"ချယ်ရီ ရောက်နေတာ ကြာပြီလား"
"မကြာသေးပါဘူး ... ထိုင်လေ ငြိမ်းရဲ့"
ငြိမ်းက ချယ်ရီနဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်... ပုဂံက ပြန်လာပြီး ခုမှပထမဆုံး ချယ်ရီနဲ့ ပြန်တွေ့ဖြစ်ခြင်း ဖြစ်သည်...
"ဟင် ဘာမှ မမှာရသေးဘူးလား"
"အင်း... နင့်ကိုစောင့်နေတာ"
"ဒါဆို ငါသွားမှာလိုက်မယ်နော်... ထုံးစံအတိုင်း စတော်ဘယ်ရီ မစ်ရှိတ်ပဲ မဟုတ်လား... အချိုလျှော့ခိုင်းလိုက်မယ်နော်"
"အင်း"
ငြိမ်းက ချယ်ရီ့အတွက်ပါ သောက်စရာသွားမှာပေးလိုက်သည်... ဒါတွေက ချယ်ရီနဲ့တူတူ အပြင်သွားတိုင်း ယောက်ကျားလေးတို့၏ ဘဝပေးတာဝန်အရ ငြိမ်းက လုပ်ပေးနေကျတွေမို့ အထူးတလည် မေးနေစရာမလိုတော့ပေ... အခုနောက်ပိုင်းမှသာ so sweet နဲ့ အပြင်သွားတိုင်း ငြိမ်းအတွက် so sweet က အကုန်လုပ်ပေးတာမို့ ငြိမ်းက အဆင်သင့်လေး နေခဲ့ရတာဖြစ်သည်...
ကောင်တာမှာ ပိုက်ဆံရှင်းပြီး အအေးခွက်တွေသယ်လာစဉ် ငြိမ်းတို့ စားပွဲရဲ့ နောက်ဖက်မျက်စောင်းထိုးနားမှာ ထိုင်ပြီးငြိမ်းကို မျက်မှောင်ကျုံ့ကာ ကြည့်နေသူ တစ်ယောက်ကြောင့် အံဩသွားရသည်...
"ဟင်"
so sweet က ငြိမ်းကိုလိုက်ပို့ကာ ကားထဲမှာစောင့်နေမယ်ဆိုပြီး ခုတော့ဆိုင်ထဲထိရောက်နေသည်... ငြိမ်း အအေးခွက်တွေ သယ်နေရတာကို မကျေမနပ်ဖြစ်နေပုံရပြီး မျက်နှာက စူပုတ်နေပေပြီ... ငြိမ်း သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး ချယ်ရီ့ရှေ့မှာ အအေးခွက်တွေကို ချပေးလိုက်သည်...
"ရော့"
"ငြိမ်း နင်ကဘာမှာတာလဲ"
"ဒီတိုင်း passion fruit ပဲ... ကော်ဖီမသောက်ချင်လို့"
"ပေးဦး ငါမြည်းကြည့်ဦးမယ်"
ချယ်ရီက ပြောပြောဆိုဆို ငြိမ်းရဲ့ အအေးခွက်ကို ဆွဲယူပြီး ငြိမ်းသောက်နေတဲ့ ပိုက်နဲ့ပဲ သောက်လိုက်သည်... အရင်ကလည်း ဒီလိုပဲ လုပ်နေကျမို့ ဘာမှ မထူးခြားသော်လည်း ငြိမ်းတို့ မျက်စောင်းထိုးမှာ ထိုင်နေသော ကောင်လေး၏ အကြည့်တွေကြောင့် ငြိမ်း ပြာကျတော့မည် ထင်သည်...
"ဟို... နင် အရသာတွေ ရောကုန်မှာပေါ့"
ငြိမ်းက ချယ်ရီဆီက အအေးခွက်ကို ပြန်ဆွဲယူလိုက်တော့...ချယ်ရီက ငြိမ်းကို ကြည့်လာသည်...
"ငြိမ်း"
"ဟင်"
"ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ ငါတို့မိသားစုက နင်ကောင်းဖို့အတွက်ပဲ ရှေးရှုခဲ့ကြတာ နင်နားလည်တယ် မဟုတ်လား"
"အင်း"
"ထားပါ... ပြီးခဲ့တာတွေ ထားလိုက်တော့မယ်... ဒါပေမဲ့ ငါတို့ အရင်လို သူငယ်ချင်းတွေ ပြန်ဖြစ်လို့ ရသေးတယ်မဟုတ်လား"
"နင်က ငါ့အတွက် အမြဲတမ်းသူငယ်ချင်းပါပဲ"
"ကတိနော်...ငြိမ်း... ငါတို့နှစ်ယောက် အရင်ကလို တစ်ယောက်အနားမှာ တစ်ယောက် အမြဲရှိပေးကြမယ်နော်... လိုအပ်တဲ့အချိန်တိုင်း ဘေးမှာ အမြဲရှိကြရမယ်နော်...သိလား...ငြိမ်း"
ငြိမ်းက so sweet ကို လှမ်းကြည့်လိုက်မိသည်... မျက်နှာက ရှုတည်တည်နှင့် ငြိမ်းတို့ကိုလှမ်းကြည့်နေသည်မှာ ခုထိမျက်နှာမလွှဲသေး...
"ငြိမ်း... ငါပြောတာကြားရဲ့လား"
"ဟမ်... အင်း... ဟိုလေ... ငါနင့်ကို တစ်ခုတောင်းဆိုချင်တယ် ချယ်ရီ... ငါက နင့်ကို ဟိုးငယ်ငယ်လေးကတည်းက သူငယ်ချင်းဆိုတာထက် မောင်နှမလို ငါ့ညီမလေးတစ်ယောက်လို သဘောထားခဲ့တာမို့ အခု ငါ့ရဲ့ဖြစ်တည်မှုကို လက်ခံပေးပြီး အာကာကြည်ညွှန်းကိုလည်း နင့်မောင်လေး တစ်ယောက်လို သဘောထားပေးစေချင်တယ်"
ငြိမ်းက ထိုသို့ပြောတော့ ချယ်ရီက မျက်နှာမကောင်းဖြစ်သွားသည်...
