစားနေကြသော ကလေးများကို လိုက်ကြည့်ရင်း နန္ဒာ့ရင်ထဲမှာ ကြည့်နူးနေရသည်...

"မီးလတ် ငယ်ငယ်က Father Day အတွက် ပန်းချီဝင်ပြိုင်ဖူးတာ မှတ်မိသေးလား"

"မှတ်မိတာပေါ့ အဖေကြီးကရဲ့...လေးတန်းတုန်းကထင်တယ်နော်... ပုံအောက်မှာ ရေးထားတဲ့ စာလေးကြောင့် ဆုရခဲ့တာလေ... အဲ့ဒါ အဖေကြီး ငှားလာပေးတဲ့ စာစောင်ထဲက စာကြောင်းလေးကို နာနာက ကူးရေးပြီး မှတ်ထားတာ"

"အဲ့ဒီစာလေး အဖေကြီးကိုပြန်ရွတ်ပြပါဦး"

"I am a Princess not because I have a prince but because my father is a King"

"ဟုတ်ပကွာ... အဲ့ဒီတုန်းက မီးလတ်က အဲ့ဒီစာကြောင်းလေးနဲ့ ပန်းချီလေးနဲ့ ဆုရလာတော့ အဖေကြီးက ပျော်လိုက်တာ... ငါ့သမီးက ကျောင်းစတက်ပြီဆိုကတည်းက အိမ်ကို ဆုတွေပေါင်းစုံ ယူလာပေးတာ တစ်ခုပြီးတစ်ခုပဲ... တစ်မိသားစုလုံးက ဂုဏ်ယူကြတာကွ... အငယ်တွေဆိုလဲ သူတို့ဟာသူတို့ တော်ကြပေမဲ့ မီးလတ်လောက် မလုပ်နိုင်တော့ မီးလတ်ကိုပဲ အားကျဂုဏ်ယူကြတာ"

အဖေကြီးရဲ့ စကားတွေကို နန္ဒာက ရေခဲမုန့်စားရင်း နားထောင်နေသည်... အဖေကြီးက ကျောင်းဆောင်တွေရှေ့က လမ်းကို လက်ညှိုးထိုးပြသည်...

"ဒီကျောင်းနဲ့ ဒီလမ်းမှာ အဖေကြီးတို့ မိသားစုအတွက် အမှတ်တရတွေ အများကြီးပဲ... အဖေကြီးက ကလေးတွေ ရခဲ့ဆုတွေကို ပိုက်ပြီး ဒီလမ်းပေါ်ကနေ ခေါင်းမော့ရင်ကော့ပြီး ပြန်ရတာကို အကြိုက်ဆုံးပဲ... သမီး ပန်းချီကတ်ထဲမှာ ရေးခဲ့တဲ့စာလေးလေ... သမီးက မင်းသမီးလေးတစ်ယောက်ပါ ဒါပေမဲ့ သမီးမှာ မင်းသားလေးရှိနေလို့ မင်းသမီးဖြစ်တာတော့ မဟုတ်ဘူး သမီးရဲ့အဖေက ဘုရင်ကြီး ဖြစ်လို့ မင်းသမီးလေးဖြစ်တာပါ တဲ့...
ဒါပေမဲ့ အဖေကြီးကတော့ အဲ့ဒီလိုမတွေးဘူး...
ငါ့သမီးလို အရမ်းတော်တဲ့ မင်းသမီးလေး ရှိနေလို့ အဖေကြီးက ဂုဏ်ယူရတဲ့ ဘုရင်ကြီးဖြစ်သွားတာ"

နန္ဒာ စိတ်ထဲမှာ ငိုချင်လာရပြီ... အဖေကြီးက အိတ်ကပ်ထဲမှ တစ်ရှူးကိုထုတ်ပြီး ရေခဲမုန့်စားထားလို့ ပေနေတဲ့ နန္ဒာ့လက်တွေကို ကလေးတစ်ယောက်လို သုတ်ပေးရင်း ဆက်ပြောသည်...

"ငါ့သမီးက ငယ်ငယ်ကဆို အဖေကြီးရေ သမီး ဒီပြိုင်ပွဲဝင်ပြိုင်မယ်...ဒီဆုကို ရအောင်ယူမယ်လို့ ပြောပြီးရင် မရရအောင် လုပ်နိုင်ခဲ့တာချည်းပဲ... အဖေကြီးက အငယ်တွေကို ဆုံးမတိုင်း မမနာနာကိုကြည့် မမနာနာလို ကြိုးစားဆိုပြီး အမြဲပြောခဲ့ရတာ...သမီးက တကယ်ပဲ အငယ်တွေအတွက် ဥပမာကောင်း ဖြစ်ခဲ့တယ်"

အဖေကြီးရဲ့မျက်နှာက အခုတောင်မှ ပြန်တွေးပြီး ဂုဏ်ယူဝံ့ကြွားနေဟန် အပြည့်ရှိနေသည်...

"အဖေကြီးရော အမေရောက ကလေးတွေကို ဘာဖြစ်ရမယ် ဘာလုပ်ရမယ်ဆိုပြီး ဖိအားပေးတာမျိုးတွေ မလုပ်ခဲ့ဘဲ ကလေးတွေဖြစ်ချင်တဲ့ အပေါ်မှာပဲ လိုက်ပြီးပံ့ပိုးပေးခဲ့ကြတာ သမီးတို့ အသိပဲ... အမေဆိုလည်း ကလေးတွေနဲ့အတူစာကြည့်စားပွဲမှာ ဝင်ထိုင်ပြီး ကလေးတွေ မူလတန်းဆို သူလည်း မူလတန်း...ကလေးတွေအလယ်တန်းဆို သူလည်း အလယ်တန်း အဲ့ဒီလိုမျိုး နေလာခဲ့တာ တော်စေချင်လို့ တတ်စေချင်လို့ ပံ့ပိုးခဲ့ကြရုံပဲ...ကျန်တာက ကလေးတွေ စိတ်ကြိုက် ကြိုက်တဲ့လမ်းကို လျှောက်စေခဲ့တာချည်းပဲလေ"

တကယ်လည်း ဟုတ်ပါသည်... နန္ဒာတို့အားလုံးကျောင်းပြီးသွားမှ အမေလဲ နားရတော့သည်... အခုတောင်မှ နန္ဒာက နိုင်ငံခြားမှာ ကျောင်းတက်ချင်သည်ဆိုပြီး တစ်နှစ်ပတ်လုံး ဝင်ခွင့်တွေအတွက် စာတွေလုပ်တော့ အမေက အနားမှာ လိုအပ်တာတွေ ပံ့ပိုးပေးခဲ့ရသည်...

