"ကာကြီး ရာ ဘယ်လိုဖြစ်တာတုန်း ရုတ်တရက်ကြီး"
"အေးလေကွာ...ငါဖုန်းဆက်တော့ မင်း မားသားကြီးက ဖုန်းကိုင်ပြီး... သားတို့ အိမ်လာခဲ့ကြဆိုလို့"
ဝဇီရာကျော်နဲ့ ရာဇာတို့က အာကာ့အခန်းထဲတွင် ရောက်နေကြပြီး လူနာသတင်းလာမေးကြသည်...
"အမေက ငါ ဖုန်းတွေကြည့်နေမှာစိုးလို့ဆိုပြီး ဖုန်းသိမ်းသွားတာကွာ"
"ဟိုနေ့က အခြေအနေရော"
"အင်း... တွေ့ဖြစ်တယ်...ဒါပေမဲ့..."
အာကာက ဝဇီ တို့ကို ဟိုနေ့က dating သွားပြီး အစ်ကိုနဲ့ ဖြစ်ခဲ့သမျှကို ပြန်ပြောပြလိုက်သည်...
"အဟား...အာကာကြည်ညွှန်း တို့က မောင်းထုတ်ခံရတာ ဖျားတောင်ဖျားသွားတယ်ပေါ့ ဟာသတွေဟေ့"
"အစ်ကိုက Straight ကွ ... သူ့ဘေးနားက အစ်မနဲ့က တွဲနေကြတာ ထင်တယ်... ငါတော့ မျှော်လင့်ချက်မဲ့ပြီ လားမသိဘူး"
"မင်းလဲ Gay မှ မဟုတ်တာကွ... မင်း သူ့ကိုမတွေ့ခင်က ဝေကြီးညီမ မြသက်ချယ်ကို ကြိုက်သေးတာပဲမဟုတ်လား"
"အေးလေ အေးလေ အဲ့ဒီတုန်းကဆို မြသက်ချယ်က အာကာရယ် ပလာဇာမှာ ဘရာ သွားဝယ်ချင်လို့ အာကာက ပလာဇာကို ဘရာ ဝယ်အောင် လိုက်ပို့ပေးပါဦးဆိုရင် ဒီကောင်က ချက်ချင်း ပလာဇာရှေ့မှာ ဘရာထုတ်ကြီးဆွဲတဲ့ အာကာ ဖြစ်သွားတာ"
"အာ...အဲ့ဒါ ငယ်ငယ်တုန်းကပါကွာ...တော်ပါတော့"
"အေးလေ... အဲ့ဒါပြောချင်တာ မင်းက အရင်ကတည်းက လိင်တူစိတ်ဝင်စားခဲ့တာ မဟုတ်ဘူးလေ"
"ဒါနဲ့ မင်းအခု သေချာရဲ့လားကွ"
"မြသက်ချယ်နဲ့ ပြန်တွဲကြည့်ပါလား"
ဝဇီနဲ့ ရာဇာတို့ အပြောကို အာကာက ခေါင်းခါပြလိုက်သည်...
"မရဘူး...ငါသေချာတယ်... ငါအခု တော်တော်လေးဖြစ်နေတာ ငါ့ကိုယ်ငါ သိတယ်...မောင်းထုတ်ခံလိုက်ရမှ ပိုသေချာသွားတာ...ငါ အစ်ကို့ကို မတွေ့ရဘဲ မနေနိုင်ဘူး"
"အဲ့ဒါဆို မင်း ဘာဆက်လုပ်မလဲ"
"ငါ မနေ့က အမေသိမ်းထားတဲ့ ဖုန်းခဏ ခိုးပြီး အစ်ကို့ဆီ ဖုန်းဆက်သေးတယ်...ဖုန်းမကိုင်ဘူး...
ပြီးတော့ မနက်တိုင်း အစ်ကို့ကားကို အိမ်ရှေ့ကဖြတ်သွားမလားစောင့်ကြည့်နေတာ မတွေ့တာ သုံးရက်လောက်ရှိနေပြီကွ...ညနေတော့ ငါ အစ်ကိုတို့အိမ်ဖက် သွားကြည့်ဦးမယ်"
"Okay, but My question here is ... မင်းအစ်ကိုက Straight မို့ မင်းကို လုံးဝလက်မခံနိုင်ပါဘူးဆို ဘာဆက်လုပ်မလဲ"
ရာဇာက မေးတော့ အာကာ သက်ပြင်းချလိုက်မိသည်...
