"ဦးနှောက်ထဲကလား...ခန္ဓာကိုယ်ကလား... ရင်ဘတ်ထဲကလား... တင်းကျပ်ကျပ်နဲ့ပါ... လူအများသိအောင် ပြောရခက်တဲ့ ဝေဒနာသည်လေးပါ"
အာကာ အိမ်ပေါ်ထပ်မှ ဆင်းလာတော့ မမကေသာက ရုံးသွားခါနီး ပြင်ဆင်ရင်း အိမ်ရှေ့ခန်းတွင် သီချင်းအော်ဆိုနေသည်... သီချင်းဆိုရင် ဘယ်ကီးမှ မဝင်သော မမကေသာကို အာကာက စချင်လာရသည်...
"မျက်လုံးထဲကလား...နှလုံးသားထဲကလား...အတိုချုံ့ရရင် အချစ်ကြောင့်ဖြစ်တယ် ဖြေဆေးရှိရဲ့လား"
"ဟာ! မမကေသာ...စာမေးပွဲ ရှိတယ်လား"
"အမ်...မရှိပါဘူး...ဘာလို့လဲ"
"သြော်...ခုန စာကျက်နေတယ်ထင်လို့"
"မိုက်ရိုင်းလိုက်တာ...သူများ သီချင်းဆိုနေတာကိုနော်... so sweet!!"
"အာ...Sorry, သီချင်းဆိုနေမှန်း မသိလို့ပါ... စာအော်ကျက်နေတယ်ထင်လို့... ကျက် ကျက်... အဲ ...မှားလို့ ဆို ဆို"
"so sweet နော်... အမေ့!! ဒီမှာ so sweet လိုက်စနေပြန်ပြီ!!"
"အဟားဟား"
အာကာက မမကေသာကို မခံချင်အောင် စနောက်ခဲ့ပြီး အိမ်နောက်ဖက်ထဲ ဝင်လာတော့ မမဟေမာနှင့် မကြီးအိဖြူတို့က ဟင်းချက်ဖို့ ပြင်နေကြရင်း စကားပြောနေကြသည်...
"အဲ့ဒါ မကြီးရယ် သိလား ဟေမာကလေ မုန်လာဥနီတွေ များများစားရမယ်ဆိုတော့လဲ စားတာပဲ ဒါပေမဲ့ မပျောက်ဘူး သိလား"
"မှန်း...ပြစမ်း... ဪ... နည်းနည်းပဲ ရှိတာပါ ပူတူးရဲ့ အရမ်းကြီး မများပါဘူး"
အိမ်မှာ အကြီးတွေက တစ်ခါတလေ မမဟေမာကို ပူတူး လို့လဲခေါ်တတ်ကြသေးသည်... မကြီးသန္တာနှင့် မမနန္ဒာကလည်း ပူတူးလို့ခေါ်သည်... မမဟေမာက အကြီးတွေ ခေါ်ရင်သာ ဘာမှမပြောသော်လည်း အာကာခေါ်ရင်တော့ စိတ်ဆိုးတတ်သည်...
"ဘာလဲ...ဘာဖြစ်တာလဲ မပူတူး"
"ဘာ မပူတူးလဲ...အဲ့ဒီနာမည်ကြီး မခေါ်ပါနဲ့ဆို!!"
"ဪ...နာမည်က မပူတူး မလို့ မပူတူးခေါ်တာကို မပူတူးကလဲ... မပူတူး မကြိုက်ရင် မခေါ်တော့ပါဘူး ... အခုက ဘာဖြစ်တာလဲ လို့"
"စပ်စုပြန်ပြီ"
"ဘာမှမဟုတ်ပါဘူး so sweet ရယ်... ဟေမာက လက်မောင်းမှာ ကြာစူးလိုမျိုး အဖုသေးသေးလေးတွေ ပေါက်နေလို့ ပြောနေတာ ... ဘာဓာတ် လိုနေတာလဲ မသိဘူးလို့"
"ဪ... စိတ်ဓာတ်ပေါ့ ... တခြား ဘာရှိရဦးမှာလဲ"
"ဟဲ့... အဟားဟား"
"ဘာ!! so sweet နော် ... အမေ့!! ဒီမှာ so sweet က လာစနေတယ်"
"ငါ့သားလေးနော် မိုးမလင်းသေးဘူး တိုင်သံတောသံတွေကြားရပြီ... မင်း အစ်မတွေကို မစဘဲ နေတဲ့နေ့ ရှိရင် အမေက လိုချင်တာဝယ်ပေးဦးမယ်"
"တကယ်လား ... ပြီးရောနော် အမေ့... ကတိ"
"မင်းသာ နေနိုင်အောင် နေစမ်းပါ"
ထိုအခိုက်မှာ မမနန္ဒာက စူပုတ်ပြီး မီးဖိုဆောင်သို့ ဝင်လာသည်...