"အဖေကြီးတို့ကတော့ ငါ့သမီး စိတ်တိုင်းကျဘယ်လို ဆုံးဖြတ် ဆုံးဖြတ် လက်ခံပေးမှာ... သမီး ကျောင်းသွားတက်ချင်လား... ဒီမှာပဲဆက်နေပြီး အလုပ်ဝင်ချင်လား... သမီးစိတ်ကြိုက် ဆုံးဖြတ်... ငါ့သမီးက အသက် ၂၆ နှစ်ရှိနေပြီ... အမှားအမှန် အကောင်းအဆိုး ဝေဖန်ပိုင်းခြားတတ်နေပြီ... သွားသင့်လား နေသင့်လား ငါ့သမီးခေါင်းထဲမှာ အဖြေက ရှိနေပြီးသားလို့ အဖေကြီးက ယုံတယ်"

"ဒီကျောင်းကြီးကို ကြည့်ပြီး သမီးရဲ့ ငယ်ဘဝ အိပ်မက်တွေကို ပြန်စဉ်းစားကြည့်ပေါ့... ရည်မှန်းချက်တွေထဲက ဘယ်နှစ်ခုပြီးမြောက်ခဲ့ပြီလဲ... ဘာတွေလုပ်ဖို့ကျန်နေသေးလဲ... ဘာတွေဆက်လုပ်ချင်သေးလဲ"

"အဖေကြီးကတော့ သမီး US မှာ ဘွဲ့ရရင် မင်းသမီးလေးရဲ့ ဘွဲ့ယူတဲ့ အခမ်းအနားကို တက်ရောက်ရတဲ့ ဘုရင်ကြီး လုပ်မှာပေါ့ကွာ... သမီးက မသွားတော့ဘဲ ဒီမှာနေရင်လဲ မိသားစုလုပ်ငန်းကို ဝိုင်းကူပေးနေတဲ့ မင်းသမီးလေးရဲ့ ဘုရင်ကြီး လုပ်မှာပေါ့...မဟုတ်ဘူးလား"

အဖေကြီးက နန္ဒာ့ခေါင်းကို အုပ်ကိုင်ပြီး ပြောသည်... နန္ဒာက ပါးပေါ်လိမ့်ဆင်းကျလာသော မျက်ရည်တို့ကို သုတ်လိုက်ပြီး အဖေကြီးလက်မောင်းကို ဖက်၍မှီတွယ်လိုက်သည်...

"နာနာက အဖေကြီးကို မင်းသမီးလေး ဘွဲ့ယူတဲ့ အခမ်းအနားတက်တဲ့ ဘုရင်ကြီးပဲ လုပ်ခိုင်းမှာ"

"အဟား... ဒီလိုဆိုရင်တော့ အဖေကြီးက ပျော်တာပေါ့ကွာ... ဘယ်နေရာရောက်ရောက် ငါ့သမီးက အကောင်းဆုံးလုပ်နိုင်မယ်လို့ အဖေကြီးက ယုံတယ်"

တကယ်တော့ နန္ဒာ့မှာ အဖြေကရှိနှင့်ပြီးသား ဖြစ်သည်... ငယ်ငယ်ကတည်းက အရိုးစွဲလာရတဲ့ အကျင့်အတိုင်း အဖေကြီးဆီက တွန်းအားတစ်ခုခုလိုနေခဲ့ရုံသာမလို့ ... အခုတော့ အားလုံးပြည့်စုံခဲ့ရပြီ...

နန္ဒာတို့ ကြည်ညွှန်း Family ကြီးရဲ့ ဘုရင်ကြီးကတော့ သူရဲ့မင်းသား မင်းသမီးလေးတွေကို နှစ်သိမ့်ပေးတတ်တဲ့နေရာမှာ အမြဲတမ်း သရဖူဆောင်းလျှက် ရှိနေတော့သည်သာ...

.............................................................................

အာကာ နဲ့ အစ်ကိုက မင်္ဂလာဧည့်ခံပွဲလုပ်ပြီးပေမဲ့ မင်္ဂလာဆွမ်းကျွေး မလုပ်ရသေးတော့ အဖွားကလုပ်စေချင်သည်...

"လုပ်မှပေါ့... ထုံးတန်းစဉ်လာပဲဟာကို... နာနာ နိုင်ငံခြား မသွားခင် အိမ်မှာလူစုံတုန်းလေး လုပ်လိုက်ကြ"

"သမီးလဲ လုပ်ပေးဖို့ စိတ်ကူးထားပါတယ် အမေ့မြေးတွေကကို မအားကြတာ သူတို့အလုပ်တွေနဲ့"

"နာနာက ဘယ်တော့သွားမှာတဲ့တုန်း"

"လိုပါသေးတယ် ၈ လပိုင်းလောက်မှပါ"

အဖွားနဲ့ အမေက အိမ်ရှေ့ဧည့်ခန်းမှာ စကားထိုင်ပြောနေကြပြီး အိမ်ပေါ်ထပ်မှ ဆင်းလာသော အာကာ့ကိုမြင်တော့ လှမ်းခေါ်သည်...

"Sweet လေး... လာဦး ဒီကို"

အာကာက အဖွားဆီသွားပြီး အဖွားပေါင်ပေါ်မှာ ဝင်ထိုင်မည့်ဟန်ဖြင့် စနောက်တော့ အဖွားက တစ်ဟားဟားနှင့် သဘောကျနေသည်... အမေက အာကာ့တင်ပါးကို လှမ်းရိုက်ပြီး...

"အဲ့ဒီကောင်လေးဟာလေ လူကဖြင့် အိမ်ထောင်ကျနေပြီ ခုထိ ကလေးလို လုပ်နေတုန်း"

"လုပ်မှာပဲ... အမေပဲ ငါ့သားသမီးတွေအသက် ၅၀ ရှိနေလည်း ကလေးပဲဆို"

"ကဲ ငြိမ်ငြိမ်ထိုင်စမ်းပါ... ညနေ အလုပ်ပြီးရင် ငြိမ်းကို ခေါ်ပြီး မဟာဝိဇယ ကျောင်းတိုက်မှာ ဆွမ်းကျွေးအတွက် သွားလျှောက်ထားလိုက်... စနေနေ့ နေ့ဆွမ်းလို့.... အမျိုးတွေနဲ့ သူငယ်ချင်းတွေလောက်ပဲ အနည်းအကျဉ်းဖိတ်ပြီး ဆွမ်းကျွေးပွဲလေး လုပ်လိုက်မယ်"

"အမေ့ အမျိုးတွေကတင် ကျောင်းနှစ်ကျောင်းစာရှိတယ်"

"ပိုပြန်ပြီဟယ်...သွားသွား ... နောက်ကျနေမယ် ငြိမ်းကရော"

"အိမ်ပေါ်မှာ ဘုရားရှိခိုးနေတယ်"

အာကာ့စကားကြောင့် အဖွားမျက်နှာက ပြုံးသွားပြီး ခေါင်းတညိတ်ညိတ်လုပ်နေသည်...

