"အား!!!! သင်္ကြန်ရောက်ပြီဟေ့"
ခေါင်းရင်း ပြုတင်းပေါက်ကိုဖွင့်လိုက်တော့ ခြံထောင့်က ပိတောက်ပင်မှာ ပိတောက်ပန်းတွေက ဝင်းဝါနေကြပြီ... လေတစ်ချက်အဝေ့မှာ ပိတောက်ရနံ့တွေက အိပ်ခန်းထဲအထိပျံ့လွင့်လာကြသဖြင့် အာကာ့ မျက်လုံးတွေကို မှိတ်ပြီး ပိတောက်နံ့ကို တစ်ဝကြီးရှုရှိုက်ပစ်လိုက်သည်...
"ဟား....မွှေးလိုက်တာကွာ"
ဒီနေ့က သင်္ကြန်အကြိုနေ့...
ဘေးခြံမှ သင်္ကြန်သီချင်းသံသဲ့သဲ့ကလည်း အာကာတို့ အိမ်ပေါ်ထပ်ထိ ပျံ့လွင့်လာသဖြင့် သင်္ကြန်ပိုးက ထကြွလာရပြီ...
အများပြည်သူရုံးပိတ်ရက်ဖြစ်တာကြောင့် အာကာတို့ရဲ့ "မဟာကြည်ညွှန်း Trading Pte.,Ltd" လဲပိတ်သည်... အာကာတို့အိမ်ကြီးထဲမှာလဲ မနေ့ကတည်းကစ၍ လူစုံနေကြသည်... အိမ်သားတွေအပြင် အမျိုးတွေပါရောက်နေကြသဖြင့် အုန်းအုန်းကြွက်ကြွက်ဖြစ်၍ နေပေသည်...
"ဒီအရိပ်မှာ လာပါနားပါ...မုန့်လုံးရေပေါ်တွေစားကြ!!! ...ငရုပ်သီးပါရင်တော့အားနာ...စိတ်မဆိုးတတ်ဘူးမဟုတ်လား!!!!"
အာကာ ကသီချင်းအော်ဆိုရင်း အိမ်ပေါ်ထပ်မှဆင်းလာတော့ နံပါတ် ၂ အစ်မ မမနန္ဒာကြည်ညွှန်းကလည်း သူ့အခန်းထဲမှ ထွက်လာကာ အာကာ့ ကိုလှမ်း၍ဟန့်သည်...
"အာ...so sweet ရေ အဖွား ဘုရားရှိခိုးနေတယ်ဟ...အော်မနေနဲ့"
"မမနာနာ အမေနဲ့ ဈေးလိုက်မသွားဘူးလား"
"ဟေမာ လိုက်သွားတယ်...ဟဲ့!!...ဖယ်စမ်းပါ so sweet ရယ်... မင်း ကိုယ်လုံးကြီးကို ငါမနိုင်ဘူး!!"
လှေခါးပေါ်မှဆင်းကြရင်း အာကာက မမနန္ဒာကို ဖက်ကာ မှီတွဲလိုက်သဖြင့် အာကာ့အား အော်တော့သည်...
"ဟင်...သူများ သီချင်းဆိုတုန်းကကျတော့ အဖွားဘုရားရှိခိုးနေတယ်ဆိုပြီး သူ့ကျတော့ အော်လိုက်တာ ပြဲလန်နေတာပဲဗျာ"
မောင်နှမ နှစ်ယောက် အိမ်အောက် ထမင်းစားခန်းထဲသို့ မတိုင်ပင်ပဲ ပြိုင်တူဝင်လိုက်ကြသည်... တိုင်ပင်စရာမလိုဆို ဒီအချိန်က မနက်စာစားချိန်မဟုတ်လား... မီးဖိုဆောင်ထဲတွင် မကြီးသန္တာနှင့် အမဝမ်းကွဲတသိုက် အလုပ်ရှုပ်နေကြသည်...
"ဗိုက်ဆာတယ်ဗျို့ မွေးသမိခင် ပြန်မရောက်သေးဘူးလားဗျာ"
ထိုအခိုက်မှာပဲ မီးဖိုဆောင်ဘေးတံခါး ဖွင့်သံကြားပြီး အမေနဲ့ မမဟေမာက ဈေးခြင်းတောင်းဆွဲကာ ရေတွေတုတ်တုတ်ရွှဲပြီး ပြန်လာကြသည်... မမနန္ဒာနဲ့ အာကာက အမေတို့ဆီပြေး၍ ဈေးခြင်းတောင်းကို ဝိုင်းကူသယ်ရသည်...