"သဘောထားပေးရမှာပေါ့... ဘာပဲဖြစ်ဖြစ် ငါတို့အရင်လိုပဲ ပြန်နေကြမယ်နော် ငြိမ်း"
"အင်း... ဒါပေမဲ့... ငါတို့ အပြင်သွားရင် အာကာကြည်ညွှန်းကိုလည်း ခေါ်..."
"ဟယ် ငြိမ်း နင့် အအေးက ရေခဲတွေ အရည်ပျော်ကုန်တော့မယ် သောက်လိုက်ဦး"
ချယ်ရီက ငြိမ်းကို စကားအတင်းဖြတ်ပြီး အအေးသောက်ခိုင်းကာ စကားလမ်းကြောင်းတွေ လွှဲကုန်တော့သည်... ငြိမ်း သက်ပြင်းသာ အသာချလိုက်ရသည်... ချယ်ရီ့အတွက်လည်း ဒီပြောင်းလဲမှုက ရုတ်တရက်ကြီးမို့ အချိန်တစ်ခုတော့ လိုအပ်ပါလိမ့်မည်...
"အယ်...ပိုက်က ပြုတ်ကျသွားပြီ... ငြိမ်း"
ချယ်ရီက အအေးပိုက်ကို ကစားနေရင်းမှ အောက်သို့ ပြုတ်ကျသွားသဖြင့် ငြိမ်းက ထိုင်ရာမှထကာ ကောင်တာသို့ သွား၍အသစ်တစ်ခု တောင်းပေးလိုက်သည်... ငြိမ်း အအေးပိုက်ယူပြီး ပြန်လာတော့ so sweet မျက်နှာကို မကြည့်မိအောင်နေရသည်... ခုလောက်ဆို တော်တော်လေး စိတ်တိုနေလောက်ပြီမှန်း မပြောလဲသိသည်...
"ခဏနေရင် ငါ ဆေးရုံပြန်သွားရဦးမှာ... နောက်ရက်မှ နင့်ရုံးခန်းကို ထမင်းလာစားမယ်နော်"
"ထမင်းကလေ... အာကာကြည်ညွှန်းက လာခေါ်တယ် ထမင်းစားချိန်ဆို"
"ငြိမ်းကလည်း... ငါက အမြဲ မလာပါဘူးဟဲ့... တစ်ရက်တလေပဲဟာကို...နော်"
"အင်း"
ငြိမ်း "အင်း" လိုက်ရပေမဲ့ စိတ်ထဲမှာတော့ ထင့်နေမိသည်... အူတိုတတ်တဲ့ ကောင်လေးက ငြိမ်းကို ပြဿနာရှာဦးတော့မှာ မြင်ယောင်သေးသည်... ငြိမ်းအနေနဲ့ကလည်း ချယ်ရီ့ကို တစ်သက်လုံးက အလျှော့ပေး အလိုလိုက်ခဲ့တာမို့ ငြင်းရခက်ပြီး အားနာရတာတွေက များလွန်းလှသည်...
အအေးသောက်ပြီးကြတော့ ချယ်ရီ့ကို သူ့ကားနားအထိလိုက်ပို့ပေးလိုက်ပြီးမှ ငြိမ်းတို့ကားရှိရာသို့ လျှောက်လာခဲ့လိုက်သည်... so sweet က ကားတံခါးကိုမှီကာ လက်ပိုက်လျှက်ရပ်နေပြီး ငြိမ်းကို ခပ်တည်တည်နှင့် ကြည့်နေသည်...
"ဘာလဲ"
ငြိမ်းက ဘာမှမသိသလို အမူအရာနှင့် မေးတော့ ပြန်မဖြေဘဲ ကားတံခါးကိုဖွင့်ပေးလာသည်...
"ကားထဲဝင်ပါ ခင်ဗျ... ကျွန်တော်တို့အိမ်က မင်းသားလေး သူများကို service တွေပေးခဲ့ရတာ မောသွားရော့ပေါ့"
ငြိမ်းက မျက်မှောင်တစ်ချက်ကျုံ့ကာ ကြည့်လိုက်ပြီး ကားထဲဝင်ထိုင်လိုက်သည်... so sweet က ကားတံခါးကို ပြန်ပိတ်ပေးပြီး မောင်းသူဘက်မှာ ဝင်ထိုင်လာသည်...
"ဘယ်လိုလဲ အချစ်ဆုံးသူငယ်ချင်းကြီးနဲ့ အလွမ်းတွေသယ်ခဲ့တာ ပျော်ခဲ့ရဲ့လားဗျ"
"so sweet ကကွာ... ကိုယ့်ကို လာရစ်မနေနဲ့"
"ကျစ်! ရစ်နေတာမဟုတ်ဘူး... အစ်ကိုက သူ့ကို အဲ့လိုမျိုးတွေ ဂရုစိုက်ပြနေတာ မြင်ရတာ အဆင်မပြေဘူးဗျ"
"အဲ့ဒါက အရင်ကတည်း ကိုယ်တို့က အဲ့လိုပဲမလို့"
"အဟက်... ကိုယ်တို့က ... ဟုတ်လား... ကိုယ်တို့က ဆိုတော့ အရမ်းတွေ bonding ဖြစ်ပြနေတာပေါ့"
"မင်း! စကားကို အထကောက်မနေနဲ့...ဘာဖြစ်နေတာလဲ"
"ကျစ်! မကြိုက်ဘူးဗျာ"
"သူငယ်ချင်းတွေလို့ ပြောပြီးသား...မင်းဟာမင်း မကြိုက်လဲ နေတတ်အောင် ကျင့်ထား"
"ငြိမ်းအေးအိမ်!"
"ဘာလဲ!...ဘာလို့ အကြီးကို နာမည်ကြီး လာလာခေါ်နေတာလဲ!...ရိုင်းလိုက်တာ"
"........."