"အမေ့!! အိမ်မှာ အိမ်တွင်းသူခိုးရှိတယ်"
"ဟဲ့...ဘာပျောက်လို့တုန်း"
"အမေ့သားပဲ နေမှာ... နာနာ့ အခန်းထဲကို ရေမွှေးလာလာဆွတ်ပြီး အိတ်ထဲက ပိုက်ဆံတွေနှိုက်နှိုက်သွားတာ"
"အောင်မလေးဗျာ စွပ်စွပ်စွဲစွဲ... သား မပြောဘဲနဲ့ ဘယ်တုန်းက အဲ့လို လုပ်ဖူးလို့လဲ"
"အေးလေ မီးလတ်ကလဲ... so sweet က အဲ့လိုအကျင့် မရှိပါဘူး... စျေးဝယ်လို့ ပိုတာ ပြန်မအမ်းတာလေး တစ်ခုပဲ"
"ပြောတာက ပြောတယ်... အမေ့သားက လူလည်ကျတာ... မမနာနာ သား အီကြာကွေးဝယ်ဖို့ ပိုက်ဆံအကြွေ ယူသွားမယ်နော် ဆိုပြီး နှိုက်သွားလိုက်ရင် ငါးထောင်တန် တစ်သောင်းတန်ချည်းပဲ"
"ဘာတန်မှန်း မသိပါဘူးဗျာ မျက်လုံးမှိတ်ပြီးနှိုက်တာ ပါလာတာယူရတာပေါ့...ကံပဲ"
"အမေ့!!! တွေ့လား လို့!!! အမေ့သားကို"
"ဒါတော့ ငါ့သားလေးပြောသလို ကံပေါ့အေ... ညည်းတို့ မလည်တဲ့သူ ခံပေါ့"
"အမေကလည်း!!!"
အမေက မမနန္ဒာကို ပြောပြီး ရေခဲသေတ္တာကို ဆွဲဖွင့်ကာ ဟင်းချက်စရာများ ထုတ်ယူနေသည်... အာကာက ပြောင်ပြနေသဖြင့် မမနန္ဒာက စူပုတ်နေတော့သည်...
"ဟဲ့ ရေဗူးတွေကို ဘယ်သူက အခဲခန်းထဲထည့်ထားတာလဲ... အကုန်ခဲကုန်ပြီ"
"အာ...အဲ့ဒါ မနေ့ညက ကိုကြီးတင့်လွင် ထည့်သွားတာ... လေးမောင်နဲ့ သောက်ကြတာ ရေခဲလိုလို့ဆိုပြီး"
ကိုကြီးတင့်လွင်က အမေ့တူ သင်္ဘောသားဖြစ်သည်... ရန်ကုန်ပြန်ဆင်းလာသည့် အခေါက်များတွင် အိမ်မှာ လာလာနေတတ်သည်...
"တင့်လွင်လည်း အရက်သမား ဖြစ်တော့မယ် နေဦး အဲ့ကောင်လေး ငါ ပြောဦးမယ်"
"ရောက်တုန်း သောက်ပါစေ အမေရာ...သူ သင်္ဘောပေါ်မှာ မသောက်ရဘူး"
"အမလေး ဒီကောင်တွေလား နေမှာ...ခိုးသောက်ကြမှာပေါ့"
"အဲ့ဒါတော့ ဟုတ်တယ်...ကိုကြီးတင့်လွင်ပြောပြတာလေ...သင်္ဘောပေါ်မှာ အအေးခန်းတစ်ခုရှိတယ်တဲ့ ဘာလုပ်တဲ့ဟာလဲတော့ သားလဲမသိဘူး ...လုံးဝကိုမှ မိုင်းနပ်စ်တဲ့နော် အအေးက... အဲ့ဒါ သူတို့က ဘီယာဗူးတွေ ဘာတွေဆို အဲ့ဒီအခန်းထဲ ခဏပစ်ထည့်ပြီးမှ မြန်မြန်ဝင်ယူပြီးသောက်ကြတာတဲ့"
"ဟယ် အန္တရာယ်များလိုက်တာဟယ်...အထဲမှာ လူပါ ခဲသွားရင် ဘယ်လိုလုပ်မလဲ"
"အာ...အမေကလည်း ခဏပဲ ဝင်တာကို"
"ခဏပဲ ဝင်လဲ မတော် ပြန်ထွက်မရရင် ဘယ်လို လုပ်မလဲ...တံခါးတွေဘာတွေ ပိတ်မိနေရင်ရော"
"မပိတ်မိပါဘူး...သူတို့ဟာသူတို့ အရေးပေါ် ထွက်ပေါက်ဘာညာ ရှိမှာပေါ့"
"အဲ့ဒီ ထွက်ပေါက်ကပါ တံခါးဖွင့်မရရင်ရော"
မမဟေမာကပါ ဝင်ပြောလာသည်...
"emergency ခလုပ်တွေ ဘာတွေရှိမှာပေါ့ မမဟေမာကလည်း"
"အဲ့ဒါကပါ ပျက်နေရင်ရော"
"သြော်...ကဲ... သူတို့ တစ်ယောက်ယောက်ကတော့ သိမှာပေါ့ ဒီလူ အထဲဝင်သွားတယ်ဆိုတာ CCTV တွေဘာတွေနဲ့"
"အဲ့ဒါတွေကပါ ပျက်နေရင်ရော"
"ဒါဆိုလဲ သေဗျာ.... ဟုတ်တယ်.... အမေနဲ့ မမတို့က မသေ သေအောင် လိုက်သတ်နေသလိုပဲ"
"ဟဲ့...Risk ဆိုတာ ရှိတယ်လေ အဲ့လို ဘက်ပေါင်းစုံက စဥ်းစားထားရမှာပေါ့"
အာကာ မီးဖိုဆောင်မှ safety supervisor အဖွဲ့ကို လက်မြှောက် အရှုံးပေးခဲ့ပြီး အိမ်ရှေ့ပြန်ထွက်လာတော့ လေးမောင်က သူ့အခန်းထဲမှ ထွက်လာသည်...