"အကြိုနေ့ပဲရှိသေး ရွှဲစိုကုန်ပြီလား"
"အမလေး...မပြောချင်ဘူး လမ်းမှာ ကောင်လေးတွေက ဟေမာ့ကို ရေလောင်းချင်တာနဲ့ ငါ့ကိုဖားပြီး အရင်လာလာလောင်းကြတာတော်"
"အမေ့ကိုပြောသားပဲ so sweet ကိုခေါ်သွားပါလို့"
မမနန္ဒာက ခြင်းတောင်းကိုစားပွဲပေါ်တင်ကာ အထဲမှပစ္စည်းများကို တစ်ခုချင်းစီနှိုက်ထုတ်ရင်း အမေ့ကိုပြောသည်...
"သားကို ခေါ်သွားတော့ ရေလောင်းမခံရဘူးထင်နေလားမမနာနာတို့က... အာကာကြည်ညွှန်း အပြင်တစ်ချက် ထွက်ကြည့်လိုက်တာနဲ့ လမ်းထဲကအပျိုတွေ ရေတိုင်ကီလိုက် လှိမ့်လာပြီးလောင်းကြမှာဗျ"
"အေးလေ...ငါ့သားလေး စန်းပွင့်မှန်း အမေကသိတာပေါ့...အမေတို့ မုန့်ဟင်းခါးဝယ်လာတယ် စားပြီးရင် လမ်းထိပ်ကို ဟန်ရေးပြချည်စမ်းကွာ... အမေတို့ ချင်း(ဂျင်း) ဝယ်ဖို့မေ့လာလို့"
"ဟာဗျာ...လုပ်ပြန်ပြီ အမေတို့က"
"သွားသွား so sweet ပန်ကန်တွေသွားယူ...အဖေကြီး နဲ့ လေးမောင် သွားခေါ်လိုက်ဦး"
"အဖွား...ဘာစားလဲ မီးကြီး"
"အဖွားက ကော်ဖီနဲ့ ပေါင်မုန့်စားတယ် အမေ"
"အေးအေး"
"အမေ ရေချိုးလိုက်မလား ကလေးတွေက ဘာရေတွေနဲ့ ပက်မှန်းမသိဘူး"
"ချိုးမယ်...သန္တာ နန္ဒာ ကေသာ so sweet...မီးလတ် ရေ အမေ့ကို လုံချည်ရေလဲ ယူပေးဦး"
အာကာတို့ အမေရဲ့ရယ်စရာအကျင့်လေးတစ်ခုက သားသမီးတစ်ယောက်ကို ခေါ်ချင်ရင် ပါးစပ်ထဲရှိတဲ့ သားသမီးတွေ နာမည်အကုန်ရွတ်ပြီးမှ နောက်ဆုံးခေါ်ချင်တဲ့သူဆီရောက်သည်... ထို့ကြောင့် အာကာတို့မောင်နှမတွေက အမြဲနောက်ဆုံးခေါ်သည့်နာမည်ကိုသာ အတည်ယူကြသည်...
အာကာတို့ "ကြည်ညွှန်း" Family ကြီးရဲ့နောက်ထပ် ထူးခြားချက်တစ်ခုက သူဌေးရပ်ကွက်တွင် တိုက်တွေ ကားတွေနှင့် နေသော်လည်း အိမ်တွင် အိမ်အကူမရှိခြင်းပင်ဖြစ်သည်... အာကာတို့ငယ်ငယ်ကတည်းက အဖေကြီးဖက်ကပဲ ဖြစ်ဖြစ် အမေ့ဖက်ကပဲဖြစ်ဖြစ် တူ,တူမတွေ တစ်ယောက်မဟုတ်တစ်ယောက် အမြဲအတူလာနေပေးကြသည်... ထို ဝမ်းကွဲ မောင်နှမများကိုလည်း အာကာတို့မောင်နှမတွေအကုန်လုံးက အသက်အရွယ်အလိုက် ရိုသေကြသည်... ဒေါ်ခင်ခင်မျိုးဆွေ၏ ဆုံးမထိန်းကြောင်းမှုအောက်မှာ အိမ်အလုပ်တွေကို တူတူဝိုင်းကူလုပ်ကြရသည်... အခုလည်း အမေ့တူမ မကြီးအိဖြူနှင့် မော်မော် တို့ ညီအစ်မနှစ်ယောက်က တူတူလာနေပေးကြသည်...