ငြိမ်းက ခပ်ဆတ်ဆတ်လေး အော်လိုက်တော့ so sweet က ရှေ့တူရှုကိုပဲကြည့်ပြီး ကားမောင်းရင်း ငြိမ်းကို စကားတစ်ခွန်းမှ မပြောတော့ပေ... ငြိမ်းက စိတ်ပေါက်လို့ ပါးစပ်ထဲရှိတာ ပြောမိပြောရာ ပြောလိုက်ပြီးမှ စိတ်မကောင်းဖြစ်ရပြန်သည်...
ခါတိုင်း ဘေးမှာအမြဲပေါက်ပေါက်ဖောက်နေတတ်သော သာလိကာလေးက ငြိမ်သွားတော့လည်း ငြိမ်းကပဲ မနေတတ် ဖြစ်ရတော့သည်...
တော်တော်ကြာတဲ့အထိ စကားမပြောတော့ ငြိမ်းက ထိုင်ခုံနောက်မှီကို မှီချလိုက်ပြီး မျက်လုံးတွေကိုမှိတ်လိုက်ကာ တိုးတိုးပြောလိုက်သည်...
"သီချင်းနားထောင်ချင်တာ"
ခဏကြာတော့ ငြိမ်းကြိုက်သည့် Ed Sheeran ရဲ့ သီချင်းသံတိုးတိုးက ကားထဲမှာပျံ့လွင့်လာသဖြင့် ငြိမ်း မျက်လုံးများကိုမှိတ်ထားရင်းမှ ပြုံးလိုက်မိသည်... so sweet က အိမ်ကလူတွေနဲ့ဆိုလည်း အကြာကြီး စိတ်မကောက်တတ်မှန်း ငြိမ်းကသိထားပြီးဖြစ်သည်... ငြိမ်းက လက်တစ်ဖက်ကို so sweet ရဲ့ ဟူဒီအင်္ကျီ ဘေးအိတ်ကပ်ထဲ သွားထိုးထည့်ထားလိုက်ရင်း...
"ကား အဲကွန်းက အေးလို့"
အိတ်ကပ်ထဲကို so sweet ရဲ့ လက်တစ်ဖက်ကပါ တိုးဝင်လာပြီး ငြိမ်းလက်ချောင်းတွေကို ဆုပ်ကိုင်ဖျစ်ညှစ်လာသည်... မချွဲတတ်သည့် ငြိမ်းက အဲ့လိုမလုပ်စဖူးတွေ ထထလုပ်ရင် so sweet က အသည်းယားတတ်မှန်း သိသည်... ဒီလောက်ဆို so sweet မျက်နှာက ပြုံးနေတော့မည်ဆိုတာ ငြိမ်းမျက်လုံးတွေ ဖွင့်မကြည့်လဲပဲ သိနိုင်သည်...
ဘယ်သူ့ကိုမှ မချော့တတ်ခဲ့သည့် ငြိမ်းအတွက် ငြိမ်းရဲ့ ကောင်လေးကို ချော့တဲ့ အလုပ်က ဒီကမ္ဘာပေါ်မှာ အလွယ်ဆုံးအလုပ် ဖြစ်သွားခဲ့လေပြီ...
.............................................................................
"ဟိတ်ကောင် ကာကြီး...မင်းတို့ဆေး စစ်ချက်က အခြေနေဘယ်လိုလဲ"
ဝဇီရာကျော့် အမေးကို အာကာက ဆေးလိပ်ငွေ့တွေမှုတ်ထုတ်ရင်း ခေါင်းညိတ်ပြလိုက်သည်...
"အကုန်အဆင်ပြေတယ်"
"ဒါဆို ရှေ့တစ်ပါတ်ထဲ ပွဲလုပ်ဖို့ သေချာပြီပေါ့"
"အေး... အိမ်ကလူတွေ အကုန်စီစဥ်ပေးနေတယ်"
"ငါတို့ ကာကြီးတောင် အိုရတော့မှာပါလားဟေ့"
ရာဇာက စာပွဲထိုးလေးကို လှမ်းခေါ်ပြီး ရေနွေးထပ်ဖြည့်ခိုင်းရင်း ပြောသည်...
"အားကျတယ်ဟေ့... ကိုငြိမ်းအေးအိမ်က မိန်းကလေးတွေထက်တောင် လှသေးတယ် ပြီးတော့ ကောက်တာ ချိတ်တာတွေလဲ မရှိဘူးမဟုတ်လား... ငါ့ကွာ အခုနောက်ဆုံးတွဲနေတဲ့ ကောင်မလေးက အဆင်မပြေချင်တော့ဘူးကွ"
"ဘာဖြစ်ပြန်ပြီလဲ မင်းတို့က"
"သူကကွာ ငါ့ကို ဂျိုး ကိုင်ချင်နေတာ"
"ဟမ်!" "ဘာ!"
"ဘာတုန်းကွ မင်းတို့က အလန့်တကြားနဲ့"
"သူက ဂျိုး ကိုင်ချင်တာ မင်းက ပေးမကိုင်ဘူးလား"
"ဟာ... သူက တော်ရုံမဟုတ်ဘူးကွ...နေရာတကာမှာကွာ...လိုက်လိုက်ပြီးတော့"
"ဟာ...နေရာတကာတောင်... ဟိတ်ကောင် အဲ့ဒါဆို မင်းကောင်မလေးက တော်တော်ဆိုးတာပဲကွ"
"အဲ့ဒါပြောတာပေါ့ အဆိုးဆုံးကွာ ငါ့ မိသားစု ငွေရေးကြေးရေး ကိစ္စအထိ နောက်ကနေလိုက်ပြီး ဂျိုးကိုင်တာ"
"ဟမ်...နေပါဦး မင်းပြောတဲ့ ဂျိုးကိုင်တာက ကြိုးကိုင်တာကို ပြောချင်တာလား...ကြိုး...ကြိုး"
အာကာက ဝင်မေးတော့မှ ဝဇီရာကျော်က ခွီးခနဲရယ်တော့သည်... ရာဇာက လာရှိုးက ရှမ်းတရုပ်စပ်ဆိုတော့ မြန်မာစကားသိပ်မပီသဖြင့် ကြိုးကိုင်တာကို ဂျိုးကိုင်တာဟု ပြောနေခြင်းဖြစ်သည်...