"ငါကကွာ အစ်ကို့ကို စိတ်ဆင်းရဲအောင်မလုပ်ချင်ပါဘူး... အစ်ကို စိတ်ချမ်းသာနေရင် ငါပျော်တာမို့ ငါပဲကျိတ်ပြီးခံစားရ ခံစားရ ... နောက်ကွယ်ကနေ အစ်ကိုပျော်နေတာကို တိတ်တခိုးလေးနဲ့ပဲ...ကျစ်! အဲ့လိုမနေနိုင်ဘူး...ငါ အစ်ကို့ကို ခိုးပြေးမယ်ကွာ"
"အမ်" "ဘာ"
"မအေပေးလေးကလဲ... ငါထင်တော့ထင်တယ် အရှေ့ကစကားတွေ နားထောင်နေတုန်း ဒီကောင် ဘယ်ပေါကားထဲက ဒိုင်ယာလော့တွေ ပြောနေပါလိမ့်လို့"
"အဲ့ဒါ ငါ့ပုံစံ မဟုတ်မှန်း မင်းတို့လဲ သိရဲ့သားနဲ့ကို...ဒါပေမဲ့ ငါ အစ်ကို့အခြေအနေ အရင်စုံစမ်းလိုက်ဦးမယ် ဇွတ်ခိုးပြေးတာက မတတ်သာတဲ့ အဆုံးမှ ထုတ်သုံးရမဲ့ လက်နက်...မင်းတို့ အကူအညီလိုလိမ့်မယ်နော်"
အာကာက ထိုသို့ပြောလိုက်တော့ နှစ်ကောင်သား ပြိုင်တူထအော်ကြသည်က...
"အား!!!! အန်တီ ဒေါ်ခင်ခင်မျိုးဆွေရေ!!!"
...........................................................................
"အမေ့...သား နေကောင်းနေပြီ ဖုန်းပြန်ပေးတော့... ခေါင်းလဲ မကိုက်တော့ဘူး မျက်ရိုးလဲ မကိုက်တော့ဘူး"
"သေချာလို့လား"
"သေချာပါတယ်ဆို အမေကလည်း"
"မီးလေး...မောင်လေးကို ဖုန်းယူပေးလိုက်ဦး... screen time လျှော့မယ်နော် so sweet... အချိန်ပြည့် ဖုန်းနဲ့ မျက်နှာနဲ့အပ်မနေနဲ့...မင်း အခုလိုဖျားလွယ်တာ ညဖက်စောစောမအိပ်တာတွေကြောင့်လဲပါတယ်...ကိုယ်ခံအားနည်းနေတာ"
"အင်းပါ"
မမဟေမာက ဖုန်းသွားယူလာပေးပြီးတော့ ထမင်းစားစားပွဲမှာထိုင်ပြီး ခုနကသူစားထားသော ပန်းကန်ကို မေးငေါ့ပြသည်... ထိုနောက့် ဆရာကြီးစတိုင် လက်ပိုက်၍ မချိုမချဉ်လုပ်ကာ...
"so sweet နေကောင်းသွားပြီဆိုတော့ ငါတို့ရဲ့ သဘောတူညီချက်လေး စ လိုက်ကြမလား"
"ဘာတွေလဲ...သား အပြင်းဖျားပြီးကတည်းက မှတ်ဉာဏ်တစ်ချို့ပျောက်သွားတယ်...သိပ်မမှတ်မိတော့ဘူး"
"ဪ...ဟုတ်လား...အင်းပါ အင်းပါ"
မမဟေမာက ခေါင်းတညိတ်ညိတ်လုပ်ကာ ဟင်းချက်ရန်ပြင်နေသော အမေ့ဆီသိုလှမ်းအော်ခေါ်လိုက်သည်...
"အမေ့... ဟေမာတို့ အမျိုးတွေထဲမှာဆို ကိုယ့်ထက်ကြီးတဲ့ အစ်ကိုတွေကို ကိုကြီးလို့ပဲခေါ်တာနော်...ကိုကြီးတင့်လွင် တို့ ကိုကြီးထိုက်အောင်တို့လေ"
"အေးလေ...ဘာဖြစ်လို့လဲ"
အမေက မီးဖိုဆောင်ထဲမှနေ၍ ပြန်ဖြေသည်... အာကာက မမဟေမာကို မျက်မှောင်ကျုံ့ပြီး ဘုကြည့်ကြည့်လိုက်သည်...
"ဪ...ဘာမှမဟုတ်ပါဘူး အမေရယ်... ကိုကြီးလို့မခေါ်ဘဲ တခြားခေါ်တာရှိသေးလားလို့ပါ...ဟိုလေ... အစ်ကို လို့များ...."
"မမဟေမာ!!!!"
အာကာက မမဟေမာ နားသို့ စွေ့ခနဲရောက်သွားကာ... လည်ပင်းကိုသိုင်းဖက်လိုက်သည်...
"အဟားဟား...မမဟေမာက အရမ်းရယ်ရတာပဲ...ဟားဟား...ဘာတွေ ရှာရှာကြံကြံတွေးမှန်းမသိဘူး... အခုဘာတွေစားနေတာလဲ... စားလို့ပြီးသွားပြီလား... ပေး...သား ပန်းကန်ဆေးပေးမယ်"
အာကာက ပြောရင်း မမဟေမာလည်ပင်းကို ဆွဲဖက်ထားရာမှ ခပ်တင်းတင်းလေး ညှစ်ပစ်လိုက်သည်...