အာကာကြည်ညွှန်း ကဒီအိမ်မှာတစ်ဦးတည်းသောသားလေး အငယ်ဆုံးလေးမို့ တုန်နေအောင်အချစ်ခံရသော်လည်း အလိုလိုက်ခံရသည်ဟုတော့ မထင်လိုက်ပါနှင့်... ငယ်ငယ်ကတည်းက ဒေါ်ခင်ခင်မျိုးဆွေက စားချင်တာချက်ကျွေး လိုချင်တာဝယ်ပေးတတ်သော်လည်း အာကာကြည်ညွှန်းတို့ ဆိုးလျှင်တော့ ကျောကော့အောင် အရိုက်ခံရတတ်ပါသေးသည်...
သို့သော်လည်း အာကာကြည်ညွှန်း၏ ရှေ့တွင် ဒေါ်မြိုင်ဟုခေါ်သော မဟာတံတိုင်းကြီးနှင့် ဦးကြည်ညွှန်းဟုခေါ်သော Special pass တစ်ခုရှိသည်...
အန္တရာယ်အငွေ့အသက်တွေရလာရင် မဟာတံတိုင်းကြီးနောက်သို့ဝင်ပုန်းပြီး အရေးကြုံလာရင်တော့ Special pass ကိုထုတ်သုံးရတတ်သည်...
အမေက သားသမီး၅ ယောက်လုံးကို ညီတူညီမျှရှိစေရန် စည်းကမ်းတင်းကျပ်တတ်သော်လည်း အဖေကြီးက နောက်ကွယ်ကနေခိုး၍ အလိုလိုက်တတ်သည်...
"သူ့မေ ဘာတွေဝယ်ခဲ့လဲ"
အဖေကြီးက ထမင်းစားခန်းထဲသို့ဝင်လာပြီး စားပွဲ၌ဝင်ထိုင်ကာ အမေ့အားမေးသည်... အမေကရေချိုးပြီးကာစ သနပ်ခါးဖွေးဖွေးနှင့် ထိုင်နေပြီး အဖေကြီးအတွက် မုန့်ထည့်ပေးသည်...
"မနက်စာကတော့ မုန့်ဟင်းခါးပဲ သူ့ဖေ ရေ... နေ့လည်စာကတော့ အစုံချက်မယ် ဒီနေ့လူလဲစုံနေတာနဲ့"
"အေး...ထည့်ကွာ...မောင်မောင် ရော ခေါ်လေ စားဖို့"
"လေးမောင်က ခုပဲစားပြီးသွားတယ် အဖေကြီး"
"အိမ်ရှင်တို့ရေ"
"ဟဲ့....ဆွေဆွေ့အသံမဟုတ်လား...ကေသာရေ တံခါးသွားဖွင့် ပေးလိုက်ဦး"
"အား....မကြီးဆွေဆွေလာပြီ!!! မကြီး ရေမစိုလာဘူးပဲ"
"အေး ကိုစိုးမင်း လိုက်မပို့အားလို့ ကားငှါးလာတာလေ"
အိမ်ရှေ့မှ အဖေကြီး၏ တူမ မကြီးဆွေဆွေ့အသံကြောင့် အားလုံးကပျော်သွားကြသည်... မကြီးဆွေဆွေက အာကာတို့ငယ်ငယ်လေးကတည်းက အိမ်မှာတူတူနေလာခဲ့တာဖြစ်ပြီး ကျောင်းပြီးဘွဲ့ရတော့မှအိမ်ထောင်ကျသွားကာ သာကေတ အဝိုင်းနားရှိ သူ့အမျိုးသားအိမ်သို့ ပါသွားခြင်းဖြစ်သည်... ပိတ်ရက်တွေ ရံဖန်ရံခါပြန်လာလည်တတ်သည်... အာကာတို့အိမ်မှာက အဖေကြီးဖက်ကအမျိုးရော အမေ့ဘက်ကအမျိုးတွေရောက လုံးထွေးနေတတ်ကြသည်...