"သားငြိမ်းက တကယ့်ကိုမှ အဖိုးတန်လေး... ငါ့မှာ Sweet လေးယူလာတဲ့ ချွေးမနဲ့ အိမ်က မြေးတွေ မတည့်မှာ စိတ်ပူခဲ့သေးတာ အခုတော့ အေးချမ်းနေရောပဲ"

"ဒါပေါ့ အဖွားရဲ့... သားက အဖိုးတန် အမျိုးမှန်လေးပဲ ရွေးယူတာ...အဟားဟား"

အာကာတို့ စကားပြောနေတုန်း အစ်ကိုက အိမ်ပေါ်ထပ်မှဆင်းလာပြီး အဖွားနှင့် အမေ့ကို နှုတ်ဆက်သည်...

"အဖွား... အမေ... ကျွန်တော်တို့ သွားတော့မယ်နော်"

"အေးအေး သားတို့... ညနေ ဘုန်းကြီးကျောင်းသွားဖို့ မမေ့ကြနဲ့"

"ဟုတ်ကဲ့"

အခုနောက်ပိုင်းက စပြီးတော့ အာကာက အစ်ကို့ကို ကားမမောင်းခိုင်းတော့ဘဲ ကိုယ်တိုင်ပဲ နေ့စဉ် အကြိုအပို့ လုပ်ဖြစ်သည်...ရုံးချိန်အတွင်း အစည်းအဝေး ကိစ္စအပြင်သွားစရာရှိရင် သွားရအောင် ရုံးကားတစ်စီးနှင် Driver စီစဉ်ပေးထားသည်...

မဟုတ်ရင် ရုံးချိန်ကြီး ကားကိုတမင်မယူခဲ့ဘဲ တက္ကစီနှင့် ရောက်ရောက်လာတတ်သော မချယ်ရီကို ပြန်ပြန်လိုက်ပို့နေမှာစိုး၍ ဖြစ်သည်...

"အစ်ကို... ဒီနေ့ အပြင်သွားစရာ ရှိလား"

"ဒီနေ့ ဘာမှ မရှိဘူး"

"စနေနေ့ကျရင် ဆွမ်းကျွေးရှိတယ်တဲ့... စိတ်ညစ်ပြီဗျာ"

"ဟင်... ဘာလို့လဲ... ဆွမ်းကျွေး မလုပ်ချင်ဘူးလား မင်းက"

"မဟုတ်ပါဘူး... သောကြာနေ့ညကျရင်  အစ်ကို့ကို ချစ်လို့မရတော့ဘူးလေ မဟုတ်ရင် စနေနေ့ကျ အစ်ကို ပင်ပန်းနေမှာပေါ့"

အာကာ့အပြောကြောင့် အစ်ကိုက မျက်မှောင်လေး ကျုံ့ပြီးကြည့်လာသည်...

"so sweet နော်... မင်းကို သောကြာနေ့တိုင်း ချစ်ပါမယ်လို့ ဘယ်သူက ကတိပေးထားလို့လဲ"

"ဟာ... အဲ့လိုမရဘူးနော်... ကြားရက်တွေ အလုပ်ရှိလို့ အလွတ်ပေးထားတာ အကောင်းအောက်မေ့မနေနဲ့"

"ကျစ်!"

"ကြည့်ပြန်ပြီ အဲ့လိုအကြည့်တွေနဲ့... ဆွဲဖက်နမ်းပစ်လိုက်လို့ ရုံးကိုမရောက်ဘဲ နေတော့မယ်"

အာကာက ကားကို လမ်းဘေးထိုးရပ်ဖို့ပြင်တော့ အစ်ကိုက ဆူတော့သည်...

"အာကာကြည်ညွှန်း! မင်း...ကားကိုကောင်းကောင်း ဆက်မောင်းမှာလား မမောင်းဘူးလား!"

"မောင်းမယ်"

အာကာက ကားကိုလမ်းကြောင်းပေါ်ပြန်တင်ပြီး ငြိမ်ငြိမ်နေလိုက်ရသည်... မဟုတ်ရင် ညစာတွေရော မနက်စာတွေရော ငတ်ကုန်မှဖြင့်...

.............................................................................

ငြိမ်းတို့ တစ်မနက်လုံး အေးအေးချမ်းချမ်းရှိနေခဲ့ပြီး နေ့လည်စာစားချိန်ရောက်မှ ပြဿနာက ရောက်လာတော့သည်... ငြိမ်းက နေ့လည် ၁၂ နာရီအထိ အစည်းဝေးရှိသဖြင့် နောက်ကျပြီးမှ ရုံးခန်းထဲသို့ ပြန်လာရသည်... ဒီအချိန်ဆို So sweet ထမင်းစားဖို့လာခေါ်လောက်ပြီ... ပုံမှန် ၁၁ နာရီခွဲလောက်ဆို So sweet က ဗိုက်ဆာတတ်သည်မို့ နာရီဝက်တောင် နောက်ကျနေပြီ... ငြိမ်း ခြေလှမ်းတို့ကို ခပ်သွက်သွက် လှမ်းလိုက်သည်....

ရုံးခန်းတံခါးကို ဖွင့်လိုက်တော့ အခန်းရဲ့ လေထုက သိသိသာသာ အေးစက်နေသည်...

"ဟင်"

ရုံးခန်းထဲမှာ ငြိမ်းကို မထင်မှတ်ထားတဲ့ မြင်ကွင်းက စောင့်ကြိုနေတော့သည်... So sweet က ဧည့်သည်ဆိုဖာခုံတွင် ခြေချိတ်ထိုင်နေပြီး မျက်နှာကို တင်းမာလျှက် လက်ပိုက်ထားသည်...

So sweet နဲ့ မျက်နှာချင်းဆိုင်မှာ ချယ်ရီက ထိုင်နေပြီး စားပွဲပေါ်တွင် ထမင်းချိုင့်များကို အဆင်သင့် ခင်းကျင်း ပြင်ဆင်ထားသည်... ချယ်ရီက ငြိမ်းကိုတွေ့တော့ ဝမ်းသာအားရ မတ်တပ်ထရပ်ပြီး နှုတ်ဆက်သည်...

