"ငြိမ်းရဲ့ ဖေဖေရော မေမေရော အဲ့ဒီလိုပဲ ဖြစ်စေချင်ခဲ့တာပဲကွ"
ချယ်ရီ့အဖေ ဦးထွန်းဝင်းက သောက်လက်စ ကော်ဖီခွက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ငြိမ်းကိုကြည့်လာသည်...
"မဟုတ်လဲ ငြိမ်းကို ဒေါ်ဒေါ်တို့က တစ်သက်လုံးစောင့်ရှောက်သွားရမဲ့တူတူ ဒီလိုက အကောင်းဆုံးပေါ့ ငြိမ်းရယ်... ချယ်ရီကလည်း ငြိမ်းကို သံယောစဉ်ရှိတာကြောင့် လူကြီးတွေ ကောင်းသလို စီစဉ်တာကို မငြင်းပါဘူး"
ချယ်ရီ့မေမေကလည်း ဝင်ပြောသည်... ကြီးမေကတော့ မျက်နှာမကောင်းစွာနှင့် ငြိမ်းကိုပဲ ကြည့်နေတော့သည်... ငြိမ်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး ချယ်ရီ့ အဖေနဲ့ အမေကို ကြည့်လိုက်သည်...
"အရင်က ကျွန်တော်နဲ့ မေမေ့ကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ် ဦးနဲ့ ဒေါ်ဒေါ်... ဒါပေမဲ့ အခု ကျွန်တော်လည်း ကလေးမဟုတ်တော့ပါဘူး... ကိုယ့်ဟာကိုရပ်တည်နေနိုင်ပြီမို့ ဦးတို့ကိုထပ်ပြီး ဒုက္ခမပေးချင်တော့ဘူး... ဒီလိုပြောလို့ ကျေးဇူးကန်းတာ မဟုတ်ပေမဲ့ ကျွန်တော်က ဦးတို့ကို ထပ်ပြီး ဝန်ထုပ်ဝန်ပိုး မပိစေချင်တာပါ"
"မဟုတ်တာကွာ... ဦးတို့က မင်းကို ငယ်ငယ်ကတည်းက ကိုယ့်သားသမီးလိုသဘောထားလာတာပဲ... အခုကလည်း ပိုပြီး တရားဝင်ဖြစ်သွားတော့ ကောင်းတာပေါ့ကွာ"
"ဒါပေမဲ့...ကျွန်တော်က..."
"ကဲပါ...ငြိမ်းရယ်... ငြိမ်း တစ်ချိန်လုံး ဒေါ်ဒေါ်တို့ကို ကျေးဇူးတင်တယ်ပြောလာတာ... အဲ့ဒါတွေက မလိုအပ်တာပါ... တကယ်တော့ ဒေါ်ဒေါ်တို့က ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါပဲ... အခု မင်း ဦးလေးက အသက်ကြီးပြီ... ကုမ္ပဏီအလုပ်တွေက နားချင်ပြီ... ချယ်ရီကလည်း သူ့ဆရာဝန်အလုပ်ကို ဘယ်လိုမှ စွန့်လွှတ်ချင်တာ မဟုတ်ဘူး... ငြိမ်းတို့ လက်ထပ်ပြီးရင် ငြိမ်းလက်ထဲပဲအပ်လိုက်တော့မှာ... အရင်က ငြိမ်းဖေဖေရဲ့ ကုမ္ပဏီကို ဝင်ကူပေးခဲ့သလိုမျိုးပေါ့ကွယ်"
ငြိမ်း မှာ ပြောစရာစကား ပျောက်ရှရပြီ... ချယ်ရီ့ အမေက ငြိမ်းကို ကျေးဇူးတရားတွေနဲ့ တစ်ဖက်လှည့်ပြီး ကိုင်ပေါက်လာချေပြီ... ငြိမ်းတို့ကို ကူညီခဲ့ဖူးသလိုမျိုး အခုသူတို့ကို ပြန်ကူညီရမည်ဟု ထုတ်မပြောရုံတမည်သာ ရှိတော့သည်...
"ကူညီတာက ကျွန်တော်တတ်နိုင်သလောက် ကူညီမှာပါ ဒေါ်ဒေါ်... ဒါပေမဲ့ အိမ်ထောင်ပြုဖို့အထိက မေမေလည်း ကျွန်တော့်ကို ဘာမှ သေသေချာချာပြောပြခဲ့တာမျိုးမရှိတာမို့..."
ငြိမ်းအပြောကြောင့် ဦးထွန်းဝင်းက မျက်နှာပျက်သွားသည်...
"ငြိမ်း... မင်းတို့ ကုမ္ပဏီက ရှယ်ရာရှင်တွေအကုန်လုံးက ဒီလိုပဲသိထားကြပြီးပြီကွ... မင်း မေမေကိုယ်တိုင် သတင်းလွှင့်ခဲ့တာပဲနေမှာ အချိန်တန်ရင် ဦးတို့ကုမ္ပဏီနဲ့ မင်းတို့ ကုမ္ပဏီက အကျိုးတူပူးပေါင်းမှာပဲဆိုတာ သိထားကြလို့ သူတို့က ဆက်ပြီး မြဲနေကြတာ မင်းဒါတွေနားလည်ဖို့လိုတယ်"
ငြိမ်းခေါင်းရမ်းလိုက်မိသည်... မေမေ သတင်းလွှင့်ခဲ့တာ ဘယ်လိုမှ မဖြစ်နိုင်ပါ... မေမေက ငြိမ်းကို ချယ်ရီနဲ့ဆို သဘောတူသည် ဟုသာပြောခဲ့သော်လည်း လက်ထပ်ဖို့ စီစဉ်ထားသည့်ကိစ္စတွေ ဘာတစ်ခုမှ ပြောခဲ့ခြင်း မရှိပေ... ကြီးမေလည်းဘာမှ သိထားပုံမရ... မေမေက ငြိမ်းကိုဘာမှ မတိုင်ပင်ဘဲ ကုမ္ပဏီသွားပြီး သတင်းလွှင့်မဲ့ ကိစ္စက ပိုလို့ပင် မဖြစ်နိုင်သေးပေ...
"ငြိမ်း ဘာတွေ တွေဝေနေတာလဲကွယ်... လူကြီးတွေက အားလုံးအဆင်ချောအောင် စီစဉ်ပြီးသားမို့ ငြိမ်းနဲ့ ချယ်ရီသာ လက်ခံလိုက်ရင် ပြီးနေပြီ... ချယ်ရီ နဲ့ ငြိမ်းလည်း တစ်ယောက်ကို တစ်ယောက် သံယောစဉ် ရှိကြတာ ဒေါ်ဒေါ်တို့လဲ သိတာပဲ"
"မဟုတ်သေးပါဘူး ဒေါ်ဒေါ်ရယ်... သံယောစဉ် ရှိကြတာက မောင်နှမလိုပါ... လက်ထပ်ဖို့ မဖြစ်နိုင်ဘူး"
"အဟင်းဟင်း... ငါ့သားကတော့ကွယ်... မင်း ဦးလေးနဲ့ ဒေါ်ဒေါ်ဆိုလည်း ဒီလိုပဲ...မောင်နှစ်မ သံယောစဉ် ကနေစကြတာ... အခုဆို မင်းဦးလေးက ဒေါ်ဒေါ့်ကို မျက်စိအောက်ကကို အပျောက်မခံဘူး... ငြိမ်းတို့လဲ ဒီလိုပဲ ဖြစ်လာမှာ မြင်ယောင်ပါသေးတယ်"
ငြိမ်းသက်ပြင်း ချလိုက်မိသည်... ကျေးဇူးရှင် လူကြီးတွေမို့ ငြိမ်းက အကြောက်အကန်တွေ ငြင်းနေရမှာ အားနာလို့ ဆက်မပြောဘဲနေလိုက်တော့သည်... ပြီးမှ ချယ်ရီနဲ့တွေ့ပြီး လက်မထပ်နိုင်ကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောလိုက်မည်... ငြိမ်း တွေးနေစဉ်မှာပဲ ကြီးမေက ဝင်ပြောလာသည်...
"မမမေ တစ်ခုပြောချင်တာကလေ ကလေးတွေရဲ့ ဆန္ဒကို ဦးစားပေးပြီး စဉ်းစားစေချင်တယ်... နှစ်ဦးနှစ်ဖက်စိတ်မပါရင် ဇွတ်မစီစဉ်...."
"ဪ မမမေရယ်... ကျွန်မတို့က ဇွတ်စီစဉ်နေတာ မဟုတ်ပါဘူး ငြိမ်းမေမေနဲ့ အေးထားခဲ့တဲ့ ကတိအတိုင်းပဲ လုပ်ပေးတာ... မမမေတာဝန်က နောက်ဆို အိမ်မှာ ကလေးနှစ်ယောက်ကို စောင့်ရှောက်ဖိုပါ... ကျန်တဲ့ကိစ္စတွေအတွက် ပူမနေပါနဲ့ အေးအေးသာနေ"
ချယ်ရီ့ မေမေက တစ်ဖက်လှည့်နှင့် ဒီကိစ္စတွေ ကြီးမေ ဝင်ပါစရာမလိုဘူးဟု ပြောလိုက်ခြင်း ဖြစ်ကြောင်း ငြိမ်း နားလည်လိုက်သည်... ကြီးမေက မျက်နှာမကောင်းစွာဖြင့် နေရာမှ ထသွားတော့သည်...
"ဒီကိစ္စကို ကျွန်တော်နဲ့ ချယ်ရီပဲ ဆွေးနွေးပါ့မယ် ဒေါ်ဒေါ်"
"ချယ်ရီနဲ့က ဆွေးနွေးစရာဘာမှ ထွေထွေထူးထူး မလိုပါဘူးကွယ်... ချယ်ရီကလည်း ငြိမ်းရဲ့ မေမေကို ကတိပေးထားခဲ့ပြီးပြီမို့ ငြိမ်း လက်ခံဖို့ပဲလိုတော့တယ်"
"ထားပါ...ငြိမ်းအနေနဲ့လည်း ဘာမှ စဉ်းစားနေစရာမလိုတော့ပါဘူး... မနက်ဖြန် ဦးတို့ အသိ ရှေ့နေကို ခေါ်လာခဲ့မယ်... လုပ်ငန်းပေါင်းစည်းဖို့နဲ့ လက်ထပ်ဖို့ကိစ္စတွေ တိုင်ပင်ကြတာပေါ့... ငြိမ်း အိမ်မှာပဲ စောင့်နေပါ"
"ဗျာ"
...........................................................................
"နော်... သိလား... အဲ့လိုပဲ လုပ်လိုက်မယ်"
"အင်း...ရ ထားတဲ့ သတင်းက သေချာတယ်မဟုတ်လား"
"ဪ...သေချာပါတယ်ဆို... နာနာ့သူငယ်ချင်းရဲ့ အဖေက သူတို့ငှါးထားတဲ့ ရှေ့နေ... ချယ်ရီမျက်သွယ်နဲ့လဲ ခင်တယ်... သူ့ကိုပါ ဖိတ်ထားတာတဲ့"
"သေချာရင် လုပ်ကြတာပေါ့"
"အဲ့ဒါဆို စီစဉ်လိုက်တော့မယ်"
"အင်း"
ကြည်ညွှန်း Family ၏ အိမ်ပေါ်ထပ် လသာဆောင် ဝရံတာတွင် ညစာစားပြီးချိန်၌ မိသားစုတွေ ဝိုင်းဖွဲ့ကာ အစည်းဝေးထိုင်နေကြသည်...
"အခု လုပ်လို့မရဘူးလား မနက်ဖြန်မှလား"
အာကာက အထွန့်တက်တော့ မမကေသာ အာကာ့ပေါင်ကို လှမ်းရိုက်သည်...
"သြော် ဘယ်လိုဖြစ်နေတာလဲ ညကြီးကို"
"အိုကေ အိုကေ... အားလုံး လိုအပ်တာ ပြင်ဆင်ထားကြတော့ သွားသွား... သူ့မေ လာ... ဒို့လဲ သွားပြင်ကြမယ်"
အဖေကြီးက သတိပေးပြီး ထထွက်သွားသဖြင့် မောင်နှမတွေလည်း ကိုယ့်အခန်းကို ပြန်ပြေးကြတော့သည်... အာကာကတော့ စိတ်လှုပ်ရှားနေသဖြင့် တစ်ညလုံး ကောင်းကောင်းပင် အိပ်လို့မပျော်ခဲ့ပေ...
မနက်လင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားပြီး ဖုန်း Alarm မြည်သံကြောင့် လန့်နိုးလာရသည်... နာရီကို ကြည့်လိုက်တော့ မနက် ၇ နာရီထိုးပြီ... အာကာ အိပ်ယာမှ ဝုန်းခနဲထကာ ရေချိုးအဝတ်စားလဲခြင်းကို ခပ်မြန်မြန်လုပ်လိုက်သည်...
ထို့နောက် အိမ်အောက်သို့ဆင်းလာတော့ တစ်အိမ်လုံးပြေးလွှားပြီး အလုပ်ရှုပ်နေကြသည်ကို တွေ့ရသည်...
"သား သွားတော့မယ်နော် ဖုန်းဆက်လိုက်"
"အေး...သွားတော့ သွားတော့"
"စိတ်ချမယ်နော်"
"သြော်... သွားပါဟဲ့"
အာကာ ထွက်လာခဲ့ပြီး အစ်ကိုတို့ အိမ်ရှေ့ရောက်တော့ အစ်ကို့ဖုန်းကို ခေါ်လိုက်သည်...
"ဟယ်လို so sweet"
"အစ်ကို့... ဗိုက်ဆာတယ်"
"ဟင်... မနက်စာ မစားရသေးဘူးလား"
"ဟင့်အင်း... အစ်ကိုနဲ့ စားချင်လို့"
"အိမ်လာခဲ့မလား... ကြီးမေကို မနက်စာပြင် ခိုင်းလိုက်မယ်"
"အပြင်မှာ စားချင်တာ... ကျွန်တော် အခုအိမ်ရှေ့မှာ... အစ်ကို အပြင်ထွက်ခဲ့ ... ဖုန်းနဲ့ ပိုက်ဆံအိတ်ယူခဲ့နော်... ကျွန်တော့မှာ ပိုက်ဆံမပါဘူး"
"အဟား... အိုကေ... ခဏလေးနော်... ကိုယ် ထွက်လာခဲ့မယ်"
ခဏကြာတော့ အစ်ကိုက ခြံတံခါးဖွင့်ပြီးထွက်လာသည်... over size တီရှပ် အဖြူပွပွ နှင့် ကာကီရောင် ဒူးလောက် ဘောင်းဘီတိုလေး ဝတ်ထားပြီး မနက်ခင်းမှာ မျက်နှာလေးက ကြည်လင်ဝင်းပနေသည်... အာကာ့ကိုတွေ့တော့ ပြုံးပြလာပြီး ပါးတစ်ဖက်ကို လာဖျစ်သည်... အစ်ကိုက ခုနောက်ပိုင်း အာကာ့ ပါးကို ထိုသို့ ခဏခဏ လာဖျစ်တတ်သည်...
"အစ်ကို"
"လာ... လမ်းထိပ်မှာပဲ သွားစားမှာ မဟုတ်လား... စက်ဘီးမပါဘူးလား"
"မပါဘူး လမ်းလျှောက်သွားမယ်... အစ်ကို ရုံးသွားဖို့ စောသေးတယ်မဟုတ်လား"
"ဒီနေ့ မသွားဖြစ်တော့ဘူး... ဧည့်သည်တွေ လာရင် ရှင်းစရာ ကိစ္စလေး နည်းနည်းရှိလို့"
"ဘာကိစ္စလဲဟင်...အစ်ကို့"
"so sweet မသိလဲ ဖြစ်ပါတယ်ကွာ"
အာကာတို့ လမ်းလျှောက်နေစဉ်မှာပဲ အာကာ့ဆီသို့ ဖုန်းဝင်လာသည်...
"ဟယ်လို လေးမောင်... ဟုတ်... အိုကေ အိုကေ"
အာကာ ဖုန်းချလိုက်ပြီး အစ်ကို့လက်ကိုတွဲလိုက်သည်...
"ဧည့်သည်တွေက ဘယ်ချိန်လာမှာလဲ...အစ်ကို"
"နောက် တစ်နာရီလောက်မှပါ"
"ဒါဆို ကျွန်တော်တို့ ဟိုဘက်လမ်းက လက်ဖက်ရည်ဆိုင်ပဲ သွားမယ်နော်"
"အိုကေ"
အာကာတို့ ထိုင်နေကျ လမ်းထိပ်မဟုတ်ဘဲ နောက်ဘက်လမ်းထိပ်ကို ထွက်ခဲ့လိုက်သည်... ဆိုင်ရောက်တော့ အစ်ကို့အတွက် သောက်နေကျ ပေါ့ဆိမ့်တစ်ခွက်နှင့် ကြက်ဥပလာတာ မှာပေးပြီး အာကာက မုန့်ဟင်းခါး တစ်ပွဲမှာစားလိုက်သည်...
"အစ်ကို့...ပိုက်ဆံအိတ်ခဏပြ"
"ဘာလုပ်ဖို့လဲ"
"ပြပါဆို"
အစ်ကိုက ဘောင်းဘီအိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ပေးသည်... အာကာက ဖွင့်ကြည့်လိုက်ပြီးမှ ကျေနပ်သွားကာ ပြန်ပေးလိုက်သည်...
"ဘာလဲ... ကိုယ့်မှာ မင်းကိုကျွေးဖို့ ပိုက်ဆံပါပါတယ်ကွ"
"အဟား...အင်းပါ"
အာကာ လက်မှနာရီကို ငုံ့ကြည့်လိုက်တော့ ၈ နာရီခွဲတော့မည်...
"ပြန်ကြမလား အစ်ကို"
"အင်း... မင်းရုံးသွားမှာ မလား"
"မသွားတော့ဘူး ဒီနေ့"
"ဘာလို့လဲ"
"လုပ်စရာ တစ်ခုရှိလို့"
so sweet က လမ်းလျှောက်ရင် ငြိမ်းနဲ့ လက်ဖဝါးချင်းအပ်ကာ လက်ချောင်းတွေကို ယှက်နွယ်ပြီး ဆုပ်ကိုင်တတ်သည်... ငြိမ်းကလည်း ထိုသို့ လက်တွဲရတာကို သဘောကျသည်... ငြိမ်းတို့ နှစ်ယောက်ရဲ့ လက်ဖဝါးတွေက တဆင့် ရင်ခုန်သံတွေ နီးကပ်နေသည်ဟု ထင်ရသည်...
ငြိမ်းတို့ နှစ်ယောက်လက်တွဲ လျှောက်နေတုန်း ဘေးသို့ 7 seater Nissan ကား အနက်ရောင်ကြီး တစ်စီးက ထိုးရပ်လာသည်... so sweet က ငြိမ်းရဲ့လက်ကို တင်းနေအောင် ဆုပ်ကိုင်လာပြီး...
"အစ်ကို"
"ဟင်"
"ကျွန်တော်တို့နဲ့ လိုက်ခဲ့နော်"
"ဟမ်...ဘယ်ကို... ကျွန်တော်တို့ဆိုတာက ဘယ်သူ"
ငြိမ်းစကားပင်မဆုံးလိုက် ကားရဲ့ ဘေးတံခါးက ပွင့်သွားပြီး so sweet က ငြိမ်းကို ကားထဲသို့ တွန်းတင်လိုက်သည်... ထို့နောက် သူပါနောက်လိုက်တက်လာပြီး ငြိမ်းဘေးတွင် ဝင်ထိုင်လိုက်သည်... ကားရှေ့ခန်းတွင် လူနှစ်ယောက် ထိုင်နေပြီး ဂျာကင်အမဲရောင်နှင့် လျှာထိုးဦးထုတ်တွေကို ခပ်ငိုက်ငိုက် ဆောင်းထားကြသည်... ငြိမ်းမှာ အူလည်လည်နှင့် ဖြစ်နေရပြီး so sweet ကိုကြည့်လိုက်မိသည်...
"so sweet... ဘာတွေလုပ်တာလဲ...အခုက ဘယ်ကိုလဲ"
"ဟို... အစ်ကို... စိတ်မဆိုးပါနဲ့နော်... ကျွန်တော် အစ်ကို့ကို ကားတင်ပြေးမလို့"
"ဘာ!"
ကားက မြောက်ဒဂုံရပ်ကွက်ထဲကနေ မြို့ထဲဘက်ကို ဦးတည်ပြီးမောင်းနေသည်...
"so sweet ... နေပါဦး... မဟုတ်သေးဘူးလေကွာ... အခုက ဘယ်ကိုသွားနေတာလဲ... သူတို့ကရော ဘယ်သူတွေလဲ... မင်း အိမ်ကလူကြီးတွေ သိသွားရင် မကောင်းဘူးလေကွာ... ပြန်မယ်... အခုပြန်လှည့်ခိုင်း"
"မပြန်ပါဘူး... ခိုးပြေးလာတာပါဆို ဘယ်ကိုပြန်ရမှာလဲလို့... အိမ်ကလူကြီးတွေက မဆူပါဘူးဆို"
"မဟုတ်ဘူးလေကွာ so sweet ရာ အဖေကြီးတို့ သိရင် ဆူလိမ့်မယ်"
ထိုအခိုက်မှာပဲ ကားရှေ့ခန်းမှ လူတစ်ယောက်က နောက်သို့ လှည့်လာပြီး...
"အဖေကြီးက မဆူပါဘူးကွ သားငြိမ်း ရ"
"ဟင်...အဖေကြီး"
"အေး... အဟားဟား"
ထိုအခါမှ ငြိမ်း ကားရှေ့ခန်းမှလူတွေကို သေချာကြည့်လိုက်မိသည်... အဖေကြီးဘေးမှာ ထိုင်ပြီး ကားမောင်းနေသူက...
"လေးမောင်!"
"အေးကွ... ငြိမ်းရေ... ငြိမ်းကိုတော့ အားနာပါတယ်ကွာ... မင်း ကောင် so sweet ကြောင့် အခြေနေတွေက အဲ့ဒီလိုဖြစ်သွားတယ်"
ငြိမ်းက မျက်လုံးပြူးကာ ဘာပြောရမှန်း မသိဖြစ်နေစဉ် နောက်ခန်းက ထွက်လာသည့် စကားသံကြောင့် သွေးပင်တက်ချင်သွားရတော့သည်...
"မကြီးနဲ့ အမေတို့လဲ ပါတယ် ငြိမ်းရေ... ဘာမှ မကြောက်နဲ့နော်"
"ဗျာ!"
...........................................................................
"ဟယ်လို... အေး.. so sweet အခြေနေဘယ်လိုလဲ... အိုခေ အိုခေ... အဲ့ဒါဆို ငါတို့ထွက်လာပြီနော်... စောင့်ပြီး မောင်းဦး"
"မမနာနာရေ!! ဒိုးမယ်... so sweet က အိုခေတယ်တဲ့"
"ဟေမာရေ!!"
"လာပြီ ဒီမှာ သားပေါက်လေးအတွက် ရေထည့်တဲ့ဟာ ယူနေလို့"
နန္ဒာက ကားရှေ့ခန်းမှာ ဝင်ထိုင်ပြီး ကေသာက မောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည်... ဟေမာနှင့် မော်မော်က ကားနောက်ခန်းမှာ ထိုင်သည်... နန္ဒာတို့မိသားစုက ငြိမ်းကို ပုဂံသို့ ခိုးပြေးကြမှာဖြစ်ပြီး အိမ်မှာ အဖွားနှင့် မကြီးအိဖြူကျန်ခဲ့မည်... ပြီးတော့ တာမွေက အစ်ကိုဝမ်းကွဲတွေ အိမ်စောင့်လာနေပေးကြမည် ဖြစ်သည်...
နန္ဒာတို့ကားလေး လမ်းထဲမှ မထွက်ခင် မျက်နှာချင်းဆိုင်သို့ ကားတစ်စီး ဝင်လာနေသည်...
"ဟဲ့...ဟဲ့... ဟိုမှာ အဲ့ဒါ ချယ်ရီမျက်သွယ် တို့ကား"
"ဟုတ်လား"
ကေသာက လမ်းမပေးပဲ ဆက်မောင်းသဖြင့် ချယ်ရီမျက်သွယ် တို့ကားက ဘေးသို့ချရပ်ပေးလိုက်ရသည်...
"ဟဲ့ နေဦး နေဦး ... သူတို့နားက ဖြတ်ရင် ဖြည်းဖြည်းမောင်းနော်... ငါ ကားမှန်ချပြီး ချေခဲ့မလို့"
"အင်း...ကောင်းတယ်... နေဦး နေဦး နေကာမျက်မှန် နေကာမျက်မှန် တပ်ဦး"
"အေးအေး... ပေး ... ဪ... မြန်မြန်ပေးပါ ပူတူး ရဲ့"
အရေးထဲ ဟေမာက အိပ်ထဲ မျက်မှန်နှိုက်နေသည်မှာ တော်တော်နှင့် ထွက်မလာသဖြင့် အော်နေရသေးသည်...
"တွေ့ပြီ တွေ့ပြီ...ရော့ ရော့"
နန္ဒာက ဟေမာ့ဆီက နေကာမျက်မှန်ကို လှမ်းယူလိုက်ပြီး မြန်မြန်တပ်လိုက်သည်... ထို့နောက် ချယ်ရီမျက်သွယ်တို့ ကားဘေးမှ အဖြတ်တွင် ကားမှန်ကိုချကာ နေကာမျက်ကို ဟန်ပါပါနှင့် ချွတ်လိုက်ပြီး မင်းသမီး အိုက်တင်နှင့် မျက်ခုံးတစ်ဖက်ကို ပင့်ပြခဲ့လိုက်သည်...
နောက်ခန်းမှ ဟေမာကလည်း ကားမှန်ချကာ သားပေါက်လေးကို ပြုတင်းပေါက်အပြင်သို့ ထုတ်၍...
"သားလေး...ပေါက်ပေါက်ရေ...ဟိုမှာ ဟိုမှာ... သူတို့"
"ဝုတ်ဝုတ်!! ဝုတ်ဝုတ်!! ဝုတ်ဝုတ်!!"
သားပေါက်က ထိုသို့ သူ့ကို အလန့်တကြားလုပ်ပြလျှင် ဘုမသိ ဘမသိနှင့် ထိုးဟောင်တော့သည်...
"အေး...ဟုတ်တယ်... ပေါက်ကလေး...ပြောလိုက်... ကိုကြီးငြိမ်းက သားတို့ဟာလို့ လာမလုနဲ့လို့"
"ဝုတ်ဝုတ်!!! ဝုတ်ဝုတ်!!!"
"အေး...ဟုတ်တယ်... ရပြီ ရပြီ... မမသားလေး မောတော့မယ် တော်ပြီ"
နန္ဒာတို့ကားကို ချယ်ရီမျက်သွယ်က မျက်မှောင်ကျုံ့၍ ကြည့်ပြီး ကျန်ခဲ့သည်... သတို့သားမရှိပဲ အိမ်မှာကျန်ခဲ့သော အိမ်တိုင်ကြီးနှင့် လက်မှတ်ထိုးနေရမည့် အဖြစ်ကို မြင်ယောင်ပြီး ရယ်ချင်လာရသည်... ငြိမ်းအေးအိမ်ကို အာကာကြည်ညွှန်း ခိုးပြေးမှန်းသိလို့ မိသားစုကိုလာတိုင်ရအောင်ကလည်း ခိုးပြေးတာက မိသားစုလိုက်ကြီး....
ချယ်ရီမျက်သွယ်ရဲ့ ဆွေ့ဆွေ့ခုန်နေမည့် မျက်နှာကို မြင်ချင်သေးပေမဲ့လည်း မိသားစု ခရီးက နောက်ကျနေလို့ မဖြစ်ပေ...
"Sorry, Not Sorry ချယ်ရီမျက်သွယ်"
.............................................................................
"အစ်ကို... ခါးညောင်းလို့လားဟင်"
"ဟင့်အင်း"
အစ်ကိုက ကားပေါ်က ဆင်းပြီး ခါးလေးကိုလက်နှင့်ထောက်ထားသည်... ကားပေါ်မှာရော လမ်းတစ်လျှောက်လုံးရော လူကြီးတွေနှင့် မောင်နှမတွေရှေ့မို့ ငြိမ်နေသော်လည်း အာကာ့ကိုတော့ အကြီးအကျယ် စိတ်ဆိုးနေပြီ ဖြစ်သည်...
အာကာက ရေဗူးကို ဖွင့်ပြီးပေးတော့ စူပုတ်ပုတ်လေးနှင့် ယူသောက်သည်... နှုတ်ခမ်းထောင့်စွန်းမှာ ပေနေသည့် ရေတွေကိုသုတ်ပေးတော့ အာကာ့လက်ကိုတွန်းထုတ်သည်... သူ့ကို မပြောမဆိုနှင့် လုပ်လာသဖြင့် စိတ်တိုနေခြင်းဖြစ်လိမ့်မည်...
အာကာ သက်ပြင်းချလိုက်မိသည်... ငြိမ်းအေးအိမ်က တစ်နာရီလောက်နောက်ကျပြီးမှ ခေါ်လာမိရင်တောင် သူ့ကိုယ်သူ ဘာဖြစ်မယ်ဆိုတာမသိဘဲ လူကို လာကောက်နေသည်...
လေးမောင်က check in ဝင်ရန် မှတ်ပုံတင်တွေ လာတောင်းသည်... မနက်က လက်ဖက်ရည်ဆိုင်မှာ အစ်ကို့ပိုက်ဆံအိတ်စစ်ကြည့်တော့ ကားလိုင်စင်နဲ့ မှတ်ပုံတင်ပါတွေ့ထားသဖြင့် အာကာက အဆင်သင့်ထုတ်ယူပေး လိုက်သည်...
"အား.... ညောင်းလိုက်တာ... so sweet က နည်းနည်းပါးပါး လာကူမမောင်းပေးဘူး"
"ဟာ...သုံးယောက်ကြီးတောင် မောင်းတတ်နေတာကို တစ်လှည့်စီ မောင်းပါလားဗျ"
"ဟေမာက မူးလို့တဲ့ ဘာမှအားမကိုးရဘူး"
ခဏကြာတော့ လေးမောင်နဲ့ မကြီးက Check in ဝင်ပြီး အခန်းသော့တွေ ယူကာရောက်လာသည်..
"ရော့ အစ်ကိုနဲ့ မမက တစ်ခန်း"
"သန္တာတို့ ငါးယောက်က နှစ်ခန်း အဆင်ပြေသလိုနေကြ"
"မင်းတို့ နှစ်ကောင်က ငါနဲ့ တစ်ခန်း"
"ဗျာ! ဘာလို့ လေးမောင်နဲ့ တစ်ခန်းလဲဗျ... သားတို့နှစ်ယောက်က တစ်ခန်းလေ"
"လျှာမရှည်နဲ့ မင်းတို့နှစ်ယောက် တရားဝင် လက်မထပ်ရသေးဘူး... ငါနဲ့ တူတူ ပဲနေရမယ်"
"အား!!! အဖေကြီး"
အာကာက အဖေကြီးကို စစ်ကူခေါ်တော့ အဖေကြီးက ရယ်နေပြီး...
"လေးမောင်နဲ့ လိုက်သွားကြ... သားငြိမ်း အဆင်ပြေတယ်မဟုတ်လား သား"
"ဟုတ် ပြေပါတယ် အဖေကြီး... လေးမောင် လာ ကျွန်တော်တို့သွားကြမယ်"
"အစ်ကို့!!!"
အာကာ တစ်ယောက်တည်း ရှုံ့မဲ့ပြီးကျန်ခဲ့ရကာ အစ်မတွေကလည်း ပြောင်ပြပြီး ထွက်သွားကြတော့သည်...
အခန်းထဲကိုရောက်တော့ ခုတင်သုံးလုံးရှိပြီး အလယ်က ခုတင်မှာ လေးမောင်က ဆန့်ဆန့်ကြီး လှဲနေသည်...
"လေးမောင်... ဒီဘက်ဘေးမှာ နေလေဗျာ... သား အလယ်မှာနေမှာ"
"ဟေ့အေး...ငါ အလယ်မှာ နေမှာ"
"အား!!! လေးမောင်ကဗျာ!!!!"
အာကာက လေးမောင်ကို ခြေထောက်ကနေ အတင်းဆွဲချသည်...
"ဟိတ်ကောင်! ဟိတ်ကောင်! အေးနော် ငါ ပုဆိုးကျွတ်တော့မယ်...ဖယ်စမ်းကွ"
အစ်ကိုက ဝရံတာဘက်ရှိခုတင်မှာ ထိုင်နေပြီး အာကာနဲ့ လေးမောင်ကို ကြည့်ပြီး ရယ်ချင်နေတာကို အောင့်ထားသည့်ရုပ်လေး ဖြစ်နေသည်... အာကာက အစ်ကို့ကိုပါ ဘုကြည့်ကြည့်ပစ်လိုက်သည်... ဒီတစ်ခါ စိတ်ကောက်သူက အာကာဖြစ်နေရပြီ..
အာကာ လက်လျှော့လိုက်ပြီး luggage ထဲမှ အစ်ကို့အတွက်ပြင်ဆင်ပြီးယူလာသော အဝတ်အစားများကို ထုတ်လိုက်သည်...
"အစ်ကို ရော့ လောလောဆယ် ရေချိုးပြီး ကျွန်တော့် အဝတ်တွေပဲ ဝတ်ထားဦးနော်... ကျွန်တော်တို့ ညစာထွက်စားကြရင်းနဲ့ ဆင်ဘောင်းဘီနဲ့ ပုဂံအင်္ကျီတွေဝယ်ဝတ်ကြမယ်နော်"
အစ်ကိုက အာကာ့ လက်ထဲမှ အဝတ်တွေကို ယူပြီး ခပ်တည်တည်လေးလုပ်ကာ ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်... နှစ်ယောက်သား အခန်းထဲရောက်မှ အပီအပြင်ချော့မယ်ဟု တွေးထားကာမှ လေးမောင်က သာသနာဖျက်သည်...
အားလုံး ရေချိုးပြီးကြတော့ အပြင်မှာ ညစာထွက်စားကြရန် လော်ဘီမှာလူစုကြသည်... အာကာတို့ မောင်နှစ်မတွေ က လော်ဘီဧည့်ခန်းမှာ စုထိုင်နေကြရင်း အမေ့ကို စောင့်နေရသည်...
"ဟေမာက ဟိုသရပါတံခါးနားက မြန်မာ ထမင်းဆိုင်စားချင်တာ"
"အာ...ညကြီးကို ဘယ်ရှိတော့မှာလဲ...မနက်ဖြန်မှစား... ဒီည နီးနီးနားနားပဲ စားတော့ ငါအရမ်းပင်ပန်းနေပြီ... နင် ကားလဲ ကူမမောင်းဘဲနဲ့"
"ဟေမာ ကားမူးနေတာကိုးလို့... မမကေသာကတော့ ရှေ့ခန်းမှာ မုန့်တွေမျိုးစုံစားပြီး နတ်ပြည်ရောက်လို့... ဟေမာကတော့ နောက်ခန်းမှာ ကားမူးပြီး ငရဲပြည်ရောက်လို့"
"ဟာ... ဒါဆို မမဟေမာက သာတာပေါ့... မမကေသာရဲ့ နတ်ပြည်က ၆ ထပ်ပဲ ရှိတယ်... မမဟေမာရဲ့ ငရဲပြည်က ၈ ထပ်ကြီးတောင်... မိုက်တယ်... အပေါ်ဆုံးထပ်ဆို လေတဖြူးဖြူးနဲ့ နေမှာ"
"ဟယ်... so sweet နော် ... မင်းပဲ သွားနေ အဲ့ဒီမှာ"
"အဟားဟား"
အာကာ့ အပြောကို ဝိုင်းရယ်ကြပြီး အစ်ကိုကပါ ပြုံးနေသဖြင့် အာကာက အခွင့်ကောင်းယူပြီး အစ်ကို့လက်ကလေးကို ဆုပ်ကိုင်လိုက်သည်... အစ်ကိုက မသိမသာ ပြန်ရုန်းထွက်သွားသည်...
"ကိုကြီးငြိမ်း ကို မေးကြည့်... ကိုကြီး ဘာစားချင်လဲ... ဒီ trip က ကိုကြီးအတွက် special trip ဆိုတော့ ကိုကြီးကို ဦးစားပေးရမှာ... ကေသာတို့က ဘာဖြစ်ဖြစ်ရတယ်"
"အာ ကိုကြီးလဲ အဆင်ပြေပါတယ်ကွ"
ထိုအခိုက်တွင် အဖေကြီးက အနားသို့ရောက်လာပြီး... အာကာတို့ အားလုံးထိုင်နေသည့် အလယ်မှာ ဝင်ရပ်လိုက်သည်...
"ကလေးတွေ လာကြဦး ဒီနားတိုးကြ... အဖေကြီးက အရေးကြီး ကိစ္စပြောရဦးမယ်"
အားလုံးက စိတ်ဝင်တစားနှင့် အနားသို့တိုးကပ်သွားကြသည်... အစ်ကိုကလည်း အာကာတို့လို ခေါင်းလေးတိုးကပ်လာသည်...
"ဘာလဲဟင် အဖေကြီး"
အဖေကြီးက လေသံကို နှိမ့်လိုက်ပြီး...
"လာကြ လာကြ... တိုးကြဦး ဒီနားကို"
အားလုံးက ပိုပြီးတိုးကပ်သွားကြသောအခါ...
"ဘူ !!!!!"
"အား!!! အဖေကြီးကလည်း!!!"
"အား!!!! အဖေကြီး အကျင့်ပုတ်တယ်!!!"
"အဟားဟားဟား"
အဖေကြီးက မောင်နှမတွေ အားလုံးတိုးကပ်သွားသည့်အချိန်မှာ အီးပေါက်လိုက်ခြင်းဖြစ်သည်... အာကာလည်း အော်ဟစ်နေရင်းမှ နောက်ထပ် အခွင့်ကောင်းယူပြီး အစ်ကို့ကို ရင်ခွင်ထဲ ဆွဲဖက်ကာ ဂျာကင်အင်္ကျီနဲ့ အုပ်ထားပေးလိုက်သည်... ဒီလိုမှမဟုတ်ရင် ဖက်ရဖို့နေနေသာသာ လက်လေးပင်ကိုင်ရဖို့ အနိုင်နိုင်...
အစ်ကို့ကို ဆွဲဖက်ကာ အုပ်ထားပေးရင်း ကိုယ့်ဟာကို နှာခေါင်းပိတ်ဖို့ မေ့နေပြီး အီးရှုရင်း အဖေကြီးကို ကျေးဇူးတင်နေရတော့သည်...
ညစာသွားစားပြီးပြန်လာတော့ နောက်ကျနေပြီမို့ အိပ်ရာတန်းဝင်ကြသည်... လေးမောင်က ကားမောင်းထားရသဖြင့် ပင်ပန်းပြီး ခဏနဲ့ အိပ်ပျော်သွားသည်... လေးမောင် အိပ်ပျော်သွားတဲ့ အထိ အာကာက ကိုယ့်ခုတင်မှာကို ငြိမ်ပြီးစောင့်နေရသည်...
လေးမောင်အိပ်ပျော်သွားလောက်ပြီဆိုမှ အသာထလာပြီး အစ်ကို့ခုတင်ပေါ်သို့တက်ကာ စောင်ထဲကို အတင်းတိုးဝင်ပစ်လိုက်သည်...
"အာ... so sweet ဘာလာလုပ်တာလဲ... ကိုယ့်ခုတင်ကိုယ်ပြန်... ဟိုမှာလေးမောင်ရှိတယ်ကွ"
အစ်ကိုက လေသံတိုးတိုးလေးနှင့်ပြောသည်... အာကာကလဲ အစ်ကို့နည်းတူ လေသံတိုးတိုးလေးလုပ်ကာ...
"ချမ်းလို့"
"ချမ်းရင် aircon လျှော့လိုက်"
"ဟင့်အင်း...အခုနွေးသွားပြီ"
"so sweet!!"
"ရှုး!! လေးမောင် နိုးသွားလိမ့်မယ် အစ်ကိုက ငြိမ်ငြိမ်နေလေဗျာ"
"ကျစ်! ဘယ်ကို လာကိုင်နေတာလဲ"
"အာ... Sorry လက်ကိုကိုင်တာ မှားသွားလို့"
"ကိုယ် မင်းကို ခုတင်ပေါ်က ကန်ချလိုက်ရမလား"
"ခဏလေး... ဒီဘက်လှည့်ပေးဦး... Good night kiss လေး နည်းနည်းလောက်... ပြီးမှ ကန်ချ"
"မရဘူး...အွန့်!"
"ပြွတ်! ဟင်း... ပြွတ်!... ပြွတ်"
"အ!... ဘာလို့ကိုက်တာလဲ... ကျစ်! so sweet အသံတွေမြည်အောင် မနမ်းနဲ့ကွာ!"
...........................................................................
<3 DiDi Zaw
(08/12/2022)