"မဖြစ်နိုင်ဘူး မေမေ"
"မင်း အတွက် လုပ်နေတာ၊ သူ့ကို မပြတ်သားနိုင်ရင် ငါတို့ တစ်မျိုးလုံး သိက္ခာကျရတော့မှာ "
"ဒီလိုလုပ်မှ သိက္ခာရှိမယ်ဆိုရင် သား သိက္ခာ မရှိချင်တော့ဘူး "
"သားငယ်... "
"............"
"မင်းက ဆရာတစ်ယောက်၊ ဆရာတစ်ယောက်ရဲ့ သိက္ခာကို ထည့်မတွက်တော့ဘူးလား၊ အချစ်ကို ကိုးကိုယ်ပြီး စုံလုံးကန်းနေရအောင် မင်းမှာ စဉ်းစားဉာဏ်မရှိတော့ဘူးလား"
"ဆရာတစ်ယောက်ဖြစ်တာနဲ့ပဲ အရာရာကို ဂုဏ်သိက္ခာနဲ့ လဲရတော့မှာလား၊ သား ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူး"
မြတ်ဝန်းညီသည် အိမ်ပြင်သို့ ထွက်လာခဲ့တော့သည်။ သွားစရာလမ်းဟူ၍ ရေရေရာရာ မရှိသော အခါ ဆိုင်ဘက်တို့သာ ထွက်လာခဲ့သည်။
မြတ်ဝန်းညီသည် ရင်တွင်းမှ တဆစ်ဆစ်နာရပါသည်။ လင်း နှင့် ဝေးရမည် ဟူသော အသိဖြင့်ပင် ပင်ပန်းကာ နာကျင်ရသည်။
မဖြစ်နိုင်ပေ။ လင်း နှင့် ဝေးရန် မဖြစ်နိုင်ပေ။
ပတ်ဝန်းကျင်ဆိုသည်ကို ရင်ဆိုင်မည်။ မည်သူ့ကိုပင် ဖြစ်ပါစေ၊ မည်သည့် အသိုင်းအဝိုင်း၊ မည်သည့် ဆွေးမျိုးပင် ဖြစ်ပါစေ ရင်ဆိုင်ကာ ကြိုးစားမည်။
မြတ်ဝန်းညီသည် ဟက်ခနဲ ရယ်ချမိသည်။
"မေမေ့ ရှေ့မှာတောင် လင်း ကို မကာကွယ်နိုင်ခဲ့တဲ့သူက ဆွေမျိုး အသိုင်းအဝိုင်း ရှေ့မှာ ကာကွယ်မယ်တဲ့လား"
မြတ်ဝန်းညီ မင်းက ဘာအသုံးကျလို့လဲ။ ကိုယ့် ချစ်သူကို နစ်နစ်နာနာ လုပ်ခဲ့တာကိုတောင် ဘာမှ ဝင်မလုပ်နိုင်ခဲ့တဲ့ မင်းက ဘာအသုံးကျလို့လဲ။
မြတ်ဝန်းညီသည် မျက်ရည်များကြောင့် အမြင်တို့ပင် ဝေဝါးလာသည်။
တောင်းပန်ပါတယ် လင်း .. ။ အဲဒီ အချိန်တုန်းက ကိုယ် မေမေ့ကို မလွန်ဆန်နိုင်ခဲ့လို့ တောင်းပန်ပါတယ် ။
လင်းသည် မြတ်ဝန်းညီအား အကြိမ်ကြိမ် မှာခဲ့သော စကားတစ်ခွန်းရှိသည်။ ထိုစကားသည် လင်းအား မကာကွယ်ရန် သာ ဖြစ်သည်။