"အ! so sweet နာတယ်နော်...လွှတ်ပေး"
"အေး...လုပ်ထားနော်... so sweet တို့ အလှည့်မရောက်ပဲ မနေသေးဘူး မမဟေမာ get ready နော်"
"မသိဘူး...သွား...ပန်းကန်သွားဆေး"
မမဟေမာကို လွှတ်ပေးလိုက်ပြီး စားပွဲပေါ်မှ ပန်းကန်ကိုယူကာ ဆောင့်ကြီးအောင့်ကြီးနှင့် ပန်းကန်သွားဆေးလိုက်သည်... အမေက အာကာ့ကို လှည့်ကြည့်လာပြီး...
"ဟယ်...ငါ့သားလေးက လိမ္မာနေတာတော်"
ပန်းကန်ဆေးပြီး မမဟေမာကို မျက်စောင်းတစ်ချက်ထိုးခါ ခြံထဲသို့ ဆင်းခဲ့လိုက်သည်... ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ အစ်ကို့ဆီဖုန်းခေါ်ရင် ကောင်းမလား ချီတုံ့ချီချ ဖြစ်နေစဉ်...အာကာ့ ညီမဝမ်းကွဲ မော်မော်က ခြံထောင့်မှ ပေါ်လာကာ...
"အတော်ပဲ ကိုကြီး so sweet ... သမီးကို လက်မ ဓာတ်ပုံရိုက်ပေးစမ်းပါ"
"ဟမ်...ဘာ လက်မ လဲ"
"နေဦး နေဦး...ရော့ သမီးဖုန်းနဲ့ ရိုက်ပေး...ကိုယ့်ဟာကိုယ်ရိုက်တာ focus မဖြတ်တတ်လို့ ဝါးနေလို့...လာ...ဒီနားလေး ရိုက်ပေး"
မော်မော်က အာကာ့လက်ထဲသို့ သူ့ဖုန်းကို ထိုးထည့်ပေးလာပြီး... တိုက်နံရံ အဖြူရောင်ကို background ထားကာ လက်မတစ်ချောင်း ထောင်လိုက်သည်... ထိုလက်မတွင် ရွှေလက်စွပ် တစ်ကွင်း စွပ်ထားသည်....
အာကာက ဓါတ်ပုံရိုက်ပေးလိုက်ပြီး ဖုန်းကိုပြန်ပေးလိုက်ရင်း...
"ဘာလုပ်တာလဲ လက်မကြီးက"
"သမီး online ကနေ လက်စွပ်မှာတာ ကိုကြီးရ... အဲ့ဒါ လက်စွပ် size ကို ကြိုးနဲ့တိုင်းပြီးတော့မှ အဲ့ဒီကြိုးကို ပေတံနဲ့တိုင်းပြီး ဓာတ်ပုံရိုက်ပေးတာ...အဲ့ဒါကို ဆိုင်က လက်မ နဲ့ တိုင်းပြပါဆိုလို့"
"ဟမ်... ဘယ်လို လက်မ နဲ့တိုင်း... မဟုတ်သေးပါဘူး မော်မော်ရာ ပြစမ်း ငါ့ကို chat box"
အာကာက မော်မော်ရဲ့ messenger မှ ရွှေဆိုင်နှင့် chat ထားသည်ကို ယူကြည့်လိုက်တော့မှ သွေးပင်တက်ချင်သွားရသည်... မော်မော်က ကြိုးကို ပေတံမှာ စင်တီမီတာနှင့် တိုင်းပြထားသဖြင့် ဆိုင်က လက်မ (inches) နှင့် တိုင်းပေးခိုင်းခြင်းဖြစ်သည်... အဲ့ဒါကို ရွှေဉာဏ်ရှင် မော်မော်က လက်စွပ်ကို သူ့လက်မမှာ စွပ်ပြီး တိုင်းပြနေခြင်းဖြစ်သည်...
"အား!! မော်မော်!! ဘယ်လိုတောင်... လက်မ ဆိုတာ ပေတံက inches ကိုပြောတာ နင့်လက်မကြီးကို ပြောတာမဟုတ်ဘူးဟ"
"ဟယ်...ဟုတ်လား... အဲ့ဒါကြောင့် သမီးက ထူးဆန်းနေတာ ကိုကြီးရဲ့... သမီးက လက်စွပ်ကို လက်သူကြွယ်မှာ ဝတ်ချင်တာကို ဘာလို့ လက်မကြီးမှာ တိုင်းခိုင်းပါလိမ့်လို့...ဟီးဟီး"
"အေး...အဲ့ဒီမှာ နင် တုံး နေလိုက်"
အာကာ စိတ်ညစ်စွာ ခေါင်းခါပြီး အိမ်ထဲသို့ဝင်ခဲ့စဉ် ဧည့်ခန်းထဲမှ ကြိုးဖုန်းကမြည်လာသဖြင့် သွားကိုင်လိုက်သည်...