"အေးလေကွာ... မင်းတို့က ဘာထင်နေတာလဲ...နှမပေးလေးတွေက"
"အေးပါ...ငါတို့လဲ ကြိုးကိုင်တယ်ပဲ ထင်တာပါ...ခွိ!"
"အဲ့ဒါကွာ ငါလဲ မိန်းကလေးတွေကို စိတ်ကုန်နေပြီ... အာကာ့လို ယောက်ကျားလေးတွေပဲ ပြောင်းကြိုက်ရမလားလို့ စဉ်းစားနေတာ... လုပ်စမ်းပါဦး ကိုငြိမ်းလိုလေး တစ်ယောက်လောက်"
ရာဇာ့အပြောကြောင့် အာကာက မျက်မှောင်ကျုံ့သွားပြီး ရာဇာ့ကို ဇက်ပိုးတစ်ချက် အုပ်ပစ်လိုက်သည်...
"ငါက ယောက်ကျားလေးတွေကို လိုက်ကြိုက်နေတာမဟုတ်ဘူး မသာလေးရဲ့ ... အစ်ကို့ကိုပဲ ချစ်တာ... ပြီးတော့ တစ်လောကလုံးမှာ ငြိမ်းအေးအိမ်က တစ်ယောက်တည်းပဲရှိတယ်... အဲ့ဒီတစ်ယောက်ကလည်း ငါ့အတွက် သီးသန့်ပဲ... မင်း ချောင်ကပ်ပြီး ငိုနေလိုက်"
"တော်ကြစမ်းပါကွာ... မင်းကလည်း သောက်ရမ်း ဂုဏ်ဆာတယ်... ဟိုကောင် ရာဇာ... မင်းကလည်း ဂျိုးကိုင်ခံရမဲ့ ဇာတာပါလို့နေမှာ ... ကောင်လေးတွေနဲ့တွဲလဲ မင်းဂျိုးကိုင်ခံရမှာပဲ"
ရာဇာက ဝဇီရာကျော့်ကို ရေနွေးနဲ့ လှမ်းပက်သဖြင့် ဆဲသံတွေ ညံကုန်တော့သည်... အာကာက ရုံးမှာ အလုပ်ဝင်နေပြီမလို့ ဒီကောင်တွေက တကူးတက လာတွေ့မှပဲ တွေ့ဖြစ်ကြတော့သည်... အခုလဲ အာကာတို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြခြင်းဖြစ်သည်... ဒီနေ့က ပိတ်ရက်ဆိုပေမဲ့ အစ်ကိုက လုပ်ငန်းရှင်ဆိုင်ရာ ဟောပြောပွဲ သွားတက်နေသဖြင့် အိမ်မှာမရှိပေ... ခဏနေမှ အာကာက သွားကြိုရမည် ဖြစ်သည်...
"ဒါနဲ့ ကာကြီး ဟိတ်ကောင်... မင်းရဲ့ မြသက်ချယ်လေး ကျောင်းပြီးလို့တဲ့ မြန်မာပြည် ပြန်ရောက်နေပြီနော်... အာကာရော ဆိုပြီး မင်းကို မေးနေတယ်ကွ... အာကာနဲ့ ပလာဇာမှာ ဘရာ သွားဝယ်ချင်လို့နေမှာ"
"တော်ပါတော့ကွာ"
"အဟားဟား... ငါတို့ gathering တစ်ရက်ချိန်းထားကြတယ် အဆက်ဟောင်းနဲ့ နှုတ်ဆက်လိုက်ဦး"
"ကျွီ!!!!"
"ဟာ!!! တိုက်ပြီလား"
ထိုခဏမှာပဲ ကား ဘရိတ်အုပ်သံအကျယ်ကြီးနှင့်အတူ လမ်းကြားထဲမှ စကိတ်ဘုတ်နှင့်ထွက်လာသော ကောင်လေးက လဲကျသွားသည်... အာကာတို့ ထိုင်နေရာမှ ထပြေးသွားပြီး ကြည့်လိုက်တော့ ကားဘရိတ်အုပ်မြန်သဖြင့် မတိုက်မိပဲ ကောင်လေးက ဟန်ချက်ပျက်ကာ လဲသွားရခြင်းဖြစ်သည်...
အာကာက ကလေးကို ထူပေးပြီး ကားပြုတင်းပေါက်နားသွားကာ ကားမှန်ကို လက်နှင့်ခေါက်လိုက်သည်... ကားထဲမှာ အာကာတို့ထက်နည်းနည်းငယ်ပုံရသော ကောင်လေးတစ်ဦးက နေကာမျက်မှန် အမဲကိုတတ်ထားပြီး အာကာ ကားနားရောက်သွားတော့ အင်္ကျီမှဟူဒီကိုပင် ကောက်စွတ်လိုက်သေးသည်... ထို့နောက် ကားမှန်ကိုတစ်ဝက်ပဲချကာ အာကာ့ကို မော့မကြည့်ဘဲ ပြောလာသည်....
"မတိုက်မိဘူးမဟုတ်လား... ကျွန်တော်မှားတာ မဟုတ်ဘူး"
"မတိုက်မိလဲ မင်း နည်းနည်းပါးပါးတော့ ဆင်းကြည့်သင့်တယ် မဟုတ်လား"
"ကျစ်! ဘာမှမှ မဖြစ်တာကို"
ထိုကောင်လေးက ကားမှန်ကို ပြန်တင်ပြီး ကားကိုဇွတ် မောင်းထွက်သွားတော့သည်... အာကာ စိတ်ထဲမှာ ထိုကောင်လေးကို မြင်ဖူးသလို ရှိပေမဲ့ ဘယ်မှမြင်ဖူးမှန်းတော့ မမှတ်မိပေ...
"ဟ! ဘယ်လိုကောင်လဲ မသိဘူး...ယဥ်ကျေးမှု မရှိလိုက်တာ"
အာကာ လက်ဖက်ရည်ဆိုင်ထဲ ပြန်ဝင်လာပြီး စကားဆက်ပြောကြရင်း ခဏကြာတော့ ဟိုနှစ်ကောင်နဲ့ လမ်းခွဲပြီး... အစ်ကို့ကို ကြိုဖို့ မြို့ထဲသို့ ထွက်ခဲ့လိုက်သည်...