"ငြိမ်း... နောက်ကျလိုက်တာ နင်ကလည်း"

"ချယ်ရီ က ဘယ်လိုရောက်လာတာလဲ"

"ဒီနေ့  ငါ off day လေ... နင်နဲ့ တူတူထမင်းစားမလို့... လာ... နင့်အကြိုက်တွေချည်းပဲ ငါမနက်အစောကြီး ထပြီးချက်လာတာ"

"အာ... ဘာလို့ချက်လာရတာလဲ... ပိတ်ရက်ကို အိမ်မှာနားတာ မဟုတ်ဘူး"

ငြိမ်းက ချယ်ရီ့ကို ပြန်ပြောရင်း လက်ထဲမှ ဖိုင်တွဲတွေကို အလုပ်စားပွဲပေါ်သွားချလိုက်သည်... ပြီးမှ So sweet ဘေးမှာ ဝင်ထိုင်လိုက်ပြီး So sweet မျက်နှာကို ကြည့်လိုက်တော့ တော်တော်လေးကို စူပုတ်နေပေပြီ...

"So sweet ဘယ်ချိန်ကရောက်... ဗိုက်ဆာနေပြီလား"

"ဪ ဟော်... တော်သေးတယ်ဗျ ကိုငြိမ်းအေးအိမ်က ဒီမှာ ယောက်ကျားတစ်ယောက်လုံးထိုင်နေတာကို မြင်သေးလို့"

"So sweet ကကွာ... မမြင်ရအောင် ကိုယ်က အကန်းမှ မဟုတ်တာ"

"မသိဘူးလေ... မိုးမမြင် လေမမြင်တွေ ဖြစ်နေလားလို့"

"So sweet!"

ငြိမ်းက ခပ်ကျိတ်ကျိတ်လေး အော်လိုက်တော့ ငြိမ်းကို မျက်မှောင်ကြီးကျုံ့ပြီး ကြည့်လာသည်... သူများရှေ့မှာ စကားမများချင်တာကြောင့် ငြိမ်းကပဲ ငြိမ်နေလိုက်ပြီး စားပွဲပေါ်က ဟင်းများကိုကြည့်လိုက်သည်... အရင်ကဆို ငြိမ်းက စားချင်လို့ ချယ်ရီ့ကို တကူးတကချက်ခိုင်းခဲ့သည့်ဟင်းတွေနှင့် စုံနေသည်... သို့ပေမဲ့ ထမင်းချိုင့် နှစ်ချိုင့်တည်း...

So sweet က သေချာပေါက် ဗိုက်ဆာနေလောက်ပြီမို့ ငြိမ်း အားနာနာနဲ့ပဲ ချယ်ရီ့ကိုစကားစရသည်...

"ချယ်ရီ... ဒီလို လုပ်ကြမလား ငါတို့ ဆိုင်မှာပဲ တူတူသွားစားလိုက်ကြမယ်လေ... So sweet ကလည်း ဗိုက်ဆာနေပြီမလို့"

"ဟယ်... ငြိမ်းရယ်... ငါ့မှာ တကူးတကကြီး ချက်လာရတာ နင်ကလည်း... နည်းနည်းဖြစ်ဖြစ်တော့ စားပါဟယ်... ပြီးရင် နှစ်တို့နှစ်ယောက် သွားစားကြပေါ့... ငါမလိုက်တော့ပါဘူး"

"ဟို... နင်က လာမယ်ဆိုတာ ကြိုလည်း မပြောထားတော့လေ... နောက်မှပဲ..."

"ရော့ပါ ဒါနင်ကြိုက်တဲ့ ဟင်းလေ တစ်လုပ်လေးလောက်ပဲ ဖြစ်ဖြစ်စားသွားပါဟယ်"

ချယ်ရီက ထမင်းချိုင့်ထဲ ဟင်းတွေခပ်ထည့်ပြီး ငြိမ်း ဆီသို့အတင်းကမ်းပေးလာသည်... ငြိမ်းက ယောင်နနနဲ့ လှမ်းယူလိုက်ပြီးမှ So sweet ဗိုက်ဆာနေမှန်း သိသဖြင့် So sweet ကို တစ်ဇွန်း နှစ်ဇွန်းလောက် ခွံ့ကျွေးပြီးမှ အပြင်မှာ သွားစားကြမည်ဟု တွေးလိုက်သည်... ၁၂ နာရီကျော်နေပြီမို့ အဆာလွန်ပြီး So sweet ဗိုက်အောင့်မှာ စိတ်ပူရသည်... ကားမောင်းတာနဲ့ စားနေကျဆိုင်ရောက်ဖို့ကနည်းနည်းကြာဦးမှာ မဟုတ်လား...

သို့သော်လည်း ငြိမ်းမှာ So sweet ကို ခွံ့ကျွေးတဲ့ဆီပင် မရောက်လိုက်ရပဲ ထမင်းချိုင့်ထဲမှ ဇွန်းကို ကိုင်လိုက်ရုံပင် ရှိသေးသည် So sweet က ထိုင်နေရာမှ ဝုန်းခနဲ့ထရပ်ပြီး ကားသော့ကို စားပွဲပေါ်သို့ ပစ်တင်ခဲ့ကာ ခြေလှမ်းကျဲကြီးများနှင့် အခန်းထဲက ထွက်သွားတော့သည်...

"ဟင်... So sweet နေဦး!"

ငြိမ်း အော်ခေါ်တာကိုပင် တစ်စက်ကလေးမှပင် လှည့်မကြည့်သွားတော့ပေ... ငြိမ်း လက်ထဲမှ ချိုင့်ကို စားပွဲပေါ်သို့ ပြန်ချထားလိုက်ပြီး အပေါက်ဝသို့ ပြေးလိုက်သွားလိုက်သည်... တံခါးဖွင့်ပြီးမှ So sweet ပစ်ချထားခဲ့သော ကားသော့နှင့် ပိုက်ဆံအိတ်ကို ပြန်ပြေးပြီး အမြန်လာယူရသည်...

"ချယ်ရီ... Sorry ပါဟာ... နင် အေးဆေးစားပြီးမှ ပြန်လိုက်နော်... ငါ So sweet နောက်လိုက်သွားလိုက်ဦးမယ်"

"ငြိမ်း... ဟဲ့... ငြိမ်း!!"

ငြိမ်းက ချယ်ရီ့ကို လက်ကာပြခဲ့ပြီး ရုံးအောက်သို့ အပြေးတစ်ပိုင်း နှင့် ဆင်းလိုက်လာရသည်... အရေးထဲ ဓာတ်လှေခါး စောင့်နေရသေး၍ အချိန်က ကြာနေသည်... ဘောင်းဘီ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ပြီး ဆက်လိုက်တော့ ဖုန်းပါပိတ်သွားပြီ...