"ဟိုကောင်လေး... ရုံး လိုက်မှာ မဟုတ်လား...လာ... ငါနဲ့ တစ်ခါတည်း လိုက်ခဲ့...မင်းကား ထားခဲ့ပေးလိုက် တင့်လွင်က သွားစရာရှိလို့တဲ့ ယူသုံးလိမ့်မယ်"
"အိုးခေ...ဒိုးမယ်...မမကေသာ သားတို့နဲ့ လိုက်မှာလား"
"မလိုက်ဘူး...အဖေကြီးနဲ့မှ လိုက်မှာ မကြီးကို စောင့်နေတာ"
"ပြီးရော"
အာကာက ကားမောင်းပြီး လေးမောင်နှင့် တူဝရီးနှစ်ယောက်သား ကုမ္ပဏီသို့ထွက်လာကြသည်...
"လေးမောင် သား နေ့လည်စာ လေးမောင်နဲ့ မစားတော့ဘူးနော်...သွားစရာလေး ရှိလို့...ကားပါ ယူသွားလိုက်မယ်"
"မင်း အခုတလော တအားတွေ ခြေရှည်နေတယ်နော်...ရည်းစားရနေတာ မဟုတ်လား"
"အဟင်း"
"အမယ်...ရယ်တယ်ဟ... မြသက်ချယ်က ပြန်ကြိုက်လိုက်ပြီလား မင်းကို"
"အာ... တော်ပါဗျာ လေးမောင်တို့ကလည်း ဆယ်ကျော်သက်တုန်းက တစ်ခါလေး စိတ်ကစားမိတာ တစ်သက်လုံး ပြောလို့မပြီးတော့ဘူးဗျာ"
"ဟ... မင်း အားနေ ဘရာ လိုက်ဝယ်ပေးနေတာ မဟုတ်လားကွ"
"အား!!!! လေးမောင်!!! တော်ပြီလို့ .... သား တစ်ခါတည်း ပြောထားမယ်နော် ခုချိန်ကစပြီး မြသက်ချယ် နဲ့ အဲ့ဒီ ဘရာ ကိစ္စကို လုံးဝ လုံးဝ မပြောနဲ့တော့"
"အမယ်... အခုတွေ့တဲ့ တစ်ယောက်ကို ဖင်တုန်အောင် ကြောက်နေရပြီပေါ့"
"လေးမောင်ကလည်း"
အာကာ ရုံးမှာ မနက်ပိုင်း အလုပ်တွေကူပေးပြီး နေ့လည်စာ စားချိန်မှ အစ်ကို့ဆီထွက်လာခဲ့သည်... မနေ့ညက ဖုန်းပြောရင်း အစ်ကို့ရုံးကို လိုက်လာချင်တယ်ဆိုပြီး ပူဆာတော့ အစ်ကိုက မနက်ပိုင်း အစည်းအဝေး တွေရှိလို့ နေ့လည်မှ လာရန်ပြောထားသည်... အစ်ကိုတို့ ရုံးအောက်က ကားပါကင်မှာ နေရာရှာ ရပ်လိုက်ပြီး အစ်ကို့ကို ဖုန်းခေါ်ရသည်...
"အင်း so sweet "
"အစ်ကို ဆင်းလာမလား... ကျွန်တော် ကားပါကင်မှာ ရောက်နေပြီ"
"အာ.. ကိုယ် ဒီမှာ မပြီးသေးဘူး... so sweet အပေါ်တက်လာခဲ့ ၉ လွှာမှာ Reception က တစ်ယောက်ကို ကိုယ့် ရုံးခန်းထဲ လိုက်ပို့ခိုင်း နော်"
"ဟုတ်"
အာကာ ၉လွှာကို ဓာတ်လှေခါးနဲ့ တက်သွားလိုက်ပြီး အစ်ကိုမှာထားသည့်အတိုင်း Reception ကိုသွားကာ ဝန်းထမ်းတစ်ယောက်ကို ပြောလိုက်သည်...
"အစ်မ... ကျွန်တော် ကိုငြိမ်းအေးအိမ်နဲ့ တွေ့ဖို့လာတာပါ"
အနီးနားရှိ အမျိုးသမီးတွေရဲ့ မျက်လုံးတွေက အာကာ့ဆီ စုပြုံရောက်လာကြသည်... တချို့ကလည်း အာကာ့ကို ကြည့်ကာ အချင်းချင်း တွန်းထိုးပြီး ကြွက်စီကြွက်စီနှင့်...
"appointment ယူထားသေးလား မောင်လေး"
"အခုပဲ ဖုန်းဆက်ထားတာ ရုံးခန်းထဲကို လာခဲ့ပါတဲ့"
"ဟင် ဟုတ်လား"
ထိုအစ်မက အံ့ဩသွားဟန်နှင့် ပြောလာပြီးမှ..
"ဟို စိတ်မရှိပါနဲ့နော် မောင်လေး... အစ်မ ကိုငြိမ်းကို အတည်ပြုကြည့်လိုက်ဦးမယ်... ကိုငြိမ်းက ပုံမှန်ဆို ရုံးခန်းထဲကို ဧည့်သည် မခေါ်တတ်လို့ပါ"
အာကာ ကျေနပ်သွားရသည်... မျက်နှာက ပြုံးမိသွားပြီး ထိုအစ်မကို ခေါင်းညိတ်ပြလိုက်သည်... အစ်ကို့ အခန်းထဲကို ပထမဦးဆုံး ဝင်ထွက်ခွင့်ရှိသူမှာ အာကာတစ်ယောက်ပဲပေါ့လေ...