"မောင်လေး...so sweet!!! မတွေ့တာကြာလေ အရပ်ကြီးကရှည်လာလေပဲ...အမယ် ကြွက်သားတွေတောင် ထွက်လို့ပါရော"
မကြီးဆွေဆွေက အိမ်ထဲရောက်ရောက်ချင်း အာကာ့ကို မြင်တော့ လက်မောင်းကို ရိုက်ကာ အော်ဟစ်နှုတ်ဆက်သည်...အာကာက ငယ်ငယ်ကတည်းကမကြီးဆွေဆွေ၏ အချစ်တော်...
"ဟား... သာကေတီးယန်းကြီး လာလည်တာလား အကြာကြီးနေရမယ်နော်"
အာကာက မကြီးဆွေဆွေအား စနောက်တော့ အမေက နားမလည်စွာဖြင့် ဝင်မေးသည်...
"ဘာတီးယန်းကြီး?"
"သာကေတီးယန်းလေ အမေရဲ့ သာကေတသူ ဖြစ်သွားပြီဆိုတော့...ဟားဟား"
"ကြံကြံဖန်ဖန်ဟယ်"
"ဟုတ်တယ်လေ အမေရဲ့ စင်ကာပူသူဆို စင်ကာပေါ်ရီးယန်းလေ... ကနေဒါသူဆို ကနေဒီးယန်း..မကြီးဆွေဆွေက သာကေတသူဆိုတော့ သာကေတီးယန်းပေါ့"
"ဟယ် ... ငါက သာကေတီးယန်း ဆိုတော့... မင်းက မြောက်ဒဂီးယန်း ပေါ့"
"အဟားဟား...ဘာကြီးလဲဗျ ဘယ့်နှယ် မြောက်ဒဂီးယန်းလဲ"
"မြောက်ဒဂုံသားလေ"
မကြီးဆွေဆွေ၏ အပြောကြောင့် အားလုံးကဝိုင်းအော်ရယ်ကြသည်...
"ဟင်...ဒါဆို သားသူငယ်ချင်း ရာဇာက လားရှိုးသား ဆိုတော့ လေရှီးယန်း လား"
"ဟဲ့!!!"
"ဟယ် so sweet နော် ပေါက်ကရတွေပြောပြီ"
"အဟားဟားဟား"
အာကာ့ အပြောကြောင့် အဖေကြီးပင် ရေနွေးသီးလုမတတ်ဖြစ်သွားရတော့၏...
"so sweet ကတော့ကွာ"
ထိုအချိန်၌ အာကာရဲ့ နံပါတ် ၃ အစ်မ မမကေသာက ထမင်းစားခန်းထဲသို့ စူပုတ်စွာဖြင့် ဝင်လာပြီး အာကာ့ကို မျက်စောင်းထိုးသည်...
"ဟာ...ဘာလုပ်လို့လဲ...အသားလွတ်ကြီး"
"ဘာမှမလုပ်လို့ဟေ့!... အဖေကြီး... so sweet ကလေ အိမ်ရှေ့မှာ ရေသန့်ဗူးတွေလာချသွားတာမြင်ရဲ့သားနဲ့ အိမ်ထဲကို မသွင်းခဲ့ဘူး သမီးပဲခုန သွင်းခဲ့ရတယ် သိလား... အလေးကြီးတွေ မ,ရတာ ခါးတောင်နာတယ် တကယ်ပဲ"
"မသိဘူးလေဗျာ ပြောမှမပြောတာ"
မမကေသာက အာကာ့ကို ဘုကြည့်ကြည့်ပြီး...
"အေး...ခိုင်းမှလုပ်တာ နွား...သိလား"
"ဘာ! ဒေါ်ကေသာကြည်ညွှန်း!"
အာကာက မမကေသာရဲ့ လက်နှစ်ဖက်ကိုနောက်ကျောဘက်သို့ဆွဲယူကာ တရားခံချုပ်သလို လက်ပြန်ဖမ်းချုပ်ပစ်လိုက်သည်...
