"အဲဒီ အခြောက်ရဲ့ အိမ်ကို ငါ့ကို ခေါ်လာတာလား၊ မဝင်ဘူး အခြားနေရာမှာ သွားပြောမယ်"
"မေမေ စိတ်လျှော့ပါ"
"သားကြီး မင်းကပါ ဘယ်လိုဖြစ်နေတာလဲ"
"ခဏလေးပါ၊ သား အကုန်လုံးကို ရှင်းပြမှာမလို့ အထဲကို အရင်ဝင်ရအောင်ပါ"
"မေမေ ဆယ်နာရီ ထိုးတော့မယ်၊ ဒီမြို့မှာ ဘယ်မှ သွားစရာနေရာ မရှိတော့ဘူး၊ အထဲဝင်ရအောင်နော်"
တစ်ချိန်လုံး ခက်ထန်နေသော အမျိုးသမီးသည်အိမ်ထဲသို့ ရောက်ရောက်ချင်းပင် သည်းသည်းထန်ထန် ငိုတော့သည်။
"သားငယ် အခု ကိစ္စကို ရှင်း၊ မေမေ မင်းပြောတာကို ယုံမယ် "
"မေမေ "
"သားငယ် မဟုတ်ဘူးလို့ပြောစမ်း"
"သားနဲ့ လင်းက တွဲနေကြပြီ"
"ဘာပြောလိုက်တယ်"
မြတ်ဝန်းညီသည် ထိုစကားကို ခေါင်းငုံ့ရင်းသာ အဖြေပြန်ပေးသည်။
"သား သူ့ကို ချစ်တယ်"
သည်းထန်စွာ ငိုကြွေးနေသော အမျိုးသမီးသည် ငြိမ်ကျသွားသည်။ နေဝန်းကြီးက အော်လိုက်သော အခါ မြတ်ဝန်းညီသည် မတုန်မလှုပ်ပင် ရပ်နေမိသည်။
"ညီညီ မင်း ဘယ်လိုလုပ်လိုက်တာလဲ "
"ကိုကြီး ကျွန်တော် လင်းကို ချစ်တယ်"
"မင်း ရူးနေလား ညီညီ "
နေဝန်းညီသည် မြတ်ဝန်းညီအနားသို့ ချက်ချင်းပင် ရောက်လာကာ အင်္ကျီစကို ဒေါသတကြီးပင် ဆွဲကိုင်သည်။
"ကျွန်တော် မှားလို့လား ကိုကြီး၊ လင်း ကို ချစ်မိတာ ကျွန်တော်မှားလို့လား"
မျက်ရည်များ ဝဲနေသော ညီဖြစ်သူကို တွေ့ရသော အခါ အင်္ကျီစကို ကိုင်ထားထားသော လက်တို့က လျော့ကျသွားရသည်။
"ချစ်မိတာမမှားဘူး၊ ချစ်သင့်တဲ့ သူနဲ့ မချစ်သင့်တဲ့ သူဆိုပြီးရှိတယ်၊ လင်း ဆိုတဲ့ သူ့ကို မင်း ချစ်လို့မရဘူး "
လင်းကို ချစ်၍မရ ဟုဆိုသည်။ လင်း ကို ချစ်၍မရ သည့် အကြောင်းရင်းကို လိုက်ရှာကြည့်မိသည်။ လင်းသည် ယောက်ျားတစ်ယောက်ဖြစ်နေ၍လား။ လင်းသည် မိန်းမလျာတစ်ယောက် ဖြစ်နေ၍ပင်လား။