ပထမ နေရာတွင် လင်းမရှိခဲ့သော်လည်း ဒုတိယနေရာကိုတော့ လင်းရခဲ့ပါသည်။ လင်းသည် ဒုတိယဆုကို မမျှော်လင့်ခဲ့သော်ငြား ရလာသော အခါတွင်လည်း မှတ်တိုင်တစ်ခု အဖြစ် လက်ခံလိုက်သည်။
ဖုန်းသည် အဆက်မပြတ်ဝင်လာနေသည်။ မြတ်ဝန်းညီ ထံမှ ဟု သိရသော အခါ လင်းက အဝတ်အစားထည့်နေသည်ကို ရပ်လိုက်ပြီး ဖုန်းကို ကိုင်လိုက်သည်။
"လင်း ပြိုင်ပွဲအခြေအနေသိရပြီလား"
"အင်း ဒုတိယတဲ့"
မြတ်ဝန်းညီထံမှ အသံသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။
"လင်း"
"ဟင်"
" အရမ်းတော့ စိတ်မကောင်းမဖြစ်ပါနဲ့"
"မဖြစ်ပါဘူး"
လင်းက စက္ကန့်ပင်မခြား ပြန်ဖြေလာသော အခါ မြတ်ဝန်းညီသည် ဗျာ ဟုပင် ရေရွတ်မိလေသည်။
"လင်း ခဏနေရင် ထွက်လာတော့မှာ၊ ပြန်ရောက်မှ ဆုံကြတာပေါ့"
လင်းသည် ခပ်လောလောပြောရင်း ဖုန်းချလိုက်ရသည်။ ကားထွက်ချိန်အမီ ပြင်ဆင်နေရခြင်းဖြစ်၍ စကားဖောင်ဖွဲ့ ပြောရန် လင်းတွင် အချိန်မရပေ။ သို့သော် ဖုန်းချ ပြီးသော အခါတွင် လင်းက ဖုန်းကို ကြည့်ရင်း ပြုံးလိုက်မိသည်။ ထို့နောက်မှ မိမိကိုယ် မိမိ ပြန်သတိထားမိသော အခါ လင်းသည် ကြောက်လန့်တကြားပင် ခေါင်းခါလိုက်မိလေသည်။
"မဖြစ်ဘူး၊ မဟုတ်သေးဘူးလေ"
******
မြတ်ဝန်းညီသည် လင်းအကြောင်းကို တွေးရင်း နားမလည်နိုင်ဖြစ်နေမိသည်။ လင်းသည် အတော်ကလေး ကြိုးစားကာ ထိုဆုကိုလည်း လိုချင်ခဲ့သည်။ ထို့ကြောင့် ပထမ မရခဲ့သော လင်းကို စိတ်မကောင်းဖြစ်နေမည် ဟု ထင်ခဲ့သော်လည်း လင်းက ပေါ့ပါးစွာပင် စကားပြောနေသော အခါ မြတ်ဝန်းညီသည် အထူးအဆန်းပင် ဖြစ်နေသည်။ လင်းသည် အမှန်တကယ်ပင် ဝမ်းမနည်းခြင်းလား၊ သို့မဟုတ် ဟန်ဆောင်နေခြင်းလား ဟု လည်း သိချင်လာသည်။
"ဆရာ "
မြတ်ဝန်းညီကို တွေ့သော အခါ ကျော့ကျော့ဝေက နှုတ်ဆက်ရင်း တံခါးနားသို့ ရောက်လာသည်။