အာကာပြုံးပြလိုက်သဖြင့် ထိုအစ်မက ဖုန်းကိုကိုင်ကာ နံပါတ်တွေကို မနှိပ်ဘဲ အာကာ့ကို ငေးနေသည်...
"အစ်မ...အစ်မ... ဟို... ဖုန်းခေါ်မှာမဟုတ်လား"
"အဲ... အင်း အင်း မောင်လေးနာမည်က?"
"အာကာကြည်ညွှန်း"
"လှလိုက်တာ"
"ဗျာ"
"သြော်... နာမည်လေး လှတယ် လို့"
"ကျေးဇူး"
"ဟယ်လို... ကိုငြိမ်း... ဒီမှာ အာကာကြည်ညွှန်း ဆိုတဲ့ ကောင်လေး ရောက်နေပါတယ်... သြော်... ဟုတ်ကဲ့ ကိုငြိမ်း...ဟုတ်ကဲ့ ဟုတ်ကဲ့"
ထိုအစ်မက ဖုန်းချလိုက်ပြီး အာကာ့ကို ပြုံးပြသည်...
"လာ... မောင်လေး... အစ်မ လိုက်ပို့ပေးမယ်"
ထိုအစ်မက အာကာ့ကို ရှေ့မှ ဦးဆောင် ခေါ်သွားပြီး ထောင့်ဆုံးအခန်းတစ်ခုကို တံခါးခေါက်ကာ အသာဖွင့်လိုက်သည်...
"မောင်လေး ဝင်သွားလိုက်နော်"
ထိုအစ်မဖွင့်ပေးသော တံခါးမှ ဝင်လိုက်တော့ အစ်ကို့ရဲ့ အခန်းလို့ သံသယဖြစ်စရာမလိုအောင်အခန်းထဲမှာ သနပ်ခါးနံ့သင်းသင်းလေးကို ရလိုက်သည်... အလုပ်စားပွဲပေါ်မှာ laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသော အာကာ့ရဲ့ အိမ်ကလေးက မော့ကြည့်ပြီး ပြုံးပြလာသည်...
"so sweet လာလေ"
"အလုပ်ရှုပ်နေလား အစ်ကို"
"လာ ဟိုမှာ ခဏထိုင်နော်... ကိုယ် ဒါလေး လက်စသတ်လိုက်ဦးမယ်... မင်း ဗိုက်ဆာနေပြီလား"
"မဆာသေးပါဘူး အစ်ကို အေးဆေးလုပ်"
အာကာက အစ်ကို့အလုပ်စားပွဲနဲ့ မျက်စောင်းထိုးရှိ ဧည့်သည်ဆိုဖာထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး အစ်ကို့ကိုကြည့်နေမိသည်... ရှပ်အင်္ကျီအဖြူရောင်ကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး စတွေ့တုန်းကလို ဆံပင်တွေကို လှန်ပြီး ဖြီးထားသည်... နဖူးပြေပြေလေး အောက်မှာ မျက်ခုံးတန်းလေးက စိမ်းဖန့်ဖန့်လေးနှင့်... အာကာကြည့်နေရင်း ထိုနဖူးလေးကို နမ်းချင်လာရသည်...
"အစ်ကို"
"အင်း"
"ဒီ အခန်းထဲမှာ CCTV ရှိလားဟင်"
"မရှိပါဘူး... ဘာလို့လဲ"
"ကျွန်တော် အစ်ကို့ကို နမ်းချင်နေလို့"
"အာ"
"နော်...အစ်ကို့"
"so sweet ကလည်းကွာ... ရုံးခန်းကြီးမှာ မသင့်တော်ဘူးလေ"
"ကျစ်! ဗီယက်နမ်က ပြန်လာပြီးကတည်းက တစ်ခါမှကို မနမ်းရသေးဘူး"
အာကာ မကြားတကြားပြော၍ ဆိုဖာနောက်မှီပေါ် ပစ်လှဲချကာ မျက်လုံးများကို မှိတ်ထားပစ်လိုက်သည်.... အစ်ကို့ကို ဆက်ကြည့်နေရင် ပြေးသွားပြီး ဆွဲနမ်းမိတော့မည်...
...........................................................................
"အား!! အာကာကြည်ညွှန်း ဘဝက မြင်သာမြင် မကြင်ရ"
"အဟက်"
ဆိုဖာ နောက်မှီကို ဘေးတစောင်းမှီလိုက် နောက်ပြန် မှီလိုက်နှင့် လူးလိမ့်နေကာ ငြိမ်းကို မနမ်းရလို့ တအီအီဖြစ်နေသော ကောင်လေးအား ကြည့်ကာ ငြိမ်းရယ်လိုက်မိသည်... ပုံမှန်ဆို ငြိမ်းက အလုပ်လုပ်နေချိန် ဘေးမှာ ထိုသို့ အနှောက်ယှက် ရှိတာမျိုး မကြိုက်တတ်ပေမဲ့ ဒီကောင်လေးနဲ့ကျမှ စိတ်ထဲမှာ ပျော်နေသလိုလိုနှင့် မျက်နှာကလည်း ခဏခဏ ပြုံးနေရတော့သည်... ငြိမ်း email ပြန်စရာရှိသည်များကို လက်စသတ်လိုက်ပြီး ထရပ်လိုက်သည်...