အခုမှ ပျော်ပျော်ကြီး ထမ်းဆောင်စရာ အလုပ်တွေရလို့နေတော့သည်...
.............................................................................
so sweet က ငြိမ်းကို လာကြိုပြီး အိမ်ရှေ့မှာချထားပေးခဲ့ကာ လေးမောင်ဖုန်းဆက်ပြီး လှမ်းခေါ်သဖြင့် ပြန်ထွက်သွားရသည်... ရှေ့တစ်ပါတ် တနင်္ဂနွေနေ့မှာ ကျင်းပမည့် ငြိမ်းတို့ရဲ့ မင်္ဂလာပွဲ အတွက်ဖြစ်သည်...
ငြိမ်းက တစ်နေကုန် ပင်ပန်းလာတာကြောင့် so sweet က ငြိမ်းကို အိမ်မှာပဲ နားခိုင်းခဲ့သဖြင့် နေခဲ့ရသည်... ငြိမ်း အိမ်ထဲဝင်လာပြီး အိမ်ပေါ်ထပ်တက်ဖို့ လုပ်နေတုန်း ထမင်းစားခန်းဘက်ဆီမှ အခြေတင်စကားများနေသံ ကြားရသဖြင့် ခြေလှမ်းတွေ တန့်သွားရသည်...
သားပေါက်လေးက ငြိမ်းကိုတွေ့တော့ အိပ်နေရာမှ အမြှီးလေးနှံ့ကာပြေးလာကြိုသဖြင့် ကောက်ပွေ့လိုက်ပြီး ထမင်းစားခန်းမှ အသံတွေကို နားစွင့်ရသည်...
"အဲ့ဒါတော့ မကြီးကကို အလကားစိတ်ဆတ်နေတာ နာနာ မေ့သွားလို့ပါလို့ ပြောပြီးပြီပဲ"
"အေး...ငါက အဲ့ဒါကိုပြောချင်တာ... မေ့သွားတယ်လို့ ပြောလိုက်ရင်က လွယ်လွယ်လေးပဲ.... နန္ဒာကြည်ညွှန်းကလေ တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောရင်ကျတော့ မကြိုက်ဘူး... ပြီးရင် အမြဲတမ်း ကိုယ့်အတွက်ကိုပဲ ဦးစားပေးပြီးကြည့်တယ် ကျန်တဲ့သူတွေက နောက်မှ"
"မကြီးတို့က ပြောလိုက်ရင် နာနာ့ကိုပဲ အမြဲတစ်ကိုယ်ကောင်းဆန်တယ်ပဲ ပြောကြတာ... ဘယ်လောက်ခံရခက်လဲ သိလား"
ငြိမ်း အိမ်ပေါ်ဆက်တက်ရမလို ထမင်းစားခန်းဆီပဲ သွားရမလို ချီတုံချီချ ဖြစ်နေရသည်... ဒီအိမ်ရောက်ပြီးမှ မောင်နှမတွေ စနောက် စကားနိုင်လုကြတာမျိုးက လွဲလို့ ဒီလိုရန်ဖြစ်ကြတာမျိုး မကြုံဖူးရသေးပေ... မကြီးက အသံတွေတောင် တုန်နေသဖြင့် တော်တော်ဒေါသထွက်နေပုံရသည်... ညီအစ်မနှစ်ယောက်ကြား ဘာဖြစ်ကြမှန်း သေချာမသိသဖြင့် ငြိမ်းလည်း ဝင်ပါသင့် မပါသင့် စဉ်းစားရကျပ်နေရပြီ...
ထိုအခိုက်မှာပဲ မော်မော်က မျက်နှာလေး ရှုံ့မဲ့ပြီး အိမ်ရှေ့သို့ထွက်လာရင်း ငြိမ်းကိုတွေ့သွားသည်...
"ကိုကြီးငြိမ်း"
"ဘာဖြစ်ကြတာလဲ မော်မော်... အမေတို့ရော"
"မကြီးနဲ့ မမနာနာနဲ့ စကားများနေကြတာ... အဖွားရယ် ကြီးကြီးရယ် မကြီးအိဖြူရယ်က တာမွေအိမ်ကို သွားကြတယ်"
"မကြီးတို့က ဘာဖြစ်တာလဲ"
"မကြီးက မမနာနာကို ကျောက်မြောင်းထဲက နံရိုးပေါင်းကော်ရည်ခေါက်ဆွဲ မှာလိုက်တာ အဲ့ဒါ မမနာနာက မေ့လာလို့တဲ့... မကြီးက စားရတော့မယ်ဆိုပြီး ထိုင်စောင့်နေတာ မပါလာတော့ ဒေါသတွေထွက်သွားတာ... မကြီးက ဗိုက်ဆာရင် စိတ်အရမ်းတိုတတ်တယ်"
အဖြစ်ပျက်ကိုကြားတော့ ငြိမ်းမှာ ရယ်ရခက်ငိုရခက်နှင့်... မကြီးက နဂိုကတည်းက အစားအသောက်မက်တော့ အစားနှင့်ပတ်သက်ရင် အရမ်းစိတ်ဆတ်လွယ်သည်... အိမ်မှာ ဒီနေ့ ဒီဟင်းချက်မယ်လို့ ပြောထားပြီး စားခါနီးမှ မတွေ့ရင်လည်း ပြဿနာရှာတော့သည်... သူက စားရတော့မယ်လို့ မြင်ယောင်ပြီး တွေးထားရင် စားကိုစားရမှဆိုသည့် လူမျိုးပင်...
အိမ်မှာလူကြီးတွေလဲ မရှိကြဘူးဆိုတော့ ငြိမ်းကပဲ ရန်ပွဲကို ဖြန်ဖြေပေးရန် ထမင်းစားခန်းထဲသို့ဝင်ခဲ့ရတော့သည်... ငြိမ်းအတွက် မောင်နှမတွေနဲ့ ဒီလိုမျိုးက ပထမဦးဆုံးအတွေ့အကြုံဖြစ်လို့ နည်းနည်းလဲ စိတ်လှုပ်ရှားမိရသည်...
