နေဝန်းညီက လူငယ်အချင်းချင်း ညှိကာ ဖျက်သိမ်းရန် အကြံပေးသောအခါ မြတ်ဝန်းညီက စေ့စပ်ရမည့် မိန်းကလေး နှင့် နှစ်ယောက်တည်း တွေ့ကြည့်ချင်ပါသည် ဟုဆိုလာသည်။
"ဒီက ညီမ"
"ခိုင် လို့ပဲ ခေါ်ပါ"
"ဟုတ်ကဲ့"
မြတ်ဝန်းညီသည် စကားပြောရမည်ကိုပင် စိတ်တို့က အဆင်မပြေ။
"ခိုင့်မှာ ချစ်သူမရှိဘူးလား"
အအေးသောက်နေသော မိန်းကလေးက ခေါင်းခါရင်း ရယ်သည်။
"မရှိပါဘူး၊ ဒါကြောင့်လည်း ခိုင့်ကို လူကြီးတွေက စီစဉ်လိုက်တာ"
မြတ်ဝန်းညီသည် ရည်းစားရှိပါစေ ဟု မျှော်လင့်ခဲ့သော်လည်း မရှိသော အခါ စိတ်ပျက်သွားရသည်။
"ဒါနဲ့ အစ်ကို့မှာရော"
"ရှိတယ်"
"ဟင် ဒါနဲ့များ"
အံ့ဩစွာ ပြောလာသော အခါ မြတ်ဝန်းညီက ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော့် မှာ ချစ်သူ ရှိပါတယ်"
"အန်တီပြောတော့ မရှိဘူးဆို"
မြတ်ဝန်းညီသည် ခေါင်းသာ ခါပြလိုက်သည်။
"ရှိတယ်၊ ကျွန်တော် တကယ် အားနာပါတယ်"
"ဒါဆို ဘာလို့ ခိုင့်ကို တွေ့မယ်လို့ပြောတာလဲ "
"စကားပြောချင်လို့ပါ၊ ခိုင် နဲ့ ကျွန်တော် အေးအေးဆေးဆေး ညှိချင်လို့"
မြတ်ဝန်းညီ၏ အရှေ့ဘက်မှ မိန်းကလေးသည် အအေးခွက်ကို ဘေးချလိုက်ပြီး အာရုံစိုက်ကာ ကြည့်လာသည် ။
"စေ့စပ်ပွဲကိစ္စကိုလား"
"ဟုတ်တယ် တောင်းပန်ပါတယ်"
မြတ်ဝန်းညီသည် အကြောင်းစုံကို ပြောပြလိုက်သော အခါ ထိုမိန်းကလေးက ခေါင်းတညိတ်ညိတ် ဖြင့် နားထောင်သည်။ လက်ခံသည်ဟုလည်း မဆို၊ လက်မခံ ဟုလည်း မဆို။
"ဒါဆို အကိုက စေ့စပ်ပွဲကို ဖျက်ချင်တာပေါ့ "
"အင်း"
"ခိုင် နည်းလမ်းရှာကြည့်ပါ့မယ် "
"ခိုင် စိတ်ဆိုးနေမှာပဲ"