"ကဲ...ပြီးပြီ... ပြီးပြီ... လာ... နေ့လည်စာသွားစားမယ်"
"အစ်ကို လာထူပေးပါဦး"
ဆိုဖာပေါ်မှာ မှီလဲနေရာကနေ ထ မလာဘဲ လက်နှစ်ဖက်ကမ်းကာ ငြိမ်းကို ခေါ်နေသောကြောင့် ငြိမ်းက ရယ်ပြီး သွားထူပေးလိုက်သည်... ငြိမ်းက သူ့လက်နှစ်ဖက်ကို ဆွဲထူပေးတော့ သူ့ကိုယ်က ပါမလာဘဲ အဲ့ဒီအစား ငြိမ်းကို သူ့ရင်ခွင်ထဲသို့ ဆွဲချတာ ခံလိုက်ရသည်...
"အ! so sweet! ဘာလုပ်တာလဲကွာ ရုံးခန်းကြီးထဲမှာ"
"ရွှတ်!"
ငြိမ်းကို အတင်းချုပ်ထားပြီး နဖူးကို ရွှတ်ခနဲ တစ်ချက်နမ်းပြီးမှ ပြန်လွှတ်ပေးလာသည်... ငြိမ်းသူ့ကို မျက်မှောင်ကျုံကာ ကြည့်လိုက်တော့ ငြိမ်း ပါးတစ်ဖက်ကို ဆွဲဖျစ်လာပြန်သည်... ရုံးခန်းထဲထိ လာပြီး ငြိမ်းကို အသားယူနေရတော့ သူ့မျက်နှာက ပြုံးဖြီးလို့....
"သွားမယ် so sweet... ဆိုးမနေနဲ့... ဘာစားချင်လဲ"
"အစ်ကို.... အစ်ကို့ ရုံးခန်းထဲကို လာဖူးတဲ့သူက ကျွန်တော်က ပထမဦးဆုံးပေါ့နော်...ဟုတ်လား"
"အာ... အဲဒါက..."
"ဒေါက် ဒေါက် ဒေါက်"
"ငြိမ်း ရေ"
ထိုအခိုက်မှာပဲ တံခါးခေါက်သံ နှင့်အတူ ချယ်ရီက ထမင်းချိုင့်ကြီး ဆွဲပြီး အခန်းထဲသို့ ဝင်လာသဖြင့် ငြိမ်းပင် အံ့သြောသွားရသည်... ငြိမ်းကိုလည်း ဖုန်းကြိုမဆက်ထားသဖြင့် ချယ်ရီရောက်လာမှာကို ငြိမ်းလဲ မသိရပေ... ပြီးတော့ ဒီရုံးခန်းထဲကို ဝင်ထွက်ခွင့်ရသူမှာ so sweet က ပထမဦးဆုံး မဟုတ်ကြောင်း ပြောပြချိန်မရလိုက်ခင်မှာပဲ ငြိမ်း ကောင်လေးရဲ့ မျက်နှာက စူပုတ်နေပြီဖြစ်သည်...
"ဟယ် ဧည့်သည်ရောက်နေတာလား"
"ချယ်ရီ အကြောင်းမကြား ဘာမကြားနဲ့"
"မေမေက နင့်အတွက်ပါ ဟင်းတွေ ထည့်ပေးလိုက်လို့ နင်နဲ့ ထမင်းတူတူ စားရအောင်လာတာ...ဒါနဲ့...သူက ? "
"ဟို... နန္ဒာကြည်ညွှန်းရဲ့ မောင်လေး လေ"
ငြိမ်းရဲ့ အဖြေကြောင့် so sweet ရဲ့မျက်ခုံးတွေက ချက်ချင်းစုကျုံ့သွားကြတော့သည်... ငြိမ်းလည်း ချယ်ရီ့ကို ဘာပြောမပြထားရသေးသဖြင့် ရုတ်တရက် ဘာဖြေရမှန်းမသိလို့ ဖြေမိဖြေရာ ဖြေလိုက်ရခြင်းဖြစ်သည်... ဒီလိုကိစ္စမျိုးက ရုတ်တရက်ကြီး ပြောလိုက်ရင် ချယ်ရီလည်း ရှော့ခ်ရသွားမှာမလို့ ငြိမ်းက အေးအေးဆေးဆေးမှ သေချာလေးပြောပြချင်သည်...
"ဟယ် နေပါဦး...မင်း...ဟိုတစ်ခါက ထက်ထက်နဲ့ date တဲ့ ကောင်လေးမဟုတ်လား...သူက နန္ဒာကြည်ညွှန်းမောင်လေးပေါ့"
so sweet က မျက်နှာကို မှုန်ကုတ်ထားပြီး ဘာမှပြန်မဖြေသဖြင့် ငြိမ်းကပဲ ဝင်ဖြေပေးလိုက်ရသည်...
"အင်း... ဟုတ်တယ်"
"ထက်ထက်က မင်းကို သတိရနေတာ "
"ကျွန်တော်က သတိမရဘူး"
"ဟင်"
so sweet စပြီး ဂျစ်နေပြီမှန်း ငြိမ်းက ရိပ်မိရကာ ဝင်၍ စကားလမ်းကြောင်း လွှဲရတော့သည်...