So sweet ကို စိတ်ညစ်အောင် မလုပ်ပါဘူးလို့ ကတိပေးထားပြီးမှ ငြိမ်းက ထပ်ပြီးစိတ်ညစ်အောင် လုပ်မိပြန်သည်ထင်၏... ငြိမ်းခေါင်းထဲမှာ အစီအစဉ်က So sweet အဆာလွန်မှာစိုး၍ ထမင်းနည်းနည်းကျွေးပြီး ချယ်ရီ့ကိုအားနာကြောင်းပြောကာ အပြင်မှာ သွားစားကြရန်ဖြစ်သည်... ဒါကို ငြိမ်းနဲ့ပတ်သက်ရင် စိတ်ဆတ်လွန်းတဲ့ ကောင်လေးက ဝုန်းဝုန်းဒိုင်းဒိုင်း လုပ်သွားလိုက်တာများ...

ကားပါကင်ကို ရောက်တော့ ကားထဲဝင်ထိုင်ပြီး စိတ်မကောင်းဖြစ်ရပြန်သည်... ငြိမ်းကို စိတ်ကောက်သွားသူက ငြိမ်းအိမ်ပြန်မခက်စေရန် ကားသော့ကိုတော့ ထားသွားပေးခဲ့သည်... ငြိမ်းတို့ စားနေကျဆိုင်ဘက်ကို မောင်းထွက်လာပြီး လမ်းဘေးဝဲယာ တစ်လျှောက်ကိုလည်း ကြည့်ရသေးသည်... အရိပ်ယောင်ပင် မမြင်ရပုံထောက်ရင်တော့ တွေ့တဲ့ တက္ကစီ တစ်စီးစီး ငှါးစီးသွားပုံရသည်...

စားနေကျဆိုင်ရောက်လို့ So sweet ကိုမတွေ့ရတော့မှ ပိုစိတ်ပူလာရသည်... ဟင်းချေးများပြီး တွေ့ရာမစားတတ်သည့် ကောင်လေးက ဒီမှာမှမစားလျှင် တစ်ခြားနေရာမှာ စားမည်မဟုတ်ပေ... ငြိမ်း ဆိုင်ထဲမှ ပြန်ထွက်လာပြီး လေးမောင်ဆီ ဖုန်းခေါ်ရတော့သည်...

"အေး...ပြော ... ငြိမ်း"

"လေးမောင်... So sweet ပြန်ရောက်ပြီလား"

"ရုံးကိုလား... မသိဘူးလေကွာ... ငါက ဒီမှာ တူမတော်တွေနဲ့ ထမင်းထွက်စားနေတာ"

"တစ်ယောက်ယောက်ကို မေးပေးပြီး ဖုန်းပြန်ဆက်ပေးပါလား လေးမောင်"

"ဒီကောင်တွေ ဘာဖြစ်ကြပြန်ပြီလဲဟ"

"ဟို... ဘာမှတော့ မဖြစ်ပါဘူး... ထမင်းမစားရသေးပဲ... ကျွန်တော့ကို နည်းနည်းစိတ်ဆိုးသွားလို့"

"ဖြစ်ပြန်ပြီ ဒီကောင်... ဆွမ်းကျွေးလုပ်ခါနီးမှ...အေးအေး... ငါ ပြန်ဆက်ပေးမယ်"

"ဟုတ်ကဲ့"

ဖုန်းချကာ ငြိမ်းကားကို "မဟာကြည်ညွှန်း Trading"ရှိရာဘက်သို့ ပြန်ကွေ့လိုက်ပြီး သက်ပြင်းချလိုက်မိသည်... လေးမောင်ပြောမှ သတိရသည်... လာမည့်စနေနေ့ဆို ငြိမ်းတို့ ဆွမ်းကျွေးပွဲလေးရှိသေးသည်...

ငြိမ်းရဲ့ အမျိုးသားလေး မြန်မြန်စိတ်ကောက်ပြေမှ ရပါမည်...

ငြိမ်း "မဟာကြည်ညွှန်း Trading" နား မရောက်ခက်မှာပဲ လေးမောင်ဆီက ဖုန်းဝင်လာသည်...

"ဟုတ်... လေးမောင်"

"အေး... ငြိမ်းရေ ဟိုကောင် သူ့ရုံးခန်းထဲဝင်သွားတာ တွေ့လိုက်တယ်တဲ့ ကလေးတစ်ယောက်ကပြောတယ်"

"ဟုတ်ကဲ့ လေးမောင်... ကျွန်တော် သွားလိုက်မယ်... လေးမောင်တို့ ပြန်လာရင် ကျွန်တော်တို့နှစ်ယောက်ဖို့ နေ့လည်စာဝယ်ခဲ့ပေးပါဦး"

"အေးအေး"

"ဟိုလေ... လေးမောင်"

"ဟေ"

"ရောက်ရင်လေ အခန်းအပြင်မှာပဲ ထားခဲ့ပေးပါနော်"

"အဟားဟား အေးပါကွာ... ချော့ရတော့မှာမဟုတ်လား... တကယ့်ကောင်တွေကွာ"

ငြိမ်းအခုမှ စိတ်အေးရတော့သည်... စိတ်ဆိုးပြီး ဟိုဟိုဒီဒီ လျှောက်မသွားတတ်သည့် အကျင့်လေးက ချစ်ဖို့ကောင်းသည်... မဟုတ်ရင် ငြိမ်းမှာ ဘယ်လိုက်ရှာလို့ ရှာရမှန်းလည်း မသိ...

ငြိမ်းကားကို ပါကင်မနည်းရှာရပ်ပြီး ကျောင်းသုံး ရုံးသုံးပစ္စည်းတွေရောင်းသည့် စူပါမားကတ်ထဲသို့ဝင်လိုက်ကာ ပစ္စည်းတစ်ချို့ ရွေးဝယ်လိုက်သည်... ထို့နောက် ကားထဲမှာ ထုတ်ပိုးပြင်ဆင်ပြီးမှ So sweet တို့ ရုံးသို့ ထွက်လာခဲ့လိုက်သည်...

ရုံးရောက်တော့ ထမင်းစားချိန်မို့ လူရှင်းနေသည်... ငြိမ်းကို နှုတ်ဆက်ကြသည့် ဝန်းထမ်းတွေကိုပြန်နှုတ်ဆက်ပြီး So sweet ရဲ့ ရုံးခန်းထဲကို ဝင်လိုက်ကာ တံခါးကို လော့ခ် ချခဲ့သည်... အလုပ်စားပွဲမှာ ထိုင်နေရာမှာ ငြိမ်းကိုတွေ့တော့ မျက်မှောင်ကျုံ့ပြီး ဆိုဖာခုံရှည်ပေါ်မှာ သွားပြောင်းထိုင်သည်...