"ဟယ်လို"
"so sweet လား...မင်းအခု ဘယ်မှာလဲ"
"အမ်... လေးမောင်က လုပ်ပြီဗျာ အိမ်ဖုန်းကြီးကို ခေါ်ပြီး ဘယ်မှာလဲတဲ့... အိမ်မှာပေါ့ဗျ"
"အေး...ဟုတ်သားပဲ ယောင်သွားလို့...မမကို ဖုန်းခေါ်နေတာ မကိုင်လို့ အိမ်ဖုန်းခေါ်လိုက်တာ... မင်းအမေကို ငါ့ဆီဖုန်းပြန်ဆက်ဖို့ ပြောလိုက်ဦး"
"ဟုတ်"
လေးမောင် ဖုန်းချသွားပြီး အာကာ နားထင်ကို လက်နဲ့ဖိထားလိုက်ရသည်... တစ်ယောက်ကလည်း လက်စွပ်ကို လက်မ မှာစွပ်ပြီး တိုင်းနေသည်... တစ်ယောက်ကလည်း အိမ်ဖုန်းကိုခေါ်ပြီး မင်းအခု ဘယ်မှာလဲ တဲ့... ဒီအိမ်က လူတွေနှင့်တော့ ရူးချင်နေပြီ...
အာကာ အိမ်ပေါ်ထပ်ပြန်တက်ကာ ကိုယ့်အခန်းထဲကို ဝင်ပြီး အစ်ကို့ဆီဖုန်းခေါ်ဖို့စဉ်းစားနေသည်... မတွေ့ရတာ တစ်ပါတ်လောက်တောင်ရှိတော့မည်.. ကားလေး အိမ်ရှေ့က ဖြတ်သွားတာလဲ မမြင်မိပေ.... အစ်ကို ဘာများဖြစ်လို့လဲ စိတ်ပူလာရသည်...
နှစ်ခါထပ်မစဉ်းစားတော့ပဲ "My Home" ကို နှိပ်လိုက်တော့သည်...
"တူ.....တူ.....တူ....တူ..."
ဖုန်းကဝင်သည်... သို့သော် ပြန်ဖြေချင်းမရှိ... အာကာ နှစ်ခါသုံးခါ ထပ်ခေါ်ရင်းနှင့် စိတ်ကထင့်လာရသည်... အစ်ကို စိတ်ဆိုးနေတယ်ဆိုရင် အာကာ့ဖုန်းနံပါတ်ကို Block ထားတာမျိုးလုပ်နိုင်သည်...သို့သော် ဖုန်းက ခေါ်လိုက်တိုင်း ဝင်နေပြီး ပြန်မဖြေခြင်းသာ ဖြစ်သည်...
အာကာ ဖုန်းထပ်ခေါ်နေရင်း အိမ်ရှေ့ ဝရံတာသို့ ထွက်လာစဥ် ကားအနီရောင်လေး တစ်စီးက လမ်းထဲသို့ဝင်လာပြီး အာကာတို့ခြံရှေ့မှ ဖြတ်မောင်းသွားသည်... မောင်းသူနေရာမှာ ဟိုအစ်မကို တွေ့လိုက်ရသဖြင့် အာကာမျက်မှောင်ကျုံ့မိသွားသည်...
အစ်ကိုတို့အိမ်ကို သွားတာပဲဖြစ်ရမည်...
အာကာ အိမ်ပေါ်ထပ်မှ ပြေးဆင်းလာကာ အိမ်ပြင်ထွက်ဖို့လုပ်တော့ နောက်မှ အစ်မဝမ်းကွဲမကြီးအိဖြူ၏ လှမ်းအော်မေးသံကို ကြားရသည်...
"so sweet ဘယ်သွားမလို့လဲ"
"သား ဒီနား ခဏပဲ မကြီး"
ကားဂိုထောင်နားမှာ ရပ်ထားသည့် ပြိုင်ဘီးလေးကို ဆွဲယူပြီး အစ်ကိုတို့အိမ်ဖက်သို့ ခပ်သွက်သွက်ကလေးနင်းလာခဲ့လိုက်သည်... အစ်ကိုတို့ ခြံရှေ့ကိုရောက်တော့ ကားတွေ နှစ်စီးသုံးစီး ခြံထဲမှာ ရပ်ထားသည်ကိုတွေ့ရသည်.... အာကာ စက်ဘီးကိုရပ်လိုက်ကာ ခြံစည်းရိုးသံတိုင်တွေကြားမှ ချောင်းကြည့်လိုက်တော့ ဟိုအစ်မက ကားပေါ်မှဆင်းနေစဥ် အိမ်ထဲမှ လူတစ်ယောက်ပြေးထွက်လာသည်...
"အစ်ကို"
အာကာ ပါးစပ်မှ ရေရွတ်လိုက်မိသည်.... အစ်ကိုက အိမ်ထဲမှ ပြေးထွက်လာကာ ဟိုအစ်မ၏ လက်ကိုလာဆွဲသည်... ပြီးတော့ နှစ်ယောက်သား အိမ်ထဲသို့ ပြေးဝင်သွားကြသည်... အာကာ မြင်နိုင်သမျှ မြင်ရအောင် ခြံစည်းရိုးကြားမှ လိုက်ချောင်းကြည့်နေပြီး စိတ်ထဲမှာ တင်းကျပ်လာရသည်... အစ်ကိုတို့အိမ်မှာ ဘာတွေလုပ်နေကြတာလဲ.... စေ့စပ်ပွဲတော့ မဟုတ်ဘူးမလား....