"ချယ်ရီ...သူ့နာမည်က အာကာကြည်ညွှန်း တဲ့ ငါတို့အိမ်ရဲ့ ရှေ့လမ်းထဲမှာနေကြတာ...အခု ငါ့ဆီလာလည်တာ.... ငါတို့ အပြင်မှာ နေ့လည်စာသွားစားကြမလို့ "
"ဟင်... ငြိမ်းကလည်း... ငါက ဒီမှာ တကူးတကကြီး ထမင်းချိုင့်ယူလာရတာကို"
"ဒါပေမဲ့ သုံးယောက်စာမလောက်ဘူးလေ"
"လောက်ပါတယ် အများကြီးပဲ သုံးယောက်မျှစားကြတာပေါ့ လာလာ"
ချယ်ရီက ပြောပြောဆိုဆို ဆိုဖာရှေ့ရှိ စားပွဲပေါ်တွင် ထမင်းချိုင့်တွေဖွင့်ပြီး ခင်းနေလေသည်... ငြိမ်းလည်း အခုမှ ဇွတ်ငြင်းရမှာ အားနာသဖြင့် so sweet ကို ကြည့်လိုက်သည်... so sweet က မျက်နှာကြည့်လိုက်တာနှင့် အလိုမကျတော့ဘူးဆိုတာ သိသာနေအောင်ပင် စူပုတ်နေတော့သည်...
ငြိမ်းရဲ့ ကောင်လေးက စိတ်ကောက်နေပေပြီ...
ငြိမ်းက မျက်နှာ အမူအရာ မျက်ရိပ်ပြပြီး တောင်းပန်ကာ ထမင်းစားဖို့ခေါ်ရသည်...
"so sweet, လာ ကိုယ်တို့ ဒီမှာပဲ စားကြမယ်နော် ချယ်ရီက ဟင်းတွေယူလာတာ အားနာစရာကြီး"
ငြိမ်းက so sweet ဘေးမှာ ဝင်ထိုင်လိုက်ပြီး ချယ်ရီခွဲပေးသော ချိုင့်ကို ဇွန်းတစ်ချောင်းတတ်ကာ so sweet ကိုပေးလိုက်သည်... so sweet က မယူဘဲ ခေါင်းခါကာ...
"အစ်ကိုပဲ စားပါ... ကျွန်တော် ဗိုက်မဆာဘူး"
"မဟုတ်တာကို... ခုနပြောတော့ ဗိုက်ဆာနေပြီဆို"
ငြိမ်းက သူ့လက်ထဲကို ချိုင့်ကို အတင်းထိုးထည့်ပေးတော့ ချယ်ရီက ငြိမ်းတို့ကို အကဲခတ်သလို ကြည့်လာသည်...
"နှစ်ယောက်က ဘယ်တုန်းက ရင်းနီးသွားကြတာလဲ"
"ဗီယက်နမ်မှာ မထင်မှတ်ပဲ တွေ့ကြတာ"
"မဟုတ်ပါဘူး အဲ့ဒီ မတိုင်ခင်ကတည်းက"
ငြိမ်းအပြောကို ကန့်ကွက်ဟန်နှင့် ဝင်ပြောပြီး လက်ထဲမှ ချိုင့်ကို စားပွဲပေါ်သို့ ချလိုက်ကာ...
"ချိုင့်က ကျဉ်းကျဉ်းလေး... ကျွန်တော် မစားတတ်ဘူး ... ပြီးတော့ ငါးဟင်း မကြိုက်ဘူး"
ငဂျစ်လေးရဲ့ အပြောကြောင့် ချယ်ရီက မျက်နှာက မဲသွားသည်... ငြိမ်းက ရှေ့မှ ဟင်းခွက်တွေကိုကြည့်လိုက်ကာ...
"ဒီမှာ ဝက်သားမွှကြော်တွေ ရှိတယ် အဲ့ဒါနဲ့စားနော်"
"အစ်ကို ခွံ့ကျွေး"
"ဟင်"
ချယ်ရီက စားရင်း ခေါင်းမော့ကြည့်လာသည်... so sweet က ဟင်းတွေကို တစ်ချက်ကြည့်ပြီး ငြိမ်းကို လှည့်ကြည့်ကာ...
"ခွံ့ကျွေးလို့... နော် အစ်ကို့"
ဗိုက်ဆာနေတဲ့ ရုပ်လေးနဲ့ "နော် အစ်ကို့" ဆိုမှတော့ ငြိမ်းရဲ့ လက်တွေက ထမင်းကို ဇွန်းနဲ့ ကော်ပြီး so sweet ရဲ့ ပါးစပ်နားသို့ ရောက်သွားပြီးသား ဖြစ်နေရတော့သည်... ချယ်ရီ့ရှေ့မှာ ဆိုတာတောင် မေ့သွားရသည် အထိ...
"အစ်ကိုလည်း စားလေ... ရော့ ရေသောက်ဦး...ဖြည်းဖြည်း..."
"so sweet အရွက်စားလေ...ခေါင်းမရမ်းနဲ့... ရော့ ဒါ နည်းနည်းစားကြည့်ကွ"
so sweet ကို ခွံ့ကျွေးလိုက် ငြိမ်းက စားလိုက်နဲ့ အတန်ကြာမှ ချယ်ရီ့ကို သတိထားမိပြီး တန့်သွားရသည်... ချယ်ရီက ထမင်းဆက်မစားတော့ဘဲ ငြိမ်းတို့ကို စိုက်ကြည့်နေသည်... ထူးဆန်းနေမည်ဆိုတာ သိသည်... ဒီပုံစံက အရင်က ငြိမ်းရဲ့ ပုံစံ လုံးဝမဟုတ်ဘူးလေ...