"So sweet "

"ကျစ်! ဒီလောက် နေတွေပူနေတာကို ဘာလိုက်လုပ်တာလဲ"

"မင်းက ကိုယ့်ကိုစိတ်ဆိုးသွားတာကို"

"စိတ်ဆိုးတာမဟုတ်ဘူး... အချစ်ဆုံးသူငယ်ချင်းတွေ ထမင်းတူတူစားကြမှာကို မနှောက်ယှက်ချင်လို့"

"တကယ်တော့ အဲ့ဒီထမင်းက ကိုယ်စားမလို့ မဟုတ်ပါဘူး...မင်းကို ကျွေး မလို့ပါ"

အာကာက အစ်ကို့ကို မျက်မှောင်ကုတ်ပြီး ကြည့်လိုက်သည်... တကယ် စိတ်ဆိုးပစ်ချင်သည်... စိတ်ဆိုးလို့လဲ မလုပ်စဖူး ထားခဲ့ပြီး ထထွက်လာတာကို လိုက်လာသေးသည်... လိုက်လာတော့ မျက်နှာလေးကိုမြင်ရသည်... မြင်ရတော့ စိတ်ဆိုးတာက ပြေချင်လာရပြီ... ဒါပေမဲ့ လွယ်လွယ်နဲ့တော့ မပြေပေးချင်သေး... မကြိုက်ပါဘူးဆိုတာကို ခုထိမပြတ်မသားနဲ့ လုပ်နေသူကို တကယ်ကို စိတ်ရှိလက်ရှိ ကိုင်ဆောင့်ပစ်ချင်သည်...

အာကာက စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေတော့ အစ်ကိုက သူယူလာသော ကျွတ်ကျွတ်အိတ်ထုတ်ထဲကနေ Note pad sticker လေးထုတ်ပြီး ဘောပင်တစ်ချောင်းနဲ့ ဘာတွေရေးနေမှန်းမသိပေ...

ခဏကြာတော့ sticker တစ်ခုကိုဖြုတ်ပြီး အာကာ့နဖူးကို လာကပ်သည်... အာကာက စူပုတ်နေတဲ့မျက်နှာကို တစ်စက်ကလေးမှ မလျှော့ဘဲ နဖူးမှ sticker ကို ခွါကြည့်လိုက်သည်... Note pad ပေါ်မှာ လက်ရေးလှလှလေးနှင့်ရေးထားတာက....

"ချစ်တဲ့ အကြောင်းကို ဖွဲ့နွဲ့ပြီးမပြောပြတတ်ဘူး... ကောင်းကင်တွေ မြေကြီးတွေနဲ့လည်း မနှိုင်းပြတတ်ဘူး... ဒါပေမဲ့ တိမ်တွေကြားထဲမှာ မြင်ခဲ့ရတဲ့ အပြုံးလေးတစ်ပွင့်ကိုတော့ တစ်သက်လုံးအတွက် သိမ်းထားချင်မိသွားတာ"

အာကာ ရင်ထဲ တဒုတ်ဒုတ်နှင့်ပင် ဖြစ်သွားရသည်... မျက်စိရှေ့မှာ ထိုင်ပြီး စာတွေရေးနေသူကိုကြည့်ရင်း အံ့သြနေရသည်... ချေမိုးနေတဲ့ မာနခဲလေး ငြိမ်းအေးအိမ်မှ ဟုတ်ပါရဲ့လား.... အာကာကြည့်နေစဉ်မှာပဲ နောက်ထပ် sticker တစ်ခုကိုခွါပြီး အာကာ့လက်မောင်းမှာ လာကပ်ပြန်သည်... အာကာက ခွါပြီး ဖတ်လိုက်တော့ နောက်ထပ်ရေးထားသည်က...

"ကိုယ်နေမကောင်းဖြစ်တုန်းက စိတ်ပူနေတဲ့မျက်ဝန်းတွေကို သေသေချာချာမြင်ခဲ့ရတာမို့ ကိုယ့်ကိုကိုယ် ကျန်းမာအောင် ပိုဂရုစိုက်ဖြစ်ခဲ့တာ... အဲ့ဒါကလည်း ချစ်တာကို ဖော်ပြတဲ့နည်း တစ်မျိုးပဲလို့ ကိုယ်ထင်တယ်"

အာကာ့ ရင်ထဲမှာ တစ်လှပ်လှပ်နဲ့ ဖြစ်နေရပြီ...
ငြိမ်းအေးအိမ် ဒါတွေဘယ်က တတ်လာပါသလဲ...

အစ်ကိုက နောက်ထပ် sticker တစ်ခုကို ခွါပြီး အာကာ့ရဲ့ ရင်ဘတ်မှာ လာကပ်ပြန်သည်... ဒီတစ်ခါ ရေးထားတာက...

"ဘဝမှာ အချစ်ရဆုံးသူတွေ လောကကြီးက ထွက်သွားကြလို့ ပြိုလဲလုနီးနီး ဖြစ်နေရတုန်းမှာ ဘုရားသခင်က တိမ်တွေကြားထဲကနေ သကြားလုံးလေးတစ်လုံး လက်ထဲကို ထည့်ပေးခဲ့တယ်.... တစ်ခါမှ မမြည်းစမ်းဘူးတဲ့ အရသာမို့ ကုန်သွားမှာတောင် နှမြောမိတဲ့အထိ.... သကြားလုံးလေးရဲ့ အရသာက.... So sweet!"

အား!! တကယ်ပါပဲ.... အာကာ လက်သီး တစ်ဖက်ကို ကျစ်နေအောင်ဆုပ်ထားပြီး အသက်ရှုနှုန်းကို ပုံမှန်ပြန်ဖြစ်အောင် ထိန်းနေရသည်... အစ်ကိုက နောက်ထပ် Sticker တစ်ခုကို အာကာ့ရဲ့ ခြေသလုံးနားမှာ လာကပ်ပြန်သည်...

"ညဘက်တွေ အိပ်နေရင်း စောင်လွတ်တတ်တဲ့ ကောင်လေးကို ခြေထောက်တွေအေးနေလား ထထစမ်းကြည့်ပြီး စောင်ပြန်ခြုံပေးတတ်တာ အကျင့်လိုဖြစ်နေခဲ့ပြီ... အဲ့ဒါက ချစ်တယ်လို့ ၅ ခါပြောတာနဲ့ ညီမျှတယ်ဆိုရင် ကိုယ် မင်းကို တစ်ညမှာ အခါ ၂၀ လောက် ချစ်တယ်"

အာကာ မေးရိုးတွေတင်းနေအောင် အံကိုကျိတ်ထားလိုက်မိသည်... လူကိုပြုစားနေလိုက်တာ အစ်ကိုရယ်.... ဒီကောင်က အဲ့ဒီလို မဟုတ်တောင် အရည်ပျော်နေပြီးသားမို့ ဒီလောက်နဲ့ ရပ်လိုက်ရင် ကောင်းမယ်... ဒီတစ်ခါ ထပ်ရောက်လာသည့် sticker လေး က အာ့ကာ့လက်ဖဝါးဆီသို့...

