အပိုင်း ၃

1.5K 132 6
                                    

အိမ်ကလေးထဲမှာတော့ ပုံပြင်ဖတ်ပြသံက ဝေစည်နေ၏။ သို့သော်လည်း ထိုပုံပြင်ဖတ်ပြသံက မိခင်တစ်ယောက်၏အသံမဟုတ်သလို ဖခင်တစ်ယောက်၏ အသံလည်းမဟုတ်ခဲ့ပါ။

အိပ်ပျော်နေသော အမျိုးသမီးငယ်၏ ဗိုက်ဖောင်းဖောင်းကလေးကို အသာပုတ်ကာ ပုံပြင်ဖတ်ပြနေသော အဖိုးအိုသည် ပုံပြင်ကလေးဆုံးတော့ မျက်ရည်ကျလေ၏။

" ငါသာ လောဘမကြီးခဲ့ရင် ငါ့သမီးက ဒီလို ဒုက္ခခံရမှာ မဟုတ်သလို ငါ့မြေးလေးကလည်း အဖမဲ့ ဖြစ်မှာမဟုတ်ဘူး "

အခန်းထဲက ခြေသံနှင့်အတူ တံခါးပိတ်သံအကြားမှာ အိပ်ယာပေါ်က အမျိုးသမီးငယ်လေးက မျက်လုံးပွင့်လာခဲ့လေသည်။ ထို့နောက် ဗိုက်ကလေးကို အသာအယာပွတ်ကာ ပြုံး၏။

သားကလေးကို မေမေက ပုံပြင်မဖတ်ပြနိုင်ပေမဲ့ သားကလေးက သိပ်ကိုကံကောင်းတာပဲ။ ကြည့်စမ်း သားဖိုးဖိုးက သားအတွက် ပုံပြင်လာဖတ်ပြသွားတယ်။ စိတ်ချနော် သားကလေး။ သားဖေဖေက မေမေတို့ကို ပစ်သွားတာ မဟုတ်ဘူး။ ဖေဖေက ပြန်လာဦးမှာပါ။

တီးတိုးရေရွတ်သံတွေက ပါးစပ်ကထွက်ပေါ်မလာနိုင်တော့ အသံတိတ်ဘာသာစကားဖြစ်သည့် မျက်ရည်ပုလဲတွေက ခိုးကာ ကျဆင်း၏။

အို.. ငိုလို့မဖြစ်သေးပါလေ။ မြပိုငိုရင် သားကလေးက မျက်လုံးတွေပြူးနေပါဦးမယ်လေ။

မောင်ရေ သားကလေးက သိပ်ထွားတယ်ရှင်။ ၆လဆိုပေမဲ့ သားကလေးကလေ မွေးခါနီးလို သိပ်ဖွံ့တယ်ရှင့်။ မောင်မြင်ရင် မောင်လည်းချစ်မှာပါလေ။

မောင်ပြန်လာဖို့ မြပို မျှော်နေတယ်နော်။

.............................................

တဆစ်ဆစ်ကိုက်ခဲနေသော ခါးနှင့် ဆီးစပ်ကြောင့် မြပိုတစ်ယောက် ထိုင်ရမလို၊ ထရမလို။ အမေက မြပိုဖြစ်နေတာကိုမသိပေ။ မျက်စိမှုန်သောအမေက အိမ်ဝမှာ ဆန်ပြာနေတာမို့ အိမ်ထဲမှာ လှုပ်ရှားနေသော မြပိုကိုအမေသတိမထားမိတာ မဆန်း။

" ခွမ်း "

တိုက်ချလိုက်မိသော ခွက်ကလေးကြောင့် အမေက လှည့်ကြည့်လာ၏။ ထမင်းစားပွဲကိုလက်ထောက်ကာ ကုန်းကုန်းကြီးရပ်နေသော မြပိုကိုမြင်တော့ အမေက ကူပါလာပါ ဟစ်အော်၏။

လွမ်းပို(Completed)Where stories live. Discover now