နာရီဝက်ကျော်ကျော်ခန့်ကြာသည်အထိ ဘာအရိပ်အယောင်မှ ထပ်မမြင်ရတော့ဘဲ အိမ်ကြီးက ငြိမ်သက်နေသည်... အာကာ နေရာမှ ခုထိမရွေ့သေးပဲ အိမ်ကြီးထဲကို မြင်နိုင်သ၍ စောင့်ကြည့်ပြီး အကဲခတ်နေမိသည်... အိမ်ကြီးက တိတ်ဆိတ်နေသလောက် အာကာ့နှလုံးခုန်နှုန်းတွေက ဆူညံပွက်လောရိုက်နေကြပြီဖြစ်သည်...
အထဲသို့ဝင်သွားပစ်လိုက်ချင်သည်... ဒီကားတွေက ဘာလုပ်ဖို့ရောက်နေကြပြီး ... ဘာတွေဖြစ်နေကြလဲ သိချင်သည်... စေ့စပ်ပွဲလုပ်နေကြသည်ဆိုရင်လည်း အစ်ကိုလက်ကိုဆွဲကာ ထိုနေရာမှ ခေါ်ထုတ်လာခဲ့ချင်သည်...
အာကာ စက်ဘီးပေါ်မှာ ထိုင်နေရင်း ဂဏာမငြိမ်စွာဖြင့် လက်ဆစ်တွေကို တဖျောက်ဖျောက်နှင့် ချိုးနေမိသည်... ထိုအခိုက်မှာပဲ အိမ်ပေါ်ထပ်ပြုတင်းပေါက်နားမှာ လှုပ်ရှားမှုတစ်ခုတွေ့ရပြီး ဖြူဖြူလွှလွှ ပုံရိပ်လေးက ပေါ်လာသည်... အာကာ စက်ဘီးပေါ်ခွထိုင်ထားရာမှ ဖျတ်ခနဲဆင်းပြီး ရှေ့နားကို တိုးသွားမိသည်...
အစ်ကိုက ပြုတင်းပေါက်သံတိုင်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်က အပြင်ဘက်ကိုငေးနေသည်...အာကာ့ကိုတော့ မြင်ပုံမရပေ... အာကာက လက်ကို ဝှေ့ရန်းပြလိုက်သော်လည်း အစ်ကိုက လှည့်ကြည့်မလာခဲ့ပါ... အာကာကြည့်နေစဥ်မှာပဲ အစ်ကိုက ခေါင်းငုံ့လျှက် ပြုတင်းပေါက်သံတိုင်တွင် ခေါင်းအပ်လိုက်သည်ကို တွေ့ရသည်.... အာကာ ရင်တွေပူလာရပြီ...
"ဘာဖြစ်လို့များလဲ အစ်ကိုရယ်"
ထိုခဏမှာပဲ အစ်ကို့နောက်တွင် ဟိုအစ်မက ပေါ်လာပြီး အစ်ကို့ပုခုံးကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်ကိုတွေ့လိုက်ရသည်... အာကာ အံကိုတင်းတင်းကြိတ်လိုက်မိသည်... အစ်ကိုက လှည့်ကြည့်တော့ ထိုအစ်မက အစ်ကို့ကို သိုင်းဖက်လိုက်သည်... အစ်ကိုကလည်း ပြန်ဖက်ထားကာ ထိုအစ်မ၏ ပုခုံးပေါ်တွင် ခေါင်းကိုငုံ့ချပြီး မျက်နှာအပ်လိုက်သည်....
အာကာ့ခြေထောက်တွေ ယိုင်နဲ့သွားရသည်.... ရင်ထဲမှာ တစ်လှပ်လှပ်နှင့်မောလာပြီး ခေါင်းတွေမူးလာရသည်... နေမကောင်းဖြစ်ထား၍ အားနည်းနေသည့် အရှိန်ကြောင့် ပိုပြီး နုံးချိသလို ဖြစ်လာရသည်ထင်၏... အာကာ စက်ဘီးကို နောက်သို့ပြန်လှည့်လိုက်ပြီး ခြေဦးတည့်ရာသို့ တွန်းနေမိသည်...
အမြင်အာရုံထဲမှာ လမ်းတွေက ဝေဝါးနေကာ သေချာရှင်းရှင်းလဲ မမြင်ရပေ... ရင်ထဲမှာ တစ်ခုခုကို ဆွဲနှုတ်ခံလိုက်ရသလိုမျိုး လစ်ဟာသွားရသည်... လမ်းလျှောက်နေရင်းမှ တစ်နေရာအရောက်တွင် စက်ဘီးကိုလက်က လွှတ်ချလိုက်ပြီး ခြံစည်းရိုးအုပ်နံရံတစ်ခုကို မှီကာ ထိုင်ချလိုက်မိသည်...
အာကာ့မျက်လုံးတွေကို မှိတ်ထားပစ်လိုက်သည်... မမြင်ချင်ဘူး.... အဲ့ဒီလိုမြင်ကွင်းတွေကို မြင်ချင်ခဲ့တာမဟုတ်ဘူး... အစ်ကိုက တခြားသူတစ်ယောက်ကို ပွေ့ဖက်ပြီး....