"အ! နာတယ်နော် so sweet"
"နွား...ဟုတ်လား... ဘယ်နွားက လမ်းထိပ်ကို အချိုမှုန့် သွားဝယ်ပေးတတ်လဲ...ပြော... ဘယ်နွားက စက်ဘီးတစ်စီးနဲ့ ကိုရီးယားသီချင်းခွေသွားဝယ်ပေးတတ်လဲ...ပြော...ဟိုနေ့က အဝတ်လျှော်စက်ပျက်လို့ ကိုယ့်မောင်လေး အင်္ကျီလျှော်ပေးပါဆိုတော့ မလျှော်ပေးဘူး...ကိုယ့်ဟာကိုယ် လျှော်လိုက်ရတယ်... ဟမ်...နွားက အဝတ်လျှော်တတ်လို့လား...ပြောလေ..."
"အား!!! so sweet နော်...နာတယ်လို့... let me go... အဖေကြီးရေ!!!"
အာကာက အတင်းချုပ်ထားပြီး ကေသာက အော်ဟစ်နေတုန်း မမနန္ဒာက ထမင်းစားခန်းအဝမှာပေါ်လာပြီး...
"ကျစ်! ဟိုနှစ်ကောင် အရမ်းဆူတယ်...ငါစာကျက်လို့မရဘူး"
"so sweet... ကေသာ...တော်ပြီ"
တဆက်ထဲမှာပဲ အဖေကြီးအသံကပါ နောက်မှပေါ်လာသဖြင့် နှစ်ယောက်သား ဆူညံနေရာမှ တိခနဲ တိတ်ကျသွားရသည်...
ပညာရေးကို ဦးစားပေးသော ကြည်ညွှန်း Family မှာ ဘယ်ချိန်ဖြစ်ဖြစ် စာလုပ်နေသည့်သူက "အကောင်"
...........................................................................
အာကာ တစ်ယောက်မနက်စာစားပြီးတော့ လမ်းထိပ်ကုန်စုံဆိုင်သို့ ချင်း(ဂျင်း) ဝယ်ပေးရန်ထွက်လာရသည်... "ကြည်ညွှန်း" Family မှာ အာကာကြည်ညွှန်းက အပြင်ထွက် တောက်တိုမယ်ရ အဝယ်တော်... အစ်မတွေအကုန်းလုံးက အပျိုအရွယ်မိန်းကလေးတွေမို့ အပြင်သိပ်မထွက်ချင်ကြသလို အမေကလဲ သိပ်မထွက်စေချင်... မမဟေမာဆို ပိုဆိုးသည်...အိမ်တွင်းအောင်းရုံသာမက အခန်းတွင်းပါအောင်းတတ်လွန်းသဖြင့် တဝဂူမင်းသမီး ဟု အာကာကအမြဲစနောက်တတ်သည်...
ဒီတော့ တစ်ဦးတည်းသော သားယောက်ကျားလေးဖြစ်သော အာကာ ကပင် အချိုမှုန့်မှစ၍ မီတာဆောင်တာအဆုံး အပြင်ထွက်ပေးရတော့သည်... တစ်ခါတလေ အစ်မတွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း အထိပါ အရေးပေါ်ပြေးဝယ်ပေးရတတ်သေးသည်...
အာကာတို့ ဘောဂသစ္စာရပ်ကွက်က လူကုံထံသူဌေးတွေနေသော ခြံကျယ် ဝန်းကျယ်နှင့် သူဌေးရပ်ကွက်ဖြစ်သဖြင့် ကုန်စုံဆိုင်သိပ်မရှိ... ထို့ကြောင့် လမ်းထိပ်အထိထွက်ပြီး ကားလမ်းကူးလိုက်သည်နှင့် တစ်ဖက်ခြမ်းတွင် ပုံမှန်လူလတ်တန်းစားတွေနေသည့်စည်ကားသောရပ်ကွက် သို့သွားရသည်... ဈေးနှင့်လဲကပ်နေသည့် လမ်းမတန်းဖြစ်တာကြောင့် အမြဲရှုပ်ယှက်ခတ်နေတတ်သည်... အာကာတို့သူငယ်ချင်းတွေဆုံလျှင်လည်း ဒီရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်တွင်သာ ထိုင်လေ့ရှိကြသည်... မျက်နှာချိုကာ သဘောကောင်းသော အာကာ့ကို ဒီရပ်ကွက်ထိပ်ကဆိုင်တွေမှာ ကလေးလူကြီးမသိသူသိပ်မရှိကြချေ... ကုန်စုံဆိုင်က အပျိုကြီး မမမိုးဆို သားကာ သားကာ နှင့်ခေါ်ကာ တကာထဲကာနေတတ်သည်...