"နွေးထွေးတယ်! ကိုယ်တို့ လက်ချောင်းတွေ ယှက်နွယ်ကြတဲ့အခါ လက်ဖဝါးတွေဆီက အနွေးဓာတ်က နှလုံးသားထဲအထိ တိုက်ရိုက်ရောက်သွားတယ်လို့ ခံစားရတယ်... မရည်ရွယ်ပဲ မတော်တဆ စိတ်ဆိုးအောင် လုပ်မိတဲ့အခါ ဖြုတ်ချမထားခဲ့ပါနဲ့... အနွေးဓာတ်မရတော့တဲ့ ကိုယ့်နှလုံးသားက ခဲသွားလိမ့်မယ်"

"အစ်ကို့!"

နှုတ်ဆိတ်မနေနိုင်တော့စွာ အာကာက ခေါ်မိတော့ နောက်ထပ် sticker တစ်ခုက အာကာ့နှုတ်ခမ်းဆီသို့...

"ချစ်လို့ အူတိုတတ်တာ နားလည်တာမို့ မတိုနဲလို့ မတားပါဘူး... အဲ့ဒီအစား အနားမှာပဲကပ်ပြီး အူတိုပါ... ကိုယ်က မြန်မြန်ချော့ချင်တာမို့ လိုက်ရှာရမဲ့ အချိန်တွေကို နှမြောတယ်"

"ငြိမ်းအေးအိမ်!"

အာကာ တကယ်ကို အူယားလာရပြီး ရှေ့မှ ကိုယ်လုံးလေးကို အတင်းဆွဲဖက်ဖို့ပြင်တော့ ရင်ဘတ်ကို လက်နှင့်ထောက်တွန်းထားသည်...

"နေဦး... ရော့ ဒီမှာ...ဒါတွေ မင်းကြိုက်တဲ့ နေရာမှာကပ်... ကိုနမ်းပေးမယ်"

"ဘာ"

အစ်ကိုက ကလေးတွေဆော့သည့် ကာတွန်းရုပ် sticker ထုတ်လေးကို အာကာ့လက်ထဲထည့်ပေးလာသည်...

"တကယ်လား"

"အင်း"

အာကာ ဟက်ခနဲရယ်လိုက်မိသည်... ငြိမ်းအေးအိမ်လေးက လူကို ကလေးများထင်နေလားမသိဘူး... Sticker ထုတ်ကို ဖွင့်လိုက်ပြီး အာကာ ညစ်ကျယ်ကျယ် တစ်ချက်ပြုံးလိုက်သည်... အထဲမှ sticker တစ်ခုကို ထုတ်ပြီး နဖူးမှာ ကပ်လိုက်သည်...

"ပြွတ်!"

အစ်ကိုက အာကာ့နဖူးကို ပြွတ်ခနဲ နမ်းသည်... အာကာက နောက်တစ်ခုကို ထုတ်ယူလိုက်ပြီး ပါးတစ်ဖက်မှာကပ်လိုက်သည်...

"ပြွတ်!"

"အဟင်း"

အာကာက ထိုင်နေရာမှ ထရပ်လိုက်ပြီး အစ်ကို့ကို မချိုမချဉ်အပြုံးနှင့် ကြည့်ကာ ဘောင်းဘီဇစ်ကို ဆွဲဖွင့်လိုက်တော့ အစ်ကိုက မျက်လုံးလေးဝိုင်းလျှက် မော့ကြည့်လာသည်... ထိုနောက် ဘောင်းဘီကို နည်းနည်းဆွဲချပြီး အတွင်းခံပေါ်မှာ sticker တစ်ခုကို ကပ်ပစ်လိုက်သည်...

ကဲ... ငြိမ်းအေးအိမ်လေး... ခင်ဗျား ဘာဆက်လုပ်မလဲ...

အာကာက ရယ်ချင်ပက်ကျိဖြစ်နေတာကို ထိန်းပြီး အစ်ကို့ကို မျက်ခုံးပင့်ပြတော့ အစ်ကိုက မျက်မှောင်ကျုံ့ပြီးပြန်ကြည့်လာသည်... သို့သော်လည်း မထင်မှတ်ထားတဲ့ အစ်ကို့ရဲ့ တုံ့ပြန်မှုကြောင့် ဒီတစ်ခါ မျက်လုံးပြူးသွားရသူက အာကာဖြစ်သွားရတော့သည်...

"ပြွတ်!"

"ငြိမ်းအေးအိမ်!!!"

အာကာ ဒီတစ်ခါတော့ တကယ်ပင် စိတ်မထိန်းနိုင်စွာနှင့် အစ်ကို့တစ်ကိုယ်လုံးကို သိမ်းပွေ့ပစ်လိုက်ပြီး မှီရာနေရာတိုင်းကို အကြမ်းပတမ်း ဆွဲနမ်းပစ်လိုက်တော့သည်...

"အင့်! So sweet! အသက်ရှုကျပ်တယ်"

"ကျစ်! ငြိမ်ငြိမ်နေကွာ"

ရုံးခန်းထဲမှာ နှစ်ယောက်သား လုံးထွေးပြီး ချွေးပျံနေကြသလောက် ရုံးခန်းအပြင်ဘက်မှာတော့ လေးမောင်လာချိတ်ထားပေးသွားသည့် နေ့လည်စာတွေက အေးစက်နေကြပြီ...

............................................................................

ငြိမ်းတို့ မြောက်ဒဂုံထဲရှိ မဟာဝိဇယ ကျောင်းတိုက်တွင် နေ့ဆွမ်းကပ်လှူကြသည်... ဆွေမျိုးတွေနှင့် မိတ်ဆွေ သူငယ်ချင်း တစ်ချို့လောက်သာ ဖိတ်ကြားပြီး အဖွားစိတ်ကျေနပ်စေရန် လုပ်ပေးခြင်းသာဖြစ်သည်... So sweet သူငယ်ချင်း တစ်ချို့ကလာကူပေးကြသည်... ချယ်ရီက ဂျူတီရှိ၍ မလာနိုင်သဖြင့် So sweet မျက်နှာက ရွှင်မြူးလို့နေသည်...