"ချယ်ရီရော စားလေ"
"တော်ပါပြီ... ငါပြန်တော့မှာ ဂျူတီဝင်ရဦးမှာမလို့ ... နောက်မှ ငါတို့ အေးအးဆေးဆေး စကားပြောကြမယ် ငြိမ်း"
ချယ်ရီက ထမင်းစားတာကို လက်စသတ်လိုက်ပြီး ထရပ်လိုက်သည်...
"ချိုင့်တွေ နောက်မှယူတော့မယ်... ငါသွားတော့မယ်"
မျက်နှာ အပျက်ပျက်နှင့် ကောက်ကာ ငင်ကာ ထပြန်သွားပြီး so sweet ကိုလဲ နှုတ်ဆက်မသွားခဲ့ပေ...
ငြိမ်းက so sweet ကို ထမင်းခွံ့ဖို့လုပ်တော့ ခေါင်းခါသည်...
"တော်ပြီ .... မစားချင်တော့ဘူး"
"ဘာလို့လဲ... ဝ သွားပြီလား"
"အခုနကတည်းက မစားချင်တာကို"
"ဘယ်လိုလုပ်မလဲ ခဏနေရင် meeting တစ်ခုရှိသေးတယ်"
so sweet က သက်ပြင်းချလိုက်ပြီး ဆိုဖာနောက်မှီပေါ်သို့ လှဲချလိုက်သည်...
"ကိုယ့်ရဲ့ so sweet လေးက လိမ္မာပါတယ်...နောက်နေ့ကျရင် ကိုယ် အချိန်ပေးမယ်လေကွာ...နော်"
"မဟုတ်ဘူး"
"ဟမ်...ဘာကြီး"
"အစ်ကို့ရဲ့ so sweet မဟုတ်ဘူး... နန္ဒာကြည်ညွှန်း ရဲ့ မောင်လေး"
"အာ... so sweet ကလည်းကွာ... အဲ့ဒါက ချယ်ရီက ရုတ်တရက်ကြီး ရောက်လာတော့ ကိုယ်လည်း"
"ကျွန်တော့်အိမ်ကို ဖွင့်ပြောလိုက်တော့မယ်"
"ဟင်"
"အစ်ကိုနဲ့ ခိုးကြောင် ခိုးဝှက်မတွဲချင်ဘူး"
"so sweet အိမ်က အဆင်ပြေပါ့မလား... အချိန်သေချာလေးယူပြီးမှ"
"ဟင့်အင်း... အစ်ကို့ဘေးမှာ နေပြီး ချစ်သူမဟုတ်သလို ဟန်ဆောင်နေရတာ မကြိုက်ဘူး... တလောကလုံးကို ဖွင့်ပြောပစ်မယ်"
"so sweet ကကွာ"
ငြိမ်းရင်ထဲမှာ တစ်လှပ်လှပ် ဖြစ်နေရသည်... so sweet က ငြိမ်းရဲ့ လက်ကို ဆွဲယူဆုပ်ကိုင်လာပြီး...
"အစ်ကို"
"ကျွန်တော့်ကို အစ်ကို့အသိတွေက ဘယ်သူလဲလို့ မေးတဲ့အခါ နန္ဒာကြည်ညွှန်းရဲ့ မောင်လေး...အိမ်ရှေ့လမ်းက ကောင်လေးလို့ ဖြေတာမျိုး မကြိုက်ဘူး"
"အင်း"
"အဲ့ဒါဆို နောက်တစ်ခါ သူများတွေ မေးရင် ဘယ်လို ဖြေမှာလဲ...ပြော"
"အဟင်း... ဟို... ကိုယ့်... ကိုယ့်ရဲ့ ကောင်လေး လို့ ဖြေမယ်"
"အဟားဟား... အစ်ကိုက ချစ်ဖို့ကောင်းလိုက်တာ"
"အား!!! so sweet နာတယ်လေကွာ"
ချစ်ဖို့ကောင်းလိုက်တာ ဆိုပြီး so sweet က ငြိမ်းရဲ့လက်မောင်းကို ကုန်း၍ကိုက်ချလိုက်သည်...
သူအူယားတိုင်းသာ အခုလိုလုပ်ခံနေရရင် ငြိမ်းတော့ ဒုက္ခရောက်ရချည်ရဲ့...
.............................................................................
"ဟယ်လို... လေးမောင်"
"so sweet ပြန်လာနေပြီလား"
"ခုမှ လမ်းမှာပဲ ရှိသေးတယ်"
"အေးအေး... အတော်ပဲ အောင်မင်္ဂလာ အဝေးပြေးမှာ နယ်က ပစ္စည်း သွားထုတ်ပေးပါဦးကွာ ငါ့နာမည်နဲ့... ငါ ဒီမှာ အရေးကြီးကိစ္စရှိလို့...ဒါပဲနော်"
"အာ... wait wait! လေးမောင်...ဘာကားဂိတ်လဲ"
"ကားဂိတ်က မာန်နတ်မင်း မာန်နတ်မင်း... ဒါပဲ ဒါပဲ"
"လေးမောင်...နေဦးလေ... အာ ... ကားဂိတ်နာမည်ကြီးက ဘယ်လိုကြီးတုန်း"
လေးမောင်က ရေးကြီးသုတ်ပြာ ပြောပြီး ဖုန်းချသွားတော့သည်... အာကာ ကားကို ပြန်ကွေ့လိုက်ပြီး တစ်ယောက်တည်း သွားရမှာ ပျင်းသောကြောင့် ၆ မိုင်ခွဲမှာ ဝဇီရာကျော်ကို ဝင်ခေါ်သွားရန် အတွေးနှင့် ဖုန်းခေါ်လိုက်သည်...
