လင်း တို့သည် ငှားထားသောကား၏ နောက်တွင်သာ စုထိုင်ဖြစ်ကြသည်။
ငြိမ်းငြိမ်းနဲ့ ကျော့ကျော့ဝေက စကားတိုးတိုးပြောရင်း လိုက်လာကြသည်။ ငြိမ်းငြိမ်းက ရွာပြန်ရမည် ဖြစ်သောကြောင့် ပျော်ရွှင်နေကာ ကျော့ကျော့ဝေအား ရွာအကြောင်းများကို မရပ်မနားပြောပြနေသည်။ ကျော့ကျော့ဝေကမူ ငြိမ်းငြိမ်းပြောသမျှ အင်း ခတ်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေသည်။
မြတ်ဝန်းသည်သည် မျက်နှာချင်းဆိုင်နေရာမှ လင်းကို ကြည့်လိုက်မိသည်။ လင်းသည် မြတ်ဝန်းညီ ကို သတိမထားမိ၊ လမ်းဘေးကိုသာ ငေးကြည့်ရင်း လိုက်လာသည်။
လင်းသည် မိတ်ကပ်ပါးပါး လိမ်းထားကာ နှုတ်ခမ်းနီဖျော့ဖျော့ ဆိုးထားသည်။ ဆံပင်တို့ကို တစ်ဝက် စည်းကာ တစ်ဝက်ကို ချထားသည်။ ထိုဆံပင်ပေါ်တွင် နှင်းဆီ ဖြူဖြူ တစ်ပွင့်ကို ပန်ထားလေသည်။ လင်းသည် နံနက်ခင်း၏ နေရောင်အောက်တွင် နုနုနယ်နယ်ပင် လှနေသည်။ မည်မျှပင် ယောက်ျားလ ဖြစ်စေကာမူ မိန်းကလေးဟုပင် အမှတ်မှားရလောက်သည်အထိ သဘာဝဆန်ဆန် လှနိုင်သည်။
လင်းသည် တည်ငြိမ်သည်။ အနေအထိုင်၊ အပြော အဆို တွင်လည်း စောင့်ထိန်းတတ်သည်။ သိမ်မွေ့သင့်သည့်အချိန်တွင် သိမ်မွေ့ကာ ရဲတင်းတတ်သည့် အချိန်တွင်လည်း ရဲတင်းတတ်သော သူပင်ဖြစ်သည်။
မြတ်ဝန်းညီသည် တိတ်ဆိတ်နေသော လင်းကို စကားစ,ရန် ကြိုးစားလိုက်သည်။
"လင်း က ဒီနေရာတွေကို သိတာလား"
"မဟုတ်ပါဘူး၊ ဒါက ငြိမ်းငြိမ်းတို့ရွာလေ"
"ဪ.."
"လင်းက မြို့ထဲမှာတောင် နေရာတွေကို သိပ်သိတာမဟုတ်ဘူး"
"ကျွန်တော်လည်း အများကြီးတော့ မသိပါဘူး၊ အခုလိုဆိုရင် ပိုပြီးတော့တောင် မသိဘူး"
လင်းသည် ရုတ်တရက် ကားလမ်းဘေးသို့ကြည့်ကာ သဘောတကျပြုံးလိုက်သည်။
"ကားဆရာ"
"ဟုတ်ကဲ့"
"အပြန်မှာ လင်းတို့ကို ဒီနားလေးမှာ ခဏ ရပ်ပေးလို့ရမလား"