"တစ်ကိုယ်ကောင်းဆန်တယ်ပြောတာက အကြောင်းရင်း မရှိပဲ ပြောတာမှမဟုတ်တာ... ကိုယ့်အတွက်ကိုယ် အရင်ကြည့်တဲ့ စိတ်လေးကို နည်းနည်းပြင်ပြီး သူများတွေကိုလည်း အလေးထားပေးဖို့ပြောနေတာ"
"အခုလည်း နာနာ တမင်လုပ်တာမှမဟုတ်တာကို... အိမ်နားရောက်မှ သတိရလို့ ကေသာတို့ကို ဖုန်းဆက်ပြီး မှာလိုက်တာပဲ... သူတို့လည်း ဝယ်လာပေးမယ်လို့ ပြောပြီးသွားပြီ... မကြီး စားရမှာက စားရမှာပဲကို... နည်းနည်း နောက်ကျတာလေးပဲရှိတာ"
"မကြီး"
ငြိမ်းက ဝင်သွားပြီး ခေါ်လိုက်တော့ နှစ်ယောက်လုံးက လှည့်ကြည့်လာကြသည်...
"ငြိမ်း ပြန်ရောက်လာပြီလား... so sweet ရော"
"so sweet က လေးမောင် ခေါ်လို့ ပြန်ထွက်သွားတယ်... ဟို... မကြီး အခုစားချင်ရင် ကျွန်တော် သွားဝယ်ပေးမယ်လေ"
"မဟုတ်ပါဘူး ငြိမ်းရယ် မကြီးက အခုမစားရလို့ စိတ်တိုနေတာမဟုတ်ဘူး... သူက သူများစကားကို အလေးမထားတာကို စိတ်ပေါက်တာ... အစကတည်းက အလုပ်ရှုပ်မယ် မေ့တတ်မယ်ဆို မဝယ်ဖြစ်ဖူးကြိုပြောပေါ့...အခုတော့ သူများက စောင့်နေရပြီးတော့...ငြိမ်း ဆိုရင်လည်း စိတ်တိုမှာပဲလေ ဟုတ်တယ်မလား"
"ဟုတ်"
မကြီးကပြောရင်း အသံတွေတုန်လာပြီး မျက်ရည်ပါ ကျလာသဖြင့် ငြိမ်းက ထမင်းစားစားပွဲပေါ်မှ တစ်ရှူးကို ယူပေးလိုက်ရသည်...
"ကျစ်! မကြီးက အဲ့ဒါလေးနဲ့ ငိုစရာလဲ မဟုတ်ပဲနဲ့ကို... ငြိမ်း နင်ပဲစဉ်းစားကြည့် ငါ ကျောင်းကိစ္စ စာရွက်စာတမ်းတွေ လိုက်လုပ်နေရတာကို အာရုံများပြီးမေ့သွားတာပေါ့ နင်ဆိုရင်လည်း မေ့မှာပဲ မဟုတ်လား"
"အင်း"
ငြိမ်းမှာ ဟိုလူပြောလဲ ဟုတ်... ဒီလူပြောလဲ အင်းနဲ့ ကြားထဲက အခက်တွေ့နေရပြီး ဒီရန်ပွဲကို အဆုံးသတ်အောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေရပြီ...
"အသက် ၂၈ နှစ်ကြီးက နံရိုးပေါင်းခေါက်ဆွဲ မစားရလို့ ငိုတာတဲ့... ခဏလေးပဲ ထပ်စောင့်ရမှာကို မစောင့်နိုင်ဘူး မကြီးက... နာနာကပဲ လူဆိုးမကြီး"
"ခေါက်ဆွဲမစားရလို့ ငိုနေတာ မဟုတ်ဘူး နင့်ကို ဒေါသထွက်လို့ မျက်ရည်က ထွက်လာတာ! ဒေါသထွက်ရင် အရေးထဲ အဲ့ဒီမျက်ရည်က အရင်ထွက်တာ"
"အဲ့ဒါမျိုးဆို နာနာက အသက်ကိုပြင်းပြင်းရှုပြီး စိတ်ပြောင်းလိုက်တာ...မဟုတ်ရင် မျက်ရည်ကျတဲ့သူက တစ်ပန်းရှုံးတယ်... နာနာ့လို လုပ်ကြည့်ပါလား"
"လုပ်တာပဲ... မရဘူး"
"ဒီမှာ ခါးကိုမတ်မတ်ထားပြီး ဒီလိုမျိုးရှု"
နန္ဒာက နမူနာ လုပ်ပြပြီး... မကြီးက နောက်ကလိုက်လုပ်နေသည်... မျက်စိရှေ့မှ ညီအစ်မနှစ်ယောက်ကို ကြည့်ပြီး ငြိမ်း ရယ်ချင်သွားရသည်... ငြိမ်းမှာတော့ ဖြန်ဖြေဖို့ စကားလုံးတွေစဉ်းစားနေလိုက်ရတာ... သူတို့ကတော့ ရန်ဖြစ်ရင်း သူတို့ဟာသူတို့ တည့်သွားကြပြီ... တကယ်ပဲ ဒီမိသားစုကြီးက အပျင်းပြေရပါသည်...
ငြိမ်းတို့ ထိုင်ပြီး စကားပြောနေကြစဉ်မှာပဲ အိမ်ရှေ့မှ ကားသံတွေ တံခါးဖွင့်သံတွေ ကြားရပြီး ဆူဆူညံညံ အသံတွေနှင့် အဖေကြီးတို့ရော ကေသာတို့ရော so sweet တို့ပါ ပြန်ရောက်လာကြသည်...
"သားလေးရေ!! ပေါက်ပေါက်ရေ!!"
"အမလေး မမရဲ့ သဲတုန်းလေး!! ပေါက်ကလေး!!"
"ဘယ်သူလဲ ဘယ်သူလဲ နံရိုးပေါင်း မစားရလို့ ငိုနေတယ်ဆို"
"ကေသာကြည်ညွှန်းနော်!"