နီးနီးနားနားမို့ အာကာက ကားမမောင်းတော့ဘဲ အိမ်ကပြိုင်ဘီးလေးပဲထုတ်နင်းလာခဲ့သည်... လမ်းထိပ်ကကလေးတွေကို ရေမပက်အောင် ရုပ်တည်ကြီးဟောက်ပြီး အရှောင်အတိမ်းဂျက်စီဂျိမ်းလုပ်ကာ ကုန်စုံဆိုင်ဘက်ကို အတင်းနင်းပြေးရသည်...
"ဟိတ်ကောင်တွေ ဟိတ်ကောင်တွေ...အပြန်မှပက် နော်!!"
"အပြန်ကျ တကယ်ပက်မှာနော် ကွာကာ"
ကလေးတွေက အာကာနှင့် ဘောလုံးကန်ဖက်တွေဖြစ်ကြပြီး ကိုအာကာ ဟု အမြန်ခေါ်ရင်း ကွာကာ ကွာကာ ဖြစ်ကုန်ကြတော့သည်... ဒီရပ်ကွက်ထဲမှာ အာကာကြည်ညွှန်းလောက် Nick name ပေါများတာမရှိ... တစ်ခါတလေ ကိုယ့်ဟာကိုယ်တောင် ရှုပ်ထွေးနေတတ်သည်...
လက်ဖက်ရည်ဆိုင်ရှေ့မှ အဖြတ်တွင် ချက်စ်ထိုးနေကြသောဝိုင်းမှ လှမ်းအော်ခေါ်သံကြားရသည်...
"ကာကြီးရေ့ မလာတော့ဘူးလားကွ"
"ညနေမှလာမယ် ကိုသာဂိ"
"မင်း ဦးလေး လွှတ်လိုက်ဦး ဒီမှာ ကိုသာဂိတို့ ဝိုင်းကောင်းနေပြီလို့"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
အာကာ့မှာ အပေါင်းအသင်းအရမ်းများသည်... အသက် ၆ နှစ်အရွယ်ကလေးမှစ၍ အသက်၆၀ ဝန်းကျင် အဘိုးအထိ အာကာက တန်းတူပေါင်းသည်...
တစ်ခါက ဟိုဘက်လမ်းထဲမှ တူးတူး ဆိုသည့် ၆နှစ်သားလေးက အာကာအိမ်မှာမရှိတုန်း အာကာတို့ခြံမှ ဘဲလ်ကို လာတီးပြီး သူ့ကိုယ်သူ သားက ကိုကြီးအာကာသူငယ်ချင်းပါဟု ပြောကာ ကာတွန်းခွေလာငှားသဖြင့် အမေတို့က အိမ်ထဲဖိတ်ကာ ဧည့်ခံပေးလိုက်ရသေးသည်... အမေကတော့ "so sweet ကို လက်လန်နေပြီ" ဟု အမြဲပြောတတ်သည်...
ကုန်စုံဆိုင်ရောက်တော့ အပျိုကြီးမမမိုးက ပစ္စည်းတွေကြားထဲအလုပ်ရှုပ်နေသည်... အာကာ က ဆိုင်မှကောင်မလေးတွေကို အသာမျက်ရိပ်ပြပြီး စင်ပေါ်မှရေသန့်ဗူး တစ်ဗူးကိုဆွဲယူကာ ရေနှင့်လောင်းလိုက်သည်...
"အိုး....မေဘရဏီလို...ငွေပန်းချီတောင် လက်မိုင်ချရသကိုး မမမိုး...ဟိုးဟိုးဟိုး"
"ဟဲ့!!! ပလုတ်တုတ်!!! ဟယ် သားကာရယ်... မလုပ်စမ်းနဲ့ဟယ် ငါ အဝတ်လဲစရာမကျန်တော့ဘူးဟဲ့"
"မရဘူး သင်္ကြန်ကျလို့ ရေလောင်းတာပဲ လဲစရာမရှိ ချွတ်နေ... မမမိုးဆိုင် လူစည်တာပေါ့"
"သားကာ ကတော့လေ... ဟဲ့ မေရီတို့ နင်တို့ကိုကြီးကို ရေလောင်းကြ"
"No...No... မလုပ်ကြနဲ့နော်...ကိုကြီး ဦးပုသ်စောင့်ထားတယ် ဒီနေ့"
"အမလေးဟဲ့ ယုံအောင်ပြော ယုံအောင်ပြော"
ဆိုင်မှကောင်မလေးတွေက အာကာ့ကိုကြည့်ပြီး တဟိဟိ တခွိခွိနှင့်ဖြစ်နေကြသည်... ဒီကောင်မလေးတွေက အာကာရောက်လာလိုက်တိုင်း ဒီလိုပဲအမြဲတစ်ယောက်ကို တစ်ယောက်တွန်းထိုးပြီး တခိခိ ဖြစ်နေကျ...