"အစ်ကိုရေ့ တရားနာမယ်တဲ့... လုပ်ပါဦး ဒီမှာ ပုဆိုးကျွတ်သွားပြန်ပြီ... ခိုင်ခိုင်လေး လုပ်ပေး"

So sweet က ပုဆိုးကို အစွန်းနှစ်ဖက်မှကိုင်ပြီး ပြေးလာသည်... တစ်မနက်လုံး ပုဆိုးကျွတ်နေသဖြင့် ငြိမ်းပြန်ပြန်ဝတ်ပေးနေရသည်မှာ ၁၀ ခါထက်မနည်းတော့ပေ...

"မင်းက ငြိမ်ငြိမ်မှ မနေတာကွ... တရားနာပြီးရင် လဲထားလိုက်တော့"

"အင်းပါ"

So sweet ကို ပုဆိုးခိုင်အောင် ပြန်ဝတ်ပေးပြီး တရားနာရန် နေရာသို့ သွားရသည်... So sweet သူငယ်ချင်းတွေလဲ ငြိမ်းတို့နား ဝင်ထိုင်ကြသည်... ဆရာတော်ကြီးက တရားကို တိုတိုတုတ်တုတ်ပဲ ဟောပြီး ရေစက်ချ အမျှဝေကြရသည်... အရာအားလုံး အစီစဉ်တကျ အဆင်ချောလာကြပြီး အမျှဝေသာဓုခေါ်မှပဲ အမြှီးတစ်တော့သည်...

ထုံးစံအရဆိုလျှင် အမျှ အမျှ အမျှ သုံးကြိမ်ဝေပြီးမှ သာဓုခေါ်ကြရမည်ကို သူများတွေ အမျှအမျှ အော်နေကြတုန်း So sweet သူငယ်ချင်း ဝဇီရာကျော်က အိပ်ချင်မူးတူး သူ့အသံကျယ်ကြီးနှင့် သာဓု သာဓု ဟုထအော်တော့သည်...

ထိုအခါ အမျှ အမျှ အမျှ နှင့် သာဓု သာဓု သာဓု အသံတွေက တစ်ပြိုင်တည်း ထွက်လာကာ လုံးထွေးကုန်ကြပြီး...

"အာလူး!! အာလူး!! အာလူး!!"

"ခွီ"

ဟေမာနဲ့ ကေသာက အသံမထွက်အောင်ကျိတ်ရယ်နေကြသော်လည်း မကြီးနဲ့ အမေက နောက်သို့လှည့်၍ မျက်စောင်းထိုးသည်... မော်မော်ဆို တခိခိနှင့်ပင် ဖြစ်နေတော့သဖြင့် ဆရာတော်က ဟန့်တားပြီး နောက်တစ်ကြိမ် ပြန်တိုင်ပေးရတော့သည်...

ထိုအခါမှ အမြှီးအမောက်တည့်သွားကြပြီး ငြိမ်းတို့ ဆွမ်းကပ်ပွဲလေး အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ခဲ့ရပြီ...

အားလုံးပြီး၍ အိမ်ပြန်ပြီးနားကြတော့ ငြိမ်းက အခန်းထဲက စားပွဲမှာထိုင်ပြီး ရုံး email တွေစစ်နေသည်... So sweet က အခန်းထဲမှာ တောင်လျှောက် မြောက်လျှောက် လုပ်နေပြီး ငြိမ်းနားမှာ လာရပ်ပြန်သည်...

"အစ်ကို! "

"ဟင်"

"အလုပ်က မပြီးသေးဘူးလား"

"အင်း ပြီးတော့မှာ"

"ဘယ်လောက်ကြာဦးမှာလဲ"

"ဟင်"

ငြိမ်းက email ဖတ်ရင်း တန်းလန်းနဲ့မို့ So sweet ပြောတာကို အာရုံမရဖြစ်နေသည်...

"ကြာဦးမှာလားလို့"

"အစ်ကို့"

"ကဲ... So sweet ရာ ... ဘာဖြစ်ချင်နေတာလဲ"

"ဟိုဟာဖြစ်ချင်နေတာ"

"ဟမ်"

"နော် လို့"

"အာ... ဒီအချိန်ကြီးကို"

"ဒီအချိန်ကြီး မဖြစ်ရဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ...ခုနက ရေချိုးခန်းထဲမှာ Douching လုပ်ထားတဲ့ ပစ္စည်းတွေ တွေ့ခဲ့တယ်... အဟင်း"

"ကိုယ် အလုပ်မပြီးသေး...အ!"

ငြိမ်းစကားပင် မဆုံးသေးဘဲ So sweet က ငြိမ်းကို ပွေ့ချီခေါ်လာပြီး ခုတင်ပေါ်တွင် ပစ်ချလိုက်သည်...

"နေဦး... So sweet! ပြုတင်းပေါက်တွေ သွားပိတ်ဦး"

So sweet က စိတ်မရှည်စွာနှင့် တံခါးတွေလိုက်ပိတ်ပြီး ငြိမ်းဆီပြန်ပြေးလာသည်... ခုန ပြုတင်းပေါက်နားက ဖြတ်လာတုန်း ခြံထဲမှာ အဖေကြီးက တစ်ယောက်ယောက်နဲ့ အခြေတင်ဖုန်းပြောနေတဲ့ ပုံစံတွေ့လိုက်ရသည်မို့ ငြိမ်းစိတ်ထဲ ထင့်သွားရသည်...

သို့သော်လည်း ငြိမ်းမှာ ကြာကြာတွေးချိန်မရလိုက်ပေ.... ငြိမ်းရဲ့ အမျိုးသားလေးက တိမ်ပင်လယ်ကြီးမှာ လက်ပစ်ကူးဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ...

ငြိမ်းတို့နှစ်ယောက် တိမ်တွေထဲမှာ မမောနိုင်မပန်းနိုင် ကူးခတ်ကြတော့သည်... အလေ့အကျင့်ကြောင်ပဲလားမသိ ငြိမ်းတောင်မှ သက်လုံကောင်းလာခဲ့ရပြီ...

ချစ်ခြင်းနဲ့အတူ ကပ်ပါလာတဲ့ တက်မက်မှုမှာ နူးညံ့စွာ နစ်ဝင်လိုက်...ကြမ်းတမ်စွာ ယစ်မူးလိုက်နှင့်...
မပြီးဆုံးနိုင်သော နဂ္ဂတစ်တွေကို ဆွဲဆန့် ရင်း...

အိမ်ထောင်သည် ဘဝရဲ့ ညတာတွေက ကြာရှည်ခဲ့ရပြန်ပါပြီ...

.............................................................................

<3 DiDi Zaw
(29/12/2022)

Weiterlesen

Das wird dir gefallen

961K 75.4K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
36.6K 1.7K 43
ခ ခလေးငယ်တို့က လူတင်မဟုတ်၊ နာမည်ကအစ နားလည်ရခက်တာမျိုး!
1.2M 92.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
39.5K 1.3K 68
ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒ...