"ဟယ်လို... so sweet "
"အစ်ကို... ကျွန်တော် အိမ်ရှေ့မှာရောက်နေတယ်"
"ဟင်...ဒီအချိန်ကြီး"
"အစ်ကို့ကို လွမ်းလို့"
"အဟင်း... ခဏလေး... ကိုယ် ထွက်လာခဲ့မယ်"
ငြိမ်း ဖုန်းချပြီး ပြုံးလိုက်မိသည်... ခုတင်ပေါ်မှ ဆင်းပြီး ညဝတ်အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်သည်... အခန်းပြင်ထွက်မယ် လုပ်ရင်းမှ သတိရကာ မှန်ပြေးကြည့်လိုက်သေးသည်... အိပ်ခါနီး မျက်နှာသစ်သွားတိုက်ထားပြီးထားသဖြင့် မျက်နှာက ကြည်ကြည်လင်လင်ဖြစ်နေသည်... ခေါင်းလျှော်ထားပြီးခါစမို့ ဆီမလိမ်းထားသည့် ဆံပင်တွေက နဖူးပေါ်မှ ခပ်အုပ်အုပ်ဝဲကျနေသည်... ငြိမ်း လက်နှင့် တစ်ချက်နှစ်ချက် သပ်လိုက်ပြီးမှ အောက်သို့ဆင်းခဲ့လိုက်သည်...
ငြိမ်း ခြံတံခါးဖွင့်ပြီး အပြင်ထွက်လိုက်တော့ ငြိမ်းရဲ့ ကောင်လေးက သူစီးနေကျပြိုင်ဘီးလေးပေါ်မှာ ခွထိုင်ပြီး ခြံရှေ့အုတ်ခုံပေါ်ခြေတစ်ဖက်တင်ကာ စောင့်နေသည်... ငြိမ်းကိုမြင်တော့ စက်ဘီးပေါ်မှ ဖြတ်ခနဲဆင်းလာပြီး ဒေါက်ထောက်ခဲ့ကာ ငြိမ်းလက်ကို လာဆွဲသည်... ထို့နောက် မှိန်ပြပြလမ်းမီးရောင်အောက်မှ ငြိမ်းမျက်နှာကို ရွန်းရွှန်းစားစားစိုက်ကြည့်ပြီး...
"အိပ်ခါနီးတောင် ချောနေရောပဲ.... လွမ်းနေရတာ အစ်ကိုရာ"
"မနေ့ကမှ တွေ့သေးတာကို"
"အစ်ကိုကလည်း... ဒီနေ့ တစ်နေကုန် မတွေ့ရသေးဘူးလေ"
so sweet က ငြိမ်းလက်ကို ဆွဲကာ အုတ်ခုံတွင် ဝင်ထိုင်ပြီး ငြိမ်းပါးတစ်ဖက်ကို ရွှတ်ခနဲ နမ်းလိုက်သည်...
"အာ... so sweet ကလည်း... ခြံရှေ့ကြီးမှာကွာ"
"အဲ့ဒါဆို အိမ်ထဲ သွားရအောင်"
"ဟင်"
"နမ်းချင်တယ် အစ်ကိုရဲ့...နော်"
"အာ... အိမ်ထဲမှာ ကြီးမေတို့ရှိတယ်ကွ"
"ဟင်း.... ဒါဆို ဒီနားမှာပဲ နည်းနည်း ထပ်နမ်းဦးးမယ် လေ... နော်... မှောင်နေတာပဲကို ဘယ်သူမှမရှိပါဘူး"
ငြိမ်းက ကလေးမုန့်တောင်းနေသလို တဂျီဂျီလုပ်နေသော ကောင်လေးအား မျက်မှောင်ကျုံ့၍ ကြည့်လိုက်တော့ ချက်ချင်း မျက်နှာငယ်လေး ဖြစ်သွားတော့သည်...
ငြိမ်းက အုတ်ခုံပေါ်တွင် ခြံစည်းရိုးတံတိုင်းကိုကျောမှီ၍ ခြေထောက်တွေကို အပေါ်တင်ကာ တင်ပြင်ခွေထိုင်လိုက်သည်... so sweet က ငြိမ်းနှင့် မျက်နှာချင်းဆိုင်လျှက် အုတ်ခုံကို ခွထိုင်လာပြီး...
"အစ်ကို့...နော်"
"so sweet က ကွာ"
"ခဏ လေးပဲဟာကို... ဗီယက်နမ်ပဲ ပြန်သွားချင်တော့တယ်ဗျာ ဗီယက်နမ်မှာတုန်းကဆို အစ်ကိုက အကြာကြီး ခွင့်ပြုတယ်... အခုကြတော့ အရမ်းကပ်စီးနှဲတယ်... ပါးလေး တစ်ချက် နမ်းရဖို့တောင် အနိုင်နိုင်"
မျက်ခုံးတန်းလေးများကို စုကျုံ့ကာ စူပုတ်နေပြီး ငြိမ်းကို ဂျစ်နေသောကောင်လေးကို ငြိမ်း အူယားလာသဖြင့် ပါးကိုဆွဲဖျစ်လိုက်မိသည်...
"so sweet နာမည်က မြန်မာလိုဆို ဆလိမ် လုံးကြီးတင် တစ်ချောင်းငင်နဲ့ ဆိုးတာ...သိလား...ကွက်တိပဲကွ"
"ဟုတ်လား...အဲ့ဒါဆို တစ်ချက်လောက် ပေးနမ်း"
"ဟမ်"
"ဆိုးတယ်ဆို... နာမည်တော့ ဒီတိုင်းအပျက်မခံနိုင်ဘူးလေ"
ငြိမ်း ရယ်လိုက်မိသည်... ဘာပဲပြောပြော နောက်ဆုံး ဒီဘူတာပဲဆိုက်နေသဖြင့် ငြိမ်းလဲ အလိုလိုက်ချင်လာရပြီ...
"နော် လို့... အစ်ကို"
ငြိမ်း ဘေးဘီဝဲယာ တစ်ချက်ဝေ့ကြည့်လိုက်ပြီး လူလဲရှင်းနေသဖြင့် so sweet ရဲ့ ပုခုံးနှစ်ဖက်ကို ကိုင်ကာ မျက်နှာကို ရှေ့သို့တိုးပြီး မျက်လုံးတွေကို မှိတ်ထားပေးလိုက်သည်...
"အင့်...နမ်း"
ငြိမ်း ရင်ထဲမှာ တဒိတ်ဒိတ်နှင့် ရင်ခုန်သံတွေက နုသစ်နေကြသည်... ကိုယ့်ရပ်ကွက်ထဲ ကိုယ့်အိမ်ရှေ့မှာ ကိုယ်ချစ်ရတဲ့ ကောင်လေးနဲ့ ခိုးပြီး ချိန်းတွေ့ရသည့် အတွေ့အကြုံက ငြိမ်းကို ဆယ်ကျော်သက်လူငယ်လေးလို စိတ်လှုပ်ရှားစေသည်... ငြိမ်း ပါးတစ်ဖက်ပေါ်သို့ ကျရောက်လာမည့် နှာတံချွန်လေးဆီမှ ဝင်သက်ထွက်သက် နွေးနွေးကို ရင်ခုန်စွာ ငံ့လင့်နေမိသော်လည်း ပါးပေါ်သို့ ရောက်မလာဘဲ... အဲ့ဒီ့အစား ငြိမ်းနှုတ်ခမ်းတွေက နွေးသွားရသည်...
"ဟင်"
so sweet က ငြိမ်းရဲ့ မေးဖျားမှ ဆွဲမော့ကာ ငြိမ်းရဲ့ နှုတ်ခမ်းလွှာတွေကို မက်မက်စက်စက် နမ်းသည်... လျှာဖျားလေးက ငြိမ်းအောက်နှုတ်ခမ်းပါးကို ထိတွေ့လာတော့ အလိုက်သင့် ဖွင်ဟပေးလိုက်မိသည်... နူးညံ့သည်... နွေးထွေးသည်... ငြိမ်းကို တက်မက်နေသူမှာ ချစ်ရတဲ့ ဒီကောင်ကလေးဟူသည့် အသိက အနမ်းတွေကို ကြည်ဖြူစွာ အလိုအလျှောက်တုန့်ပြန်စေမိသည်အထိ ဆွဲဆောင်သည်...
ငြိမ်းရဲ့ အိမ်ရှေ့ကြီးမှာ ဆိုတာတောင် မေ့သွားရသည်အထိ အနမ်းတို့တွင် ကြာရှည်စွာစီးမြောမိကြသည်...
"အ!"
လူဆိုးကောင်ငယ်လေးက နှုတ်ခမ်းတွေမှ တဆင့် ငြိမ်းရဲ့ လည်တိုင်တွေအထိ စုပ်ယူကိုက်ခဲလာသည့်အခါမှ ငြိမ်း သတိပြန်ဝင်လာမိတော့သည်...
"အင်း...ဟင်း... so sweet...တော်ပြီ"
"ပြွတ်!"
တော်ပြီလို့ ပြောနေတာတောင်မှ နှုတ်ခမ်းကို နောက်ဆုံးတစ်ကြိမ် ရအောင် ထပ်နမ်းလိုက်သေးသည်...
"so sweet က အရမ်းဆိုးတယ်"
ငြိမ်းက ဆူချင်သည့်ပုံစံနှင့်ပြောလိုက်တော့ ငြိမ်းခါးကို ကုန်း၍ဖက်ကာ ငြိမ်း ရင်ခွင်ထဲ အတင်းခေါင်းတိုးဝင်လာတော့သည်... ငြိမ်း သူ့ကို တစ်ခုခု ဆူတော့မည်ဆိုရင် လူကိုအတင်းဖက်ကာ သူ့ကိုယ်လုံးကြီးနှင့် ရင်ခွင်အတင်းတိုးဝင်၍ ချွဲတတ်သည့် အကျင့်လေး ကို ငြိမ်းသတိထားမိလာရသည်...
"အစ်ကိုကလည်း"
"ကဲ...ဖယ်ပါကွာ... ပြုတ်ကျကုန်တော့မယ်"
"ဟင့်အင်း...ဖက်ထားဦးမယ်"
ငြိမ်း သူ့ကိုတွန်းလွှတ်၍ မရသည့်အဆုံး မနိုင်မနင်း ပြန်၍ ထွေးပွေ့ပေးထားမိသည်...
ငြိမ်းရဲ့ကောင်လေးက ဆိုးပေမဲ့ ချစ်ဖို့ကောင်းသည်...
...........................................................................
"အမေ"
"ဘာတုန်း"
"သားနဲ့ အမေနဲ့ ဒီနေ့ date ကြမယ်လေ"
"မ date ချင်ပါဘူး... အားအားယားယား"
"date ချင်လို့ပါ အမေရဲ့ ... အာကာကြည်ညွှန်းရဲ့ အချစ်ဦး... ပထမဦးဆုံး နဲ့ အချစ်ဆုံး အမျိုးသမီးလေး ဒေါ်ခင်ခင်မျိုးဆွေနဲ့ date ပါရစေနော်"
အာကာ့အပြောကြောင့် အမေ့က မဲ့ပြသည်...သို့သော် မျက်နှာကပြုံးနေ၏...
"အမေ့ အဝတ်အစားလဲခဲ့နော်... ဒီနေ့က ဒေါ်ခင်ခင်မျိုးဆွေ Day ပဲ... သားက တစ်နေကုန် အမေ့ကိုပဲ အချိန်ပေးမှာ"
"အောင်မလေးတော် မသိရင် သူကပဲ အရမ်းတွေ busy ဖြစ်နေသလိုနဲ့"
"ဟာ... ဖြစ်တာပေါ့ အမေရ... အာကာကြည်ညွှန်းကို date ချင်တဲ့လူတွေ တန်းစီနေတာနော်... တမင်သက်သက် သားရဲ့ အချစ်ဦးလေးကိုပဲ ဦးစားပေးတာဗျ"
"အပိုတွေ"
အမေက အာကာ့ကို ဘုတောနေသော်လည်း... အဝတ်အစားလဲပြီး အာကာခေါ်ရာနောက်သို့ လိုက်လာခဲ့သည်... အာကာက အမေ့ကို ရွှေတိဂုံဘုရားသို့ခေါ်သွားပြီး သားအမိနှစ်ယောက် ပန်းရေချမ်း ကပ်လှူပြီး ဘုရားကန်တော့ကြသည်....
ထို့နောက် ကန်တော်ကြီးထဲမှာ နေ့လည်စားစားပြီး အမေက ရုပ်ရှင်ကြည့်မည်ဆိုသောကြောင့် ရုပ်ရှင်လည်း ဝင်ကြည့်ကြသေးသည်...
ရုပ်ရှင်ပြီးတော့ Junction City ထဲမှာ အမေက စျေးပတ်ပြီး အာကာက အမေ့နောက်မှ အထုတ်ဆွဲရသည်...
"သားလေး... ညောင်းနေပြီလား လာလာ အမေတို့ အအေးတစ်ခုခုသောက်ကြမယ်"
အာကာတို့ သားအမိနှစ်ယောက်သား အအေးဆိုင်ဝင်ထိုင်ကြသည်... အာကာက ဘာဘယ်လ်တီး မှာပြီး အမေက ဖာလူဒါ တစ်ခွက်မှာသည်...
"အဟက်... ဒေါ်ခင်ခင်မျိုးဆွေတို့ကလေ ဒန်ပေါက်စားပြီး ဆံပင်ညှပ်ဖို့ပဲ ကျန်တော့တယ်"
"ဘာတုန်း"
"အမေတို့ ခေတ်က နယ်ကလူတွေ ရန်ကုန်ရောက်ရင် လုပ်ကြတာလေ... ရွှေတိဂုံဘုရားဖူး... ကန်တော်ကြီးသွား... ရုပ်ရှင်ကြည်... ဖာလူဒါသောက်... ဒံပေါက်စား... ဆံပင်ညှပ်"
"အောင်မာ... မင်းကို ဘယ်သူပြောတုန်း အဲ့လိုလုပ်ကြတယ်လို့"
"လေးမောင် ပြောတာလေ"
"အေး အဲ့ဒါ သူလုပ်ခဲ့တာတွေပြောတာနေမှာ"
"အဟားဟား"
အအေးသောက်ရင်း ဘေးခုံမှာတင်ထားသည့် အထုတ်တွေဆီမျက်လုံးရောက်တော့ အမေဝယ်ထားသည့် ပစ္စည်းတော်တော်များများက အာကာတို့ မောင်နှမတွေ အတွက်ချည်းပဲဖြစ်သည်... အမေက ဘယ်ရောက်ရောက် သူ့ကလေးတွေအတွက်ပဲ ဦးးစားပေးဝယ်ခြမ်းတတ်သည်...
စားသောက်ပြီးကြတော့ အိမ်မပြန်ခင် အာကာက အမေ့ကို အင်းယားကန်ဘောင်သို့ ခေါ်လာခဲ့သည်... သားအမိနှစ်ယောက် လက်တွဲကာ လမ်းလျှောက်ကြရင်း လွတ်နေသော ခုံတန်းတစ်ခု၌ဝင်ထိုင်လိုက်ကြသည်...
"အမေ့"
"ဟင်"
"အမေ မမတို့ကို မိန်းကလေးတွေချည်း လေးယောက်ဆက်တိုက်မွေးပြီး သားကိုရတော့ အမေရော အဖေကြီးရော အရမ်းပျော်တာဆို"
"ပျော်တာပေါ့... သမီးတွေရပြီးပြီဆိုတော့ သားလေးတွေ လိုချင်ခဲ့တာ"
"အမေက ဘာလို့ နောက်ထပ်သားတစ်ယောက် ထပ်မမွေးရတာလဲဗျာ... သားလေ အစ်မတွေနဲ့ချည်း တစ်သက်လုံး တူတူနေလာရတာ... ယောက်ကျားလေး အဖော်တစ်ယောက်တော့ အမေက မွေးပေးခဲ့သင့်တာပေါ့ဗျ... အခုတော့ သားဘယ်လောက် အထီးကျန်လိုက်လဲ"
"မွေးပေးချင်တာပေါ့ သားရယ်... အဲ့ဒီတုန်းက ခေတ်အခြေအနေနဲ့ ကလေးငါးယောက်တောင် အမေနဲ့ မင်းတို့အဖေကြီးမှာ တော်တော် ကသီလင်တနိုင်နေပြီမလို့ ထပ်မယူတော့ဘဲ သားကြောဖြတ်လိုက်ရတာ"
"အဟား... အမေ အဲဒီ သားကြောဖြတ်တယ် ဆိုတာကြီးပြောရင် သားမှာ ခုထိ တွန့်တွန့် သွားတာပဲ"
"အေးလေ... မင်းငယ်ငယ်က အမေက ဘာလို့ သားကြောဖြတ်ရတာလဲ... အမေ့သမီးတွေကို သမီးကြောဖြတ်ပါလား ဆိုပြီးငိုတာလေ... ငါ့နှယ်... မောင် so sweet တို့က ရှာကြံပြီးကို ငိုကြောရှည်တာ"
"မသိဘူးလေ... အမေရဲ့ သားကြောဖြတ်တယ် ဆိုတော့ သားက အမေတို့ သားကို တစ်ခုခု ဖြတ်တယ်လို့ ထင်တာကိုး"
"ငါလဲလေ သားလေး တစ်ယောက်တည်းမလို့သာပဲ ဘယ်လို ဟာလေးကို မွေးထားမိမှန်းမသိတာ... တကယ်... ဆော့တာလဲ ဗြောင်းဆန်ပြီး လက်လက်ထတာ... နောက်ဆုံး ရိုက်ရတဲ့သူက မောလာရော"
"အမေ့...တကယ်လို့လေ အမေသာ နောက်ထပ် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းလေးနဲ့ သားလေး တစ်ယောက်လောက် ရရင် လိုချင်လား"
"လိုချင်တာပေါ့... မင်းလို မဆိုးတဲ့ဟာမျိုးလေး"
"တကယ်နော် အမေ့... အဲ့ဒါဆို သား အမေ့အတွက် တစ်ယောက်ခေါ်လာပေးမယ်"
"ဘာ!"
"အမေပဲ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း သားလေး တစ်ယောက်လိုချင်တယ်ဆို... သားလဲ လိုချင်တယ် အမေရဲ့"
အာကာ့အပြောကြောင့် အမေက ကန်ရေပြင်ကို ငေးကြည့်ပြီး ငြိမ်သွားသည်... အမှန်က အာကာဖျားပြီး ယောင်နေသည့် နေ့မှစ၍ အဖေကြီးနှင့် အမေက သေသေချာချာ ပြောဆိုဆွေးနွေးခဲ့ကြပြီးပြီ ဖြစ်သည်...
အမြဲတမ်း အဖေကြီးနှင့် သဘောထားချင်း ထပ်တူကျခဲ့သော အမေက အာကာ့ရဲ့ ကိစ္စမှာလဲ စိတ်ထားချင်း တစ်ထပ်တည်း ထပ်တူဖြစ်ခဲ့ကြောင်း အဖေကြီးက အာကာ့ကို ပြောပြထားပြီးခဲ့ပြီ...
အာကာက အမေ့ရဲ့ လက်တစ်ဖက်ကိုဆွဲယူလိုက်ပြီး ....
"သား... တောင်းပန်ပါတယ် အမေ... ပြီးတော့ သားရဲ့ မပြည့်စုံမှု အတွက် မိသားစုတွေကို အားလဲအားနာတယ်"
အမေက ငြိမ်သွားသည်... ထို့နောက် အာကာ့လက်ကို ပြန်လည်ဆုပ်ကိုင်လာပြီး ...
"အားနာတယ် ဆိုတဲ့ စကားက မလိုအပ်ဘူးလို့ အမေ ထင်ပါတယ် သားလေးရယ်... ကိုယ်ကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ ကိုယ့်ကလေးရဲ့ ဖြစ်တည်မှုကို မိဘအရင်းအချာတွေဖြစ်တဲ့ ကိုယ်တွေကမှ လက်မခံရင် ဘယ်သူတွေက လက်ခံကြဦးမှာလဲ"
"ကိုယ့်ကလေးက ဆိုးသွမ်း ရိုင်းပြနေရင်တောင်မှ ငါတို့အသုံးမကျလို့ ငါတို့သေချာ မသွန်သင်မဆုံးမနိုင်ခဲ့လို့ ဆိုပြီး မိဘတွေက ကိုယ့်ကိုကိုယ် အပြစ်တင်ကြတာက များပါတယ်"
အာကာက ကိုယ်ကိုအောက်သို့ နည်းနည်းလျှောထိုင်လိုက်ပြီး အမေ့လက်မောင်းကို မှီတွယ်ကာ အမေ့ပုခုံးပေါ်တွင် ခေါင်းတင်ထားလိုက်သည်...
"အမေနဲ့ အဖေကြီးရဲ့ သားလေး ဖြစ်ရတာ သား အရမ်းကျေနပ်တာပဲ"
"အမလေးဟဲ့... အချွဲကောင်ရယ်...ငယ်ငယ်တုန်းကတော့ အမေက ရိုက်လို့ အိမ်ပေါ်ကဆင်းမယ် ဆို"
"ကြည်ညွှန်း Family ကြီးကိုပစ်ပြီး ဘယ်မှမသွားဘူး... အမေ့ သိလား... အစ်ကိုကလေ... မိဘတွေလည်း မရှိကြတော့ဘူး... ပြီးတော့ မောင်နှမတွေလဲ မရှိတော့ဘူး... အရမ်းသနားဖို့ကောင်းတာ"
"အင်း"
"မမကေသာက အမြဲပြောတဲ့ စကားရှိတယ်လေ အမေသိတယ်မလား"
"ဘာတုန်း"
"သားတို့ ကြည်ညွှန်း Family ကြီးမှာ အပေါဆုံးက ?"
"သြော်... မေတ္တာတရား"
"တကယ်လည်း မမကေသာ ပြောတာ အမှန်ပဲနော် အမေ့... အဲ့ဒါကြောင့်မလို့လေ ကြည်ညွှန်း Family ကြီးမှာ ပေါများပိုလျှံနေတဲ့ မေတ္တာတရားတွေကို သားရဲ့ အိမ်ကလေးအပေါ် ယိုဖိတ်ပေးပါဦးနော်"
"အာကာကြည်ညွှန်းကလေ စကားတတ်တိုင်း"
"အမေ့သားကြီးက အရမ်းမှ အရမ်းကို ချစ်ဖို့ကောင်းတာ အမေရ... အမေတွေ့ပြီးသွားရင် သားပြောတာ မမှားဘူးဆိုတာ သိလိမ့်မယ်... အမေလိုချင်တဲ့ တည်ငြိမ်းအေးချမ်းတဲ့ သား ကို အမေကကိုယ့်ဘာကိုယ်မမွေးတော့ သားကပဲ ရှာပြီးခေါ်လာပေးရတော့မှာပေါ့"
"အမယ် အမယ်... မောင် so sweet တို့က တွက်ရေးက စက်သူဌေးနော်... ဘယ်သူက ခေါ်လာလို့ရပြီလို့ ပြောသေးလို့လဲ ခုမှ အသက် ၂၀ ရှိသေးတာ စောသေးတယ်"
"အာ.... အမေကလည်း... မစောတော့ပါဘူး... သား ကုမ္ပဏီမှာ Full Time အလုပ်ဝင်တော့မှာပါ... ပြီးတော့ အစ်ကိုကလေ သူ့မေမေဆုံးထားတာ မကြာသေးတော့ တစ်ယောက်တည်း နေနေရတာ အဆင်မပြေဘူး အမေရဲ့... နော်"
"မရဘူး... မင်း မကြီးတောင် လက်မထပ်ရသေးဘူး အစဥ်လိုက်ပဲ သွားရမယ်"
"အား!!! အမေကလည်း မကြီးက ကိစ္စမရှိဘူး ကိုကြီးသူရ နိုင်ငံခြားက ပြန်လာရင် လက်ထပ်ကြတော့မှာ... အစဥ်လိုက်သာ သွားကြေးဆိုရင်လေ မမနာနာ နဲ့တင် သားတို့ အရိုးဆွေးသွားလိမ့်လို့... အမေ့သမီးက ဒီတစ်သက် ယောက်ကျားယူမှာ မဟုတ်တော့ဘူး သိလား"
"မသိဘူး... မသိဘူး... ဘာမှ လာမပြောနဲ့ ... ပြန်မယ်"
"နေဦးလို့... အမေ့"
အမေက ခေါင်းခါ လက်ခါနှင့် နေရာမှထကာ ထွက်သွားတော့သည်... အာကာ နောက်မှ ပြေးလိုက်သွားပြီး အမေ့နားတွင် ရှေ့ကလျှောက်လိုက် ဘေးကလျှောက်လိုက် နောက်ပြန်လျှောက်လိုက်နှင့် လမ်းလျှောက်ပြီး အမေ့ကိုစနေသည်...
"အမေ့... နော်လို့"
"ဘာတုန်းဟယ်...ကောင်းကောင်းလျှောက်စမ်း"
"လင်ယူချင်လို့ပါဆို.... လင်ယူမယ်...လင်ယူမယ် အမေရယ်...ဒီယောက်ကျားကို မရရင်ကွယ်... အဆိပ်သောက်ပြီး သေမယ်... ကြိုးဆွဲချသေမယ်... ဓားထိုးပြီးသေမယ်... အမေရယ် လင်မြန်မြန်ပေးစားပါကွယ်"
"ကဲဟယ်.... အဲ့ဒါ လင်လိုချင်ဦး"
"ဒေါက်!"
"အား!!!"
လင်ယူမယ် သီချင်းဆိုကာ ယွမိသော အာကာကြည်ညွှန်း တစ်ယောက် ဒေါ်ခင်ခင်မျိုးဆွေ၏ နှစ်တစ်ထောင် အတွင်းအားနှင့် ဒေါက်ခနဲ ခေါင်းခေါက်ခံလိုက်ရသဖြင့် ပူထူ၍သွားတော့သည်...
"အမေ့! နာလိုက်တာဗျာ... ဒေါ်ခင်ခင်မျိုးဆွေ! ရေခဲတောင်ကြာပွင့်တွေများ စားထားလားလို့!!!"
...........................................................................
"နန္ဒာကြည်ညွှန်း... ထိုင်လေ"
"နင် တစ်ယောက်တည်းလား ချယ်ရီမျက်သွယ်"
"အင်း...နင်နဲ့ နှစ်ယောက်တည်းပဲ ပြောချင်လို့ ဒီမှာ ချိန်းလိုက်တာ... မတွေ့တာလဲ ကြာလို့လေ"
"သြော်... ဆိုပါဦး ဘာကိစ္စ"
"နင် ဘာသောက်မလဲ"
"စတော်ဘယ်ရီ ဂျူ့စ် တစ်ခွက်ပေးပါ"
နန္ဒာက စားပွဲထိုးလေးကို မှာလိုက်ပြီး ချယ်ရီမျက်သွယ်ကိုကြည့်လိုက်သည်... နန္ဒာနှင့် ချယ်ရီတို့က ကျောင်းမှာ အခန်းချင်းတူတယ် ဆိုပေမဲ့ group ချင်းမတူကြသဖြင့် အရမ်းရင်းနီး ခင်မင်သည့် သူတွေတော့ မဟုတ်ကြပေ... အခုလည်း ရုတ်တရက်ကြီး messenger ကနေ တွေ့ချင်သည်ဟု ဆက်သွယ်လာသဖြင့် နန္ဒာက ရောက်လာရခြင်းဖြစ်သည်...
"နင်ရော အဆင်ပြေရဲ့လား US က ကျောင်းဝင်ခွင့် try နေတယ်ဆို"
"အင်း...ဟုတ်တယ်"
"ကောင်းပါတယ်... ဒါနဲ့ လေ ငြိမ်းနဲ့ရော တွေ့ဖြစ်ကြလား"
"ငါ ဘယ်သူနဲ့မှ မတွေ့ဖြစ်ဘူး ငါ့စာတွေနဲ့ မအားဘူး"
နန္ဒာ တကယ်လည်း စာအတွက်လိုအပ်သည့် သူတွေလောက်ကလွဲပြီး ကျန်တဲ့ ဘယ်သူငယ်ချင်းကိုမှ မတွေ့ဖြစ်ပေ... အခုတောင် ချယ်ရီမျက်သွယ် က ပြောစရာရှိသည်ဟု ဆိုသောကြောင့် ငြိမ်းအေးအိမ်နှင့် ပတ်သက်လိမ့်မည်ဟု ထင်နေသဖြင့် မအားသည့်ကြားမှ ရောက်လာခဲ့ခြင်းဖြစ်သည်...
"နင်က မတွေ့ဖြစ်ပေမဲ့ နင်တို့ မောင်လေးကတော့ ခဏခဏတွေ့ဖြစ်နေတယ် ထင်တယ်နော်"
"ငါတို့ မောင်နှစ်မတွေက သူ့ privacy ကိုယ့် privacy စည်းကမ်းရှိတယ်.... ငါ့မောင်လေး ဘယ်သူနဲ့တွေ့တွေ့ သူလိုအပ်တဲ့သူနဲ့ သူတွေ့တာ ငါတို့က လိုက်မစပ်စုဘူး"
နန္ဒာ့ အပြောကြောင့် ချယ်ရီက မျက်နှာပျက်သွားသည်...
"နင့် ကြည့်ရတာ ဘာမှ သိပုံမရသေးဘူးထင်တယ်"
"ဘာကိုလဲ"
"နင့်မောင်လေးက ငြိမ်းကို လာနွယ်နေတယ်"
နန္ဒာက စားပွဲထိုးလေး လာချပေးသော စတော်ဘယ်ရီဂျုစ်ကို ပိုက်နှင့်မွှေကာ တစ်ငုံသောက်ကြည့်ပြီးကာမှ...
"ငြိမ်းအေးအိမ်ကရော?"
"ဘာ!"
"သြော်... ငါ့မောင်လေးက လာနွယ်နေတယ် ပြောလို့ပါ... ဒါဆိုရင် ငြိမ်းအေးအိမ် ကရော လို့မေးတာ"
"ငြိမ်းက...ငြိမ်းက ငါနဲ့ လက်ထပ်တော့မယ့်သူမို့ ငါကနင့်ကို အခုလိုခေါ်ပြီး မဖြစ်သင့်တာမဖြစ်ရအောင် သတိပေးတာ နန္ဒာကြည်ညွှန်း"
"သြော်... ကျေးဇူးပဲနော်... နင်တို့ လက်ထပ်ဖြစ်တဲ့ အခါကျရင်သာ ဖိတ်စာပို့လိုက်ပါ... ငါကိုယ်တိုင် ငါ့မောင်လေး လက်ကိုချိတ်ပြီး ပွဲလာတက်မယ်"
"နန္ဒာကြည်ညွှန်း ငါလေ နင်တို့မိသားစုကို တကယ်အံ့သြောတယ် သိလား... လက်ထပ်တော့မဲ့ ယောက်ကျားတစ်ယောက်ကို နင်တို့မောင်လေးက ယောက်ကျားချင်းလာနွယ်နေလို့ ခေါ်ပြီးသတိပေးခံရတာနဲ့ တင် ရှက်စရာကောင်းနေပြီကို နင်က လာခနဲ့နေနိုင်သေးတယ်"
မိသားစု ဆိုသည့်စကားပါလာသည့် အတွက် နန္ဒာ့ မျက်နှာက တင်းခနဲဖြစ်သွားသည်...
"ရှက်စရာ...ဟုတ်လား...အဟားဟား... Don't Show your stupidity here နော် ချယ်ရီမျက်သွယ်... အိုခေ... နင်နဲ့ ငါနဲ့ အထက်တန်းကျောင်း တစ်ကျောင်းတည်း တူတူပြီးတာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် စာတွေ့အသိဉာဏ်ကနည်းပါးခဲ့တယ်ဆိုရင် ပြင်ပဗဟုသုတ တွေနဲ့ အတွေးအခေါ်တွေ ခံယူမှုတွေ improve ဖြစ်ဖို့က ကိုယ့်ဟာကိုယ် ရှာဖွေလေ့လာပြီးကြိုးစားရမှာ ... ပြီးတော့ နိုင်ငံတကာမှာ LGBTQ ကို တစ်ဆင့်နှိမ့်ပြီး ဆက်ဆံတဲ့ ခေတ်ကကုန်သွားပြီ... လိင်တူ ချစ်ကြိုက်တာကို ရှက်စရာလို့ ခုထိ ထင်နေသေးတဲ့ နင့်ကိုမှ ငါကအံ့သြတာ သိလား"
နန္ဒာ့ အပြောကြောင့် ချယ်ရီမျက်သွယ်က အံကိုတင်းတင်းကြိတ်လိုက်သည်... နန္ဒာက စတော်ဘယ်ရီကို ငုံ့သောက်နေလိုက်ပြီး ဘာပြောချင်လဲဆိုသည့် အကြည့်နှင့် ချယ်ရီ့ကို ကြည့်ပေးလိုက်သည်...
"နင်တို့ဟာနင်တို့ ဘယ်လိုပဲ ခံယူထား ခံယူထား... နင်တို့သိထားရမှာက ငြိမ်းက ဂေး မဟုတ်ဘူး... ငါ့မိဘတွေက ငြိမ်းနဲ့ ငါ့ကို စီစဉ်ပေးကြတော့မှာ ငါတို့ငယ်ငယ်လေးကတည်းက နှစ်ဖက်မိဘတွေက သဘောတူထားကြပြီးသား"
"Ouuchhh...မြန်မာကားဆန်လိုက်တာဟာ... ချယ်ရီမျက်သွယ်... ဘာတွေလောင်နေတာလဲ... နင်ပဲ ငြိမ်းအေးအိမ်က ဂေးမဟုတ်ဘူးဆို?... နင့်ဇာတ်လမ်းအရဆိုရင် နင်တို့ကိစ္စက မအေးအေးဝင်း စီစဥ်သလို အဆင်တွေချောနေပြီးသားကို... အေးဆေးပေါ့... ဒီမှာ ငါ့မောင်လေးက ဂေး ဆိုရင်လည်း ငါတို့မိသားစုက အဲ့ဒါကို နားလည်ပေးနိုင်တဲ့ IQ ရှိတယ် လက်ခံဖေးမ ပေးနိုင်တဲ့ EQ လဲရှိတယ်... So, we are fine with that"
နန္ဒာက စတော်ဘာ်ရီ ဖျော်ရည်ကို လက်စသတ်လိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်...
"Sorry နော်... ငါက Time management နဲ့ အလုပ်လုပ်တတ်တဲ့သူမို့ နင့်အတွက် အချိန်စေ့ပြီ... နင် ငြိမ်းအေးအိမ်ကို လက်ထပ်နိုင်တဲ့ တစ်နေ့ ငါ့ဆီသာ ဖိတ်စာပို့လိုက်ပါ ... Try Hard "
နန္ဒာက ပိုက်ဆံအိတ်ကို ကောက်လွယ်ကာ မချိုမချဉ်ပြုံး၍ နှုတ်ဆက်လိုက်ပြီး...
"ဪ... စတော်ဘယ်ရီဂျုစ်အတွက် ... နင်ရှင်းလိုက်"
နန္ဒာ လှည့်ထွက်လာတော့ နောက်ကျောဆီမှ တောက် ခေါက်သံကြားလိုက်ရသည်...
"အဟက်"
နန္ဒာဟက်ခနဲ တစ်ချက်ရယ်ပစ်လိုက်သည်...
ကြည်ညွှန်း Family ကို လာထိရင် ဆတ်ဆတ်ထိမခံတတ်သည်က တစ်မျိုးလုံးတစ်ဆွေလုံးပင်...
အိမ်ပြန်ရောက်မှ မောင်နှမတွေ အစည်းဝေးခေါ်ထိုင်ရဦးမည်... အစည်းဝေး ခေါင်းစဥ်က...
"ငြိမ်းအေးအိမ်ကို လက်ဦးမှုရယူရန်"
...........................................................................
<3 DiDi Zaw
(4/12/2022)