မြတ်ဝန်းညီက လင်းကို လှမ်းရှာနေဆဲမှာပင် လင်း က စင်ပေါ်သို့ ရောက်လာသည်ကို တွေ့လိုက်ရသည်။ လင်းသည် ကြံရည်စိမ်းရောင် မြန်မာဝတ်စုံကို ဝတ်ကာ ဆံပင်တို့ကို ထုံးဖွဲ့ထားသည်။ မိတ်ကပ်ပါးပါး လိမ်းထားကာ နှုတ်ခမ်းနီ ဖျော့ဖျော့လေးကိုသာ ဆိုးထားသော်လည်း လင်းသည် မီးရောင်အောက်တွင် ထင်ရှားစွာပင် လှပနေပါသည်။ လက်တွင်ယှက်ကာ ခြုံထားသော အစိမ်းဖျော့ရောင် ဇာပုဝါရှည်က ခြေမျက်စိ အထိ ရှည်လျားကာ လမ်းလျှောက်လိုက်တိုင်း တလွင့်လွင့် ဖြစ်၍နေသည်။
"ဒီကောင်မလေး လှသားပဲ"
"အဲဒါ အခြောက် ၊ ကောင်မလေးမဟုတ်ဘူး"
မြတ်ဝန်းညီသည် အနားမှ စကားသံတို့ကို နားစွင့်မိသွားသည်။ ချီးမွမ်းသံနှင့် ကဲ့ရဲ့သံတို့တွင် ကဲ့ရဲ့ကြသည့် စကားတို့က ပို၍များနေသည်။ အနားတွင်ရှိသော သူများက လင်း၏ ပုံစံကို နှိမ့်ချပြောဆိုသည်ကို ကို သတိထားမိသောအခါ မြတ်ဝန်းညီသည် အလိုမကျစွာဖြင့် ထိုသူများကြားသို့ တိုးဝင်လိုက်သည်။
"ကန်တော့နော်၊ လူတအားကျပ်နေလို့ပါ"
"တက်နင်းမိသွားတာလား၊ ကန်တော့ နော်.. မမြင်ရလို့ပါ"
လင်းသည် စင်ပေါ်မှ ဆင်းအလာတွင် မြတ်ဝန်းညီ ကို တွေ့လိုက်ရသည်။ မြတ်ဝန်းညီသည် လင်းအား လက်ပြနှုတ်ဆက်လိုက်ရင်း လင်းထံသို့ လျှောက်သွားလိုက်သည်။
"ညီညီ ရောက်လာတာလား၊ လင်းက မလာဖြစ်ဘူးထင်နေတာ"
အမှန်တွင် လင်ူသည် မြတ်ဝန်းညီအား မြင်ချင်ခဲ့ပါသည်။ လာစေချင်ပါသည် ဟု တစ်ခွန်း မဆိုခဲ့သော်လည်း အမှန်တကယ်ပင် လာစေချင်ခဲ့ပါသည်။
"လာရမှာပေါ့လင်းရဲ့"
လင်းသည် လူအုပ် နားသို့ရောက်သော အခါ မြတ်ဝန်းညီက လင်း၏ ရှေ့တွင် ရပ်လိုက်သည်။
"လင်း၊ ဟိုဘက်က သွားရအောင်"
"ဘာလို့လဲ ဒီဘက်က ပိုနီးတာပဲ "
"ဒီဘက်ကပဲ သွားရအောင်၊ အဲဒီဘက်က လူများတယ်"
လင်းသည် မြတ်ဝန်းညီအား တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် မြတ်ဝန်းညီ ဦးဆောင်သော လမ်းနောက်သို့ လိုက်ခဲ့တော့သည်။