ကေသာက ထမင်းစားခန်းထဲသို့ ဝင်လာပြီး မကြီးကို စ နေသည်... so sweet ကပါ လိုက်ဝင်လာပြီး ငြိမ်းဘေးနား အတင်းကပ်ဝင်ထိုင်ပြီး ငြိမ်းခါးကိုလာဖက်သည်...
"မမနာနာ အဲ့လိုတော့ မလုပ်သင့်ဘူးဗျာ... တကယ်ဆို မဝယ်ချင်ရင်လည်း မဝယ်ချင်ဘူး ပြောပေါ့... ခုတော့ မကြီးခမျာ ဗိုက်တွေဆာနေရရှာမှာ"
"ကဲ... အာကာကြည်ညွှန်း အောက်စီဂျင် မလုပ်စမ်းပါနဲ့"
"ဟိတ် ဟိတ်! ငါ့သမီးကြီးကို ဝိုင်းစမနေကြနဲ့... မီးကြီးရေ လာဟေ့ ဒီမှာ ငါ့သမီးအတွက် အဖေကြီးသွားဝယ်လာတာ... လာလာ ပန်းကန်တွေယူခဲ့ အဖေကြီးတို့ သားအဖနှစ်ယောက်ပဲ စားကြမယ်... ကျန်တဲ့ကောင်တွေ...လစ်!"
အဖေကြီးကပါ မီးဖိုဆောင်ထဲသို့ ဝင်လာပြီး လက်ထဲတွင်လည်း ခေါက်ဆွဲထုတ်နှစ်ထုတ် နှင့် အအေးဗူးတွေလည်း ဆွဲထားသည်... မကြီးမျက်နှာက ချက်ချင်း ဝင်းလက်သွားပြီး ထိုင်နေရမှထကာ အဖေကြီးဆီပြေးသွားသည်...
"ဟာ ကြံရည်တွေလဲပါတယ်... စားမယ် စားမယ်"
"ငါ့သမီးကြီးက နံရိုးပေါင်းကော်ရည်စားပြီးရင် ကြံရည်လဲသောက်တယ်ဆိုတာ အဖေကြီးက သိပါ့ဗျာ"
"သန္တာ ပန်းကန်သွားယူလိုက်မယ် အဖေကြီး"
"မီးကြီးရေ အိမ်ရှေ့ကို ယူလာခဲ့ဟေ့ တစ်ရှုးပါယူခဲ့ အဖေကြီးတို့ သားအဖနှစ်ယောက်တည်း ခြံထဲမှာ သွားစားကြမယ်... ဒီမှာဆို ကျန်တဲ့ကောင်တွေကို ကျွေးနေရဦးမယ်"
အဖေကြီးက ပြောပြီး စားပွဲမှာထိုင်နေကြသော ငြိမ်းတို့အားလုံးကို မျက်စိတစ်ဖက်မှိတ်ပြသွားသည်...
"အမယ်လေး စားကြပါ စားကြပါ ... ကိုယ်တွေက စားဖူးပါတယ်နော်"
ကေသာက မျက်နှာကို မဲ့ရွဲ့ပြီး လှမ်းအော်နေသည်... မကြီးက ပန်းကန်တွေ ဇွန်းတွေယူပြီး ခုန်ပေါက်ကာ အဖေကြီးနောက်ကို ပြေးလိုက်သွားရင်း ငြိမ်းတို့ကို ပြောင်ပြသွားသေးသည်... ဒီအိမ်မှာ အသက် ၂၈ လည်း အဖေကြီးနဲ့ဆို ဆယ်ကျော်သက် ကလေးလေးတွေ ဖြစ်သွားကြရတာပဲ မဟုတ်လား...
ငြိမ်းတို့လည်း အိမ်ပေါ်တက်လာကြပြီး ရေချိုးအဝတ်စားလဲဖို့ လုပ်ကြရသည်... ငြိမ်းက အခန်းထဲဝင်လာပြီး ပြုတင်းပေါက်မှာရပ်ရင်း ခြံထဲက စားပွဲမှာ တူတူ စားသောက်နေကြသော သားအဖနှစ်ယောက်ကိုကြည့်ပြီး ရင်ထဲမှာ ချမ်းမြေ့နေရသည်...
အဖေကြီးက တကယ်ကိုပင် သားသမီးတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်ကို အလေးထားနိုင်လွန်းသည်... သူ့ကလေးတွေ တစ်ယောက်ယောက်စိတ်ကောက်နေပါကလည်း သူ့မှာချော့နည်းမျိုးစုံက မရိုးရပေ... ငြိမ်း စိတ်ကောက်ရင်ရော အဖေကြီးက ချော့ပါ့မလား သိချင်မိပါသည်... ငြိမ်း ရဲ့ ဖေဖေက ဆုံးသွားခဲ့တာ ကြာပြီမို့ ဖခင်မေတ္တာတွေ တွေ့တိုင်း ငြိမ်းက ကြည်နူးအားကျမိရသည်...
ငြိမ်းရပ်ပြီး ငေးနေစဉ်မှာပဲ ခါးဆီသို့ သန်မာသော လက်တစ်စုံက သိုင်းဖက်လာပြီး ငြိမ်းရဲ့ ပုခုံးပေါ်မှာ မေးတင်လာသည်...
"ဘာတွေငေး နေတာလဲ... ခုနက မကြီးတို့ ရန်ဖြစ်နေတာ အစ်ကိုလန့်သွားလား"
"မလန့်ပါဘူး ကိုယ်က ရယ်ချင်နေတာ"
"သူတို့က အမြဲ အဲ့ဒီလိုပဲ"
"အဟင်း...ဟိုမှာ အဖေကြီးချော့လိုက်တော့ အဆင်ပြေသွားပြီ"
"ဦးကြည်ညွှန်းရဲ့ စူပါ ပါဝါလေ... အဖေကြီးက အမေ့ကိုဆိုလဲ သိပ်ချစ်တာ အသေးစိတ်ကအစ ဂရုစိုက်တယ် သစ္စာလဲရှိတယ်... အပြင်မှာလည်း ဘာဘာညာညာ ဘာသံမှမကြားဖူးဘူး.... အစ်ကိုသိလား ယူပြီးကတည်းက ခုချိန်ထိ ခြေသည်းလက်သည်း ကိုယ်တိုင်ညှပ်ပေးတာဗျာ"
"ဟုတ်လား"
"အင်း... ကျွန်တော့်ရဲ့ role model က အဖေကြီးပဲ... အဖေကြီးလိုပဲ... အစ်ကို့ကိုလည်း ကျွန်တော်က အရမ်းချစ်ပေးမယ်... သားသမီးတွေရလာခဲ့ရင်လည်း အသေးစိတ်ကအစ ဂရုစိုက်ပေးမှာ"
so sweet ရင်ခွင်ထဲရောက်နေသော ငြိမ်းကိုယ်လုံးလေးက တောင့်ခဲသွားရသည်... သားသမီးတွေရလာခဲ့ရင်တဲ့လား....