အပျိုကြီးဆိုင်မှာ ဈေးဝယ်ပြီး လမ်းပြန်ကူးလာတုန်း အာကာတို့ လမ်းထိပ်ဘက်မှာ ရုတ်တရက် အာတာပူစီ ရောင်းနေသည်ကိုတွေ့လိုက်ရသဖြင့် အာကာ့မျက်လုံးတို့ ဝင်းလက်သွားရသည်... တိမ်တွေကို အရမ်းသဘောကျသည့် အာကာက အာတာပူစီကို တိမ်ရောင်စုံတွေနှင့်တူသည်ဟု သတ်မှတ်ကာ တွေ့တိုင်းဝယ်စားတတ်သည်...
တိမ်တွေကို ဖမ်းဆုပ်ကိုင်ခွင့်ရရင် အာတာပူစီလို အထိတွေ့မျိုးများ ဖြစ်နေမလားဟု ကလေးဘဝတုန်းက စိတ်ကူးယဉ်ခဲ့ဖူးသည်... မဟုတ်မှန်းသိလာခဲ့ပေမဲ့ ထိုအကျင့်က ကြီးတဲ့အထိဖျောက်၍မရဘဲ ပါလာခဲ့ပြီး အာတာပူစီစားတိုင်း တိမ်စိုင်တိမ်လိပ်တွေကို စားနေရသည်ဟု အထင်ရောက်လေ့ရှိသည်...
"ဦးလေး ပွဲဈေးလဲ မရှိဘဲ အာတာပူစီက ဘယ်လိုဖြစ်ပြီးရောင်းနေတာလဲ"
အာကာ့ အမေးကို အာတာပူစီသည်ဦးလေးကြီးက ပြုံး၍ပြန်ဖြေသည်...
"သင်္ကြန်တွင်း နားချင်လို့ကွာ... သကြားတွေကျန်နေသေးတာနဲ့ ဒီနေ့အပြတ်ဖြတ်မယ်ဆိုပြီး ပတ်ရောင်းနေတာ ငါ့တူရ"
"လုပ်ပါဦးဗျ နှစ်ခုလောက်... ကြီးကြီးလေး လုပ်ပေးနော် တိမ်တွေနဲ့တူအောင်"
"ဘာရောင်ယူမလဲကွ"
"အဖြူနဲ့ အပြာ နှစ်မျိုးရောပေး...ကောင်းကင်ကြီးလိုမျိုး"
ဦးလေးကြီး အာတာပူစီ လုပ်နေတုန်း အာကာက ဖုန်းထုတ်ပြီး Boomerang video လေးတွေ ရိုက်ထားလိုက်သည်... ပြီးရင် ig story မှာ "တိမ်တွေစားသောနေ့" ဟု တင်ရမည်...
ပိုက်ဆံရှင်းပေးပြီးတော့ အာကာ့ လက်ထဲမှာ မိုးတိမ်တောင်နှင့်တူသော အာတာပူစီ အကြီးကြီးနှစ်ခုနှင့်...
ဦးလေးကြီးကလည်း မြန်မြန်ကုန်ချင်တာနှင့် အကြီးကြီးလုပ်ပေးလိုက်သည်... အာကာ စက်ဘီးကို ထိန်းနင်းရင်း ရေပက်နေသော ကလေးအုပ်စုနားရောက်တော့ အာတာပူစီကိုင်ထားသော လက်ကို အပေါ်သို့ မြှောက်လိုက်ပြီး...