"အေး...ဟိတ်ကောင် ဝက်သီး... မင်း အိမ်မှာလား... ဟာ ရွာစားပါ ရောက်နေတာလား... အတော်ပဲ မင်းတို့ကို ငါဝင်ခေါ်မယ်... ငါနဲ့ အဝေးပြေးဂိတ်ကို လိုက်ခဲ့ကြဦး"
အာကာ ခြောက်မိုင်ခွဲမှာ ဝဇီ နဲ့ ရာဇာ့ကို ဝင်ခေါ်ပြီး အောင်မင်္ဂလာ အဝေးပြေးသို့ ထွက်ခဲ့လိုက်သည်... လမ်းမှာ ဒီကောင်တွေကို အစ်ကိုနဲ့ အကြောင်းတွေ ပွါးလာပြီး အဝေးပြေးဂိတ်ထဲရောက်မှ တိုင်ပတ်တော့သည်...
လေးမောင် ပြောသည့် "မာန်နတ်မင်း" ကားဂိတ်ကို ရှာမတွေ့...
ကားဝန်းထဲမှာ လည်နေပြီး ဘယ်သူ့မေးမေး မသိဘူးပဲ ဖြေကြသည်... လေးမောင်ကို ဖုန်းခေါ်တော့လဲ မကိုင်ဘဲ meeting ဆိုပြီး message ပြန်ပို့သည်... အဖေကြီးကို မေးတော့လဲ မသိ... မကြီးနှင့် မမကေသာကလဲ လေးမောင်နှင့်တူတူ အစည်းဝေးခန်းထဲ ရောက်နေကြသည်...
"ကာကြီး... မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လားကွာ"
"အေးလေကွာ မာန်နတ်မင်း ရော ဟုတ်ရဲ့လား... ဒေဝဒတ် များလား မသိဘူး... ဒေဝဒတ် နာမည်နဲ့ရှာကြည့်ပါဦးလား"
"ဟာ... ဘယ်သူ့က ကားနာမည်ကို ဒေဝဒတ်လို့ပေးမှာတုန်းကွ"
"အဲ့ဒါဆို ဘယ်သူကရော မာန်နတ်မင်း လို့ ပေးမှာတုန်း"
ကားရှေ့ခန်းမှာ အာကာနှင့် ဝဇီ က ငြင်းခုံနေကြစဉ် နောက်ခန်းမှ ရာဇာက ပျင်းတိပျင်းရွဲ သီချင်းထဆိုသည်...
"မာန်နတ်မင်းမှာ လက်ရုံး တစ်ထောင်ရှိသည်...
ကျွန်တော့်မှာလေ... အကြွေးနှစ်ထောင် ရှိသည်..."
"အာ... ရွာစား ရာ ကားဂိတ်ရှာမတွေ့ရတဲ့ကြားထဲ သီချင်းကြီးက ကျက်သရေတုံးလိုက်တာကွာ"
"ပျင်းနေပြီဟ...လခွမ်းလိုပဲ... အဝေးပြေးဂိတ်ထဲ ရှင်လောင်းလှည့်နေရတယ်"
ထိုအခိုက်မှာပဲ လေးမောင်ဆီက ဖုန်းပြန်ဝင်လာသဖြင့် အာကာက မြန်မြန်ဆန်ဆန် ကောက်ကိုင်လိုက်သည်...
"ဟယ်လို...လေးမောင်!"
"အေး... so sweet ယူပြီးပြီလား"
"ဘယ်က ယူရဦးမှာလဲဗျ! လေးမောင် ပြောတဲ့ မာန်နတ်မင်း ကားဂိတ်ရှာမတွေ့ဘူးဗျ"
"ဟမ်... ဘာ မာန်နတ်မင်း လဲ... မန္တလာမင်း ပါကွ!"
"ဗျာ!! အာ.... လေးမောင်ကဗျာ!!! စကားကို သေချာမပြောဘူး"
"ဟ! မင်း ဟာမင်း သေချာ နားမထောင်ဘဲ နားကြားလွဲပြီးတော့... မန္တလာမင်း...မန္တလာမင်း... သွားပြန်ရှာ... လုပ်လိုက်ရင် သောက်တလွဲ"
"အား!!!! ဟိတ်ကောင်တွေရေ... မန္တလာမင်း တဲ့ဟ!"
"ဘာ!!"
လေးမောင်က သူ့ဟာသူ စကားကို ဝရုန်းသုံးကားပြောသွားပြီးတော့ သူကပင် ပြန်ဟောက်လိုက်သေးသည်...
တကယ်ပါ... ကြည်ညွှန်း Family ကြီးကို အာကာ စိတ်ကုန်နေပြီ...
နောက်လမ်းထဲက အစ်ကို ငြိမ်းအေးအိမ် ရဲ့ အိမ်မှာပဲ သွားနေချင်တော့သည်...
.............................................................................
<3 DiDi Zaw
(30/11/2022)