အာကာ ဒူးနှစ်ဖက်ကို ပိုက်ကာ ခေါင်းကိုမှောက်ချထားလိုက်မိသည်.... ဒီနေရာမှာ ထိုင်နေမိသည်မှာ ဘယ်လောက်ကြာသွားသည် မသိ... အာကာ့ဘေးမှာ လူတစ်ယောက် ဝင်လာထိုင်သည်ကို ခံစားမိလိုက်သဖြင့် ခေါင်းမော့ကာကြည့်လိုက်မိတော့...
"အဖေကြီး"
အဖေကြီးက အာကာ့ဘေးတွင်ဝင်ထိုင်ကာ အာကာ့လိုပင် ခြံစည်းရိုးအုတ်နံရံကို ကျောမှီထားသည်...
"အဖေကြီးရဲ့ မင်းသားလေးတောင် အရွယ်ရောက်နေပြီပဲကွ...တစ်ခုခုဆို အဖေကြီးကို လာမရှာတော့ဘဲ တစ်ယောက်တည်းနေတတ်လာပြီပေါ့ ဟုတ်လား"
အဖေကြီးက အာကာ့ခေါင်းမှ ဆံပင်တွေကို ဆွဲဖွပြီး ပြုံးနေသည်... အာကာက အဖေကြီးကို ဘာပြန်ပြောရမှန်း မသိသဖြင့် ရှေ့မှ မြက်ပင်တွေကိုငေးပြီး ငြိမ်နေမိသည်...
"အဖေကြီးကို ပြောပြချင်လား"
အာကာ ခေါင်းခါလိုက်မိသည်... တကယ်လဲအခုချိန်မှာ ဘာစကားမှမပြောချင်မိပေ... အဖေကြီးက ခေါင်းညိတ်သည်...
"ငါ့သား အသက်၂၀ ပြည့်တော့မယ် solo trip တစ်ယောက်တည်း ဘယ်မှမသွားဖူးသေးဘူးမလား"
အာကာက အဖေကြီးကို အံ့သြစွာဖြင့် မော့ကြည့်လိုက်သည်... solo trip က အာကာ့အိမ်မက်တွေထဲက တစ်ခုဖြစ်သည်... သို့သော်လည်း မနှစ်ကအထိ အမေက စိတ်မချဘူးဟုဆိုကာ လုံးဝခွင့်မပြုခဲ့ပေ...
"ဒါပေမဲ့ အမေက"
"သား အမေကို အဖေကြီးက ပြောပေးမယ်... ငါ့သား အသက်လဲပြည့်နေပြီကွာ... တစ်ယောက်တည်း ခရီးသွားကြည့်... အသစ်အဆန်းတွေ လေ့လာခဲ့... မွန်းကျပ်နေတာတွေရှိရင် ဖွင့်ထုတ်ခဲ့... စဥ်းစားတွေးတောစရာတွေရှိရင် သေချာစဥ်းစားလာခဲ့... ပြန်လာလို့ အဖြေတစ်ခုခုရလာခဲ့ရင် အဖေကြီးကို ပြောချင်ရင်လဲ ပြောပြပေါ့ကွာ"
အဖေကြီးက ပြောပြီး ဘောင်းဘီအိတ်ကပ်ထဲမှ တစ်ခုခုကိုနှိုက်ထုတ်နေသည်... အဖေကြီးလက်ထဲတွင်ပါလာသည်က စီးကရက်ဗူးတစ်ဗူး နှင့် မီးခြစ်တစ်ခုဖြစ်သည်... အဖေကြီးက ဆေးလိပ်မသောက်တတ်သည့်သူ ဖြစ်သဖြင့် အာကာက အံ့သြသွားရသည်...
"ဟင် အဖေကြီးက ဘယ်လိုဖြစ်လို့"
"ရှူး....မင်း အမေမသိအောင် ဒို့သားအဖနှစ်ယောက် ဆေးလိပ်ခိုးသောက်ဖို့ ဝယ်လာတာလေကွာ"
"အဟား"
အာကာ ရယ်လိုက်မိသည်....
အဖေကြီးက တကယ်ဗျာ...
အဖေကြီးက ဗူးထဲမှ စီးကရက်တစ်လိပ်ကို နှိုက်ထုတ်လိုက်ပြီး ဟန်ပါပါ မီးညှိသည်... ထို့နောက် အာကာ့ဆီ တစ်လိပ်ကမ်းပေးသည်... အာကာက လှမ်းယူလိုက်တော့ အဖေကြီးက မီးညှိပေးသည်... သားအဖနှစ်ယောက် ရပ်ကွက်ထဲက သူများခြံစည်းရိုး အုတ်နံရံကိုမှီကာ ဆေးလိပ်သောက်နေကြသည်...
"အဖေကြီးရဲ့ ပထမဦးဆုံး Solo trip က ဘယ်နိုင်ငံလဲ"
"ဘန်ကောက်"
"ဘယ်အရွယ်တုန်းကလဲ"
"၂၂ လောက်ထင်တာပဲ မီးလေး အရွယ်ပေါ့"
"ဒါဆို သားက သာသွားတော့မှာပေါ့"
"အဟား... အဖေထက် သား ၂ နှစ်ငယ်ပေါ့ကွာ... သားက ဘယ်နိုင်ငံသွားချင်လဲ"
"ဗီယက်နမ်"
အာကာမဆိုင်းမတွပင် ပြန်ဖြေလိုက်သည်... ဗီယက်နမ်မြောက်ပိုင်းကို သွားချင်နေသည်မှာ တော်တော်ကြာခဲ့ပြီဖြစ်သည်... ဝဇီရာကျော်ရဲ့ အဖေက Sapa မြို့ရှိ ဖန်စီပန်တောင်ထိပ်က ပရောဂျက်တွေမှာ အင်ဂျင်နီယာတစ်ယောက် အနေနှင့် ပါခဲ့ဖူးသဖြင့် သူ့အတွေ့အကြုံတွေကို ကလေးဘဝကတည်းက နားထောင်ခဲ့ရင်း အာကာက စွဲလန်းနေရခြင်းဖြစ်သည်...
ထိုအရပ်မှာ တိမ်တွေရှိသည်...
အာကာ့ရဲ့ အဖြူရောင်တိမ်လေးကိုရော ဖမ်းဆုပ်ခွင့်ရှိပါဦးမလား သိချင်သည်...
.............................................................................
"ငြိမ်း.... ကောင်းကောင်း အနားယူခဲ့နော်"
ချယ်ရီက ငြိမ်းလက်ထဲကို boarding pass စာရွက်လေးနှင့် passport ကိုထည့်ပေးလာရင်းပြောသည်... ငြိမ်းရဲ့ အတွင်းရေးမှူး ကိုသီဟကလည်း ကုမ္ပဏီကို စိတ်ချပြီးသွားရန် ပြောသည်...
"ကိုငြိမ်း အေးအေးဆေးဆေး စိတ်ချလက်ချသွားနော် ကျွန်တော် daily report လုပ်ပါ့မယ်"
ငြိမ်း ခေါင်းညိတ်လိုက်သည်... ချယ်ရီနဲ့ ကိုသီဟကို နှုတ်ဆက်လိုက်ပြီး Hand Carry luggage အသေးလေးကိုတွန်းကာ အထဲဝင်ခဲ့လိုက်သည်... ငြိမ်းတကယ်ပင် အနားယူဖို့ လိုအပ်နေလို့ ချယ်ရီက ဒီခရီးစဥ်ကို အစအဆုံး ဇွတ်စီစဥ်ပေးခဲ့ခြင်းဖြစ်သည်...
လေယာဥ်ပေါ်နေရာတကျထိုင်ပြီးတော့ မကြာခင်မှာပဲ လေယာဥ် Take Off လုပ်ရန် လေယာဥ်မှုးဆီမှ ကြေငြာသံထွက်လာသည်.... ငြိမ်း မျက်လုံးများကို မှိတ်ထားလိုက်သည်... ငြိမ်းတစ်ယောက်တည်း ခရီးတွေ ခဏခဏ သွားဖူးပါသည်... ပြန်လာတိုင်းလဲ မေမေ့အတွက် လက်ဆောင်တွေ တနင့်တပိုးဝယ်လာလေ့ရှိပြီး ခရီးစဥ်အတွေ့အကြုံတွေကို မေမေ့ကို ပြန်ပြောပြလေ့ရှိခဲ့သည်.... ဒီတစ်ကြိမ် ခရီးကပြန်လာရင်တော့ အိမ်မှာ ငြိမ်းကို ကြိုနေမည့် မေမေ ရှိမှာမဟုတ်တော့ပေ... ပြီးတော့ ဒီတစ်ကြိမ်ခရီးဟာလဲ မေမေ့အတွက် လက်ဆောင်တွေ ဝယ်စရာမလိုတော့သည့် ပထမဆုံးခရီးဖြစ်ပေလိမ့်မည်.... မေမေက ငြိမ်းကို တကယ်ထားသွားခဲ့ပြီ...
"ဟိုရောက်ရင် ဖန်စီပန်တောင်ထိပ်ကိုတော့ ရောက်အောင်သွားခဲ့နော် ငြိမ်း... အဲ့ဒီမှာ နင်သဘောကျတဲ့ တိမ်တွေရှိတယ်"
သွားခါနီးအထိ ချယ်ရီက တစ်ဖွဖွနှင့်မှာနေသေးသည်... ငြိမ်းကို စိတ်သက်သာရာရစေချင်မှန်းငြိမ်း နားလည်ပါသည်...