"ဟိတ်ကောင်တွေ မပက်နဲ့နော်... အာတာပူစီတွေ စိုကုန်မှာစိုးလို့"
"အာ...ကွာကာ ပဲ ပြန်လာရင်ပက်ဆို... မရဘူးဗျာ... ပက်မယ် ပက်မယ်"
အကြိုနေမို့ လူသိပ်မစည်သည့်အပြင် အာကာတို့ ရပ်ကွက်ဖက်ကို လူလဲသိပ်မလာတာကြောင့် ကလေးတွေမှာ ရေပက်စရာလူကို လည်ပင်းရှည်အောင် မျှော်နေကြပုံရသည်...
"အာ...ဒီကောင်တွေ"
"တီ!!!!! တီ!!!!!"
"အမေ့!!"
ကလေးတွေကို ရှောင်ရင်း ကားလမ်းမအလယ်မှာ အာတာပူစီနှစ်ခုနှင့် ကို့ယို့ကားယားဖြစ်နေခိုက် နောက်ဖက်မှ ကားဟွန်းသံအကျယ်ကြီး ကြားလိုက်ရသဖြင့် ရုတ်တရက် လန့်သွားရသည်... အာကာက စက်ဘီးကိုလမ်းဘေးချကာ ရပ်ပေးလိုက်ပြီး နောက်ကိုလှည့်ကြည့်တော့ BMW အဖြူရောင်လေးတစ်စီးက ဘေးမှဖြတ်မောင်းသွားသည်...
မောင်းသူနေရာမှ ဖြူလွှလွှ ပုံရိပ်လေးက မျက်ခုံးတန်းနှစ်ခုကို အစွမ်းကုန်စုကျုံ့ထားလျှက် အာကာ့ကို တစ်ချက်ကလေးမျှပင် လှည့်ကြည့်မသွားခဲ့ပေ... ဘေးတိုက်မြင်လိုက်ရသည့် အနေအထားမို့ ကားစတီယာရင် ပေါ်မှာတင်ထားသည့် ဖြူဖြူသွယ်သွယ် လက်ချောင်းများနှင့် နှာတံချွန်ချွန်လေးကိုပိုပြီး သတိထားလိုက်မိသည်...
ဒီကားကို အာကာသိသည်... အာကာတို့နောက်လမ်းထဲရှိ အိမ်တစ်အိမ်အိမ်မှဖြစ်နိုင်သည်... နောက်လမ်းကိုသွားချင်လျှင် အာကာတို့အိမ်ရှေ့ကိုဖြတ်ပြီးမှ သွားရသဖြင့် ဒီကားအဖြူလေးနဲ့ ကားမောင်းတဲ့သူကို လေးငါးခါမက တွေ့ဖူးနေသည်မှာ သိပ်မကြာသေး... ကြည့်ရတာ လူသစ်တွေပြောင်းလာကြသည်ထင်၏...
တွေ့လိုက်ရသည့် အခါတိုင်းမှာလဲ မျက်နှာတည်တည်နဲ့ ဖြူလွှလွှပုံရိပ်လေးအဖြစ်သာ ရိပ်ခနဲ မြင်လိုက်ရသည်မို့ လူထက် ကားကိုသာ ပိုမှတ်မိနေရခြင်းဖြစ်သည်...
ဒီတစ်ခါသာ ဘေးတိုက်အနေထားဖြင့် သေချာလေးမြင်ရလိုက်ခြင်းဖြစ်သည်...
"ကားဟွန်းကို အဲ့လောက်တီးစရာ လိုလားကွာ"
အာကာမကျေမနပ် ရေရွတ်လိုက်မိပေမဲ့ မျက်လုံးထဲမှာ မျက်ခုံးတန်းများ စုကျုံ့ထားသည့် အဖြူရောင်ပုံရိပ်လေးက ဖျတ်ခနဲပေါ်လာပြန်သည်... ပြုံးပြီး ခေါင်ရမ်းလိုက်မိရင်း...
"အဟက်... တိမ်တွေလိုပဲ"
so sweet : အာတာပူစီက တကယ်တိမ်တွေလိုပဲဗျ
ကျွန်တော် သဘောကျတယ်...
photos credit from pinterest
.............................................................
<3 DiDi Zaw
(10/11/2022)
ဖြည်းဖြည်းချင်းသွားကြမယ်နော်... ၂ ရက်ခြား ၁ ခါ ဒါမှမဟုတ် ၁ရက်ခြား ၁ ခါ so sweet တို့နဲ့တွေ့ကြမယ်...