"so sweet! ကိုယ်တို့က ဘယ်လိုလုပ် သားသမီးရနိုင်မှာလဲ"
"အစ်ကိုကလည်း... ဘယ်ခေတ်ရောက်နေပြီမလို့လဲ... ပိုက်ဆံရှိဖို့သာ လိုတာ အစ်ကိုလိုချင်ရင်လေ ကျွန်တော်တို့သွေးသား ဆယ်ယောက်လောက် မွေးလို့ရတယ်ဗျ"
ငြိမ်းရင်ထဲမှာ တစ်လှပ်လှပ်နဲ့ ဖြစ်နေရသည်... လက်တောင်မထပ်ရသေးဘူး so sweet က ငြိမ်းတို့ သွေးသားလေးတွေ အထိတောင် စိတ်ကူးယဉ်နေပြီတဲ့လား...
"အစ်ကို"
"ဟင်"
"စကားတစ်ခွန်းရှိတယ် မဟုတ်လား... မိသားစုဆိုတာ အကိုင်းအခက်တွေအများကြီးရှိတဲ့ သစ်ပင်ကြီးတစ်ပင်လိုပဲတဲ့... ကျွန်တော်တို့ က အကိုင်းအခက်တွေလို လားရာမတူပဲ ကြီးပြင်းလာကြတယ်... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပင်စည်နဲ့ ရေသောက်မြစ်က တစ်ခုတည်းပဲ"
"အင်း"
"ကျွန်တော်ကလေ အစ်ကို့ကို လက်တွေ့ဆန်တဲ့ မိသားစုဘဝလေး ပေးချင်တယ်... မိသားစုတွေကြောင့် အစ်ကိုပျော်နေတာကိုထိုင်ကြည့်မယ်... မိသားစုတွေကြောင့် စိတ်တွေရှုပ်နေတာကို နှစ်သိမ့်ပေးမယ်... မိသားစုတွေကြောင့် ဒေါသတွေထွက်ရရင်လည်း စိတ်ပြေအောင် လုပ်ပေးမယ်... အစ်ကို နေမကောင်းဖြစ်တဲ့ အခါ မိသားစုတွေက ဝိုင်းပြုစုပေးမယ်... အစ်ကိုစိတ်ဓာတ်တွေကျတဲ့အခါ မိသားစုတွေနဲ့ တူတူအားပေးမယ်...ကျွန်တော်နဲ့ လက်ထပ်လိုက်ရလို့ အစ်ကို့မျိုးဆက်ပြတ်သွားပြီ ဆိုတဲ့ အဖြစ်မျိုး အရောက်မခံနိုင်ဘူး... ကျွန်တော်တို့ သွေးသားလေးတွေ အတွက် စဉ်းစားကြမယ်နော်...အစ်ကို့"
ငြိမ်း ကြည်ကြည်နူးနူး ခေါင်းညိတ်မိရသည်... ငြိမ်းရဲ့ သကြားလုံးလေးက ပိုပြီး ရင့်ကျက်လာခဲ့ပြီ... ငြိမ်းက ပြုတင်းပေါက်ကို မျက်နှာမူနေရာမှ so sweet ဘက်သို့ မျက်နှာချင်းဆိုင်လှည့်ပြီး မော့ကြည့်လိုက်သည်...
"ကိုယ့်ရဲ့ so sweet လေးက ဒီနေ့ အရမ်းတွေ လိမ္မာနေပါလားကွ"
"အဟင်း... အဲ့ဒါဆိုရင်လေ... ဒီနေ့ လေးမောင်တို့ အမေတို့ အဖွားတို့က တာမွေအိမ်မှာ အိပ်ကြမှာတဲ့"
"ဟုတ်လား"
"အင်း...အဲ့ဒါ... လေးမောင်က အိမ်မှာမရှိဘူး သိလား"
"အဲဒီတော့ ဘာဖြစ်လဲ"
"ညကျရင် ဒီအခန်းထဲ လာအိပ်မယ်နော်"
"အမ်"
"နော် အစ်ကို့... ကျွန်တော် အစ်ကို့ကို လွမ်းနေပြီ"
"အာ... မရဘူး... လေးမောင်နဲ့ အမေသိရင် အဆူခံရလိမ့်မယ်... လက်ထပ်ပြီးမှ လာခဲ့"
"အကို့! နော် လို့"
ငြိမ်းက ရေချိုးခန်းဘက်သွားဖို့ လုပ်နေပြီးမှ မြန်မြန်ပြန်လှည့်ပြီး so sweet ရဲ့ နှုတ်ခမ်းတွေကို လက်နှင့်ပိတ်ထားလိုက်ရင်း...
"နော် လို့ မပြောနဲ့"
"ဘာလို့လဲ"
ငြိမ်းက ပြန်မဖြေဘဲ ခုတင်ခြေရင်းမှ တန်းပေါ်ရှိ Bathrobe ကို လှမ်းယူလိုက်ပြီး ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်...
"အစ်ကို့! ဘာလို့လဲလို့"
ငြိမ်းနောက်ကို အတင်းလိုက်ကပ်နေသော so sweet ကိုတွန်းထုတ်ပြီး တံခါးမပိတ်ခင်လေးမှာ ပြန်ဖြေပေးလိုက်သည်က...
"ကိုယ် မင်းကို အလိုလိုက်မိမှာစိုးလို့"
............................................................................
<3 DiDi Zaw
(22/12/2022)