လေယာဥ်မောင်းချိန် ၂ နာရီခန့်ကြာပြီးချိန်မှာတော့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဟနွိုင်းမြို့ရဲ့ "Noi Bai International Airport " ကိုဆိုက်ရောက်ခဲ့သည်... လေဆိပ်ထွက်ထွက်ချင်းက ကောင်တာမှာပဲ ငြိမ်းက ဖုန်း sim card ဝယ်ပြီး လဲလိုက်သည်... ထိုနောက် ဟနွိုင်းမှာ ညမအိပ်ဘဲ ချယ်ရီစီစဥ်ပေးလိုက်သည့်အတိုင်း အိပ်စင်ပါသည့်ကားနှင့် တောင်ပေါ်ရှိ Sapa မြို့လေးသို့ တန်းတက်ခဲ့သည်... ကားနှင့်တက်လျှင် ၆ နာရီကြာမျှ မောင်းရသည်မို့ ငြိမ်း Sapa မြို့ပေါ်ရောက်တော့ ည၁၀ နာရီပင်ထိုးနေပြီဖြစ်သည်...
တောင်တက်လမ်းမို့ ကားက ကွေ့ကာပတ်ကာတက်နေရသဖြင့် ငြိမ်းက ကားမူးလာပြီး ဟိုတယ်ရောက်တော့ ရေချိုးပြီးတာနှင့် တစ်ချိုးတည်း အိပ်ပျော်သွားရတော့သည်....
ရာသီဥတုက အေးစိမ့်နေသဖြင့် Aircon ပင်ဖွင့်စရာမလိုဘဲ ညက ငြိမ်း ကောင်းကောင်းအိပ်ပျော်ခဲ့ရသည်... ငြိမ်း နိုးလာချိန် နာရီကိုကြည့်လိုက်တော့ မနက် ၇ နာရီပင်ထိုးတော့မည်... ငြိမ်းအိပ်ယာမှ ထကာ ရေချိုးအဝတ်အစားလဲလိုက်သည်... ငြိမ်းအဝတ်အစားတွေ တော်တော်များများက အဖြူရောင်တွေကများသည်မို့ ယခုခရီးအတွက်ယူလာခဲ့မိသည်မှာလည်း အဖြူရောင်တွေချည်းသာဖြစ်နေတော့သည်... ငြိမ်းက စတိုင်ပန် အဖြူရောင်နှင့် ဆွယ်တာအဖြူရောင်လက်ရှည်ပွပွကို ကောက်စွပ်လိုက်သည်...
ဆံပင်တွေကို ခေါင်းလိမ်းဆီနဲ့ ပုံသွင်းပြီး ရေချိုးခန်းထဲဝင်ကာ လက်ဆေးလိုက်သည်... ရေချိုးခန်းထဲက ပြန်အထွက်မှာ ငြိမ်းသတိထားမိလိုက်သည်က ထွက်ပေါက်မဟုတ်သည့် နံရံဘက်မှ တံခါးတစ်ချပ်ပင်... မနက်က အိပ်ယာထထချင်း သတိမထားမိခဲ့ပဲ အခုမှ ထိုတံခါးကို မြင်မိသည်... ဘာရယ်မဟုတ်ထူးဆန်းနေသဖြင့် ငြိမ်းက ထိုတံခါးကို လော့ခ်ဖြုတ်ပြီး ဖွင့်ကြည့်လိုက်သည်... တစ်ဖက်ခြမ်းမှာ တွေ့လိုက်ရသည်က နောက်ထပ်တံခါးတစ်ချပ် ဖြစ်နေသည်... ကြည့်ရတာ ငြိမ်းယူထားမိသည့် အခန်း type က Family Suite Room ဖြစ်မည်ထင်သည်... Suite Room တွေရဲ့ သဘောတရားက အခန်းနှစ်ခန်းကို အလယ်မှာ ဆက်ထားပြီး တံခါးနှစ်ထပ်ထားထားပေးသည်... ဟိုဘက်ခန်းရော ဒီဘက်ခန်းရော တံခါးနှစ်ချပ်လုံးဖွင့်ထားပါက ဝင်ထွက်သွားလာနိုင်သည်...
"ချပ်"
"ဟင်"
ငြိမ်းက တံခါးပြန်ပိတ်ဖို့လုပ်လိုက်ပေမဲ့ ရုတ်တရက်တစ်ဖက်မှ တံခါးကလည်း ပွင့်လာပြီး အပေါက်ဝမှာပေါ်လာသူကြောင့် ငြိမ်း ဆွံ့အသွားမိတော့သည်... ရေချိုးပြီးခါစဖြစ်ပုံရပြီး ရေချိုခန်းသုံးပုဝါအဖြူရောင်တစ်ထည်သာ ခါးမှာပတ်ထားသည်... အပေါ်ပိုင်းဗလာနှင့် တောင့်တင်းသော ခန္ဓာကိုယ်ပိုင်ရှင်ကလည်း ငြိမ်းကို တွေ့တော့ မျက်လုံးလေးများ ပြူးဝိုင်းသွားကြကာ... တအံ့တသြ ငုံ့မိုးကြည့်လာပြီး...
"အစ်ကို!"
Sapa မြို့က ဟိုတယ်ရဲ့ Family Suite Room ပါ... အခန်းနှစ်ခန်းကို အလယ်မှာ တံခါးနှစ်ထပ်နဲ့ ဆက်ထားပြီး နှစ်ဖက်လုံးက ဖွင့်ထားရင် အဝင်အထွက် လုပ်လို့ရပါတယ် 🥰
...........................................................................
<3 DiDi Zaw